မင်းဘူး-စကုမြို့နယ်နိဗ္ဗာန်ကျွန်းကျေးရွာ ရေကာတာဆောက်လုပ်ရာ၌ ဒေသခံများနစ်နာမှုများ အား ညှိုနှိုင်းပေးမည်

မင်းဘူး-စကုမြို့နယ်နိဗ္ဗာန်ကျွန်းကျေးရွာ ရေကာတာဆောက်လုပ်ရာ၌ ဒေသခံများနစ်နာမှုများ အား ညှိုနှိုင်းပေးမည်

မင်းဘူး ၊ မတ် ၁၈ ။           ။ မင်းဘူး-စကုမြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာ ရေကာတာဆောက်လုပ်ရာတွင် ကျေးရွာဒေသခံများအတွက် နစ်နာမှုများအား ညှိုနှိုင်းပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဇော်လွင် ကပြောသည်။

တိုင်းဦးစီးမှူးဦးဇော်လွင်က  " ရေကာတာစီမံကိန်းအတွက် ကျေးရွာကပဲ လိုလိုလားလား လမ်းလည်း ဖောက်ပေးတယ်။ ဝိုင်းလည်း လုပ်ပေးကြပါတယ်။လုပ်ခအပြည့်အဝမရဘူးဆိုသူတွေကလည်း တင်ဒါရသူဆီက ကျောက်တွေကို ရေထဲလိုင်းကို စက်လှေနဲ့ ကဲ့ယူတဲ့ အခါ ကျွန်တော်တို့က ကား ၃ ကျင်းကို စက်လှေ ၃ ကျင်းကို သူတို့က ကျောက်ကို ဖွတင်တဲ့အခါ ၄ ကျင်းခွဲ ၅ ကျင်းဖြစ်သွားတယ်။သူတို့က ပိုလိုချင်လို့ ဒီပြသနာဖြစ်တာပါ။သီးနှံလျော်ကြေးကိစ္စကတော့ အစပိုင်းမှာ ပြေလည်ပြီးသားပါ။ ကျွန်တော်တို့ ထပ်မံညှိနှိုင်းဦးမှာပါ။"ဟု ပြောပြသည်။

နှစ်စဉ် ဧရာဝတီမြစ်ရေတိုက်စားခြင်းခံရပြီး၊မြစ်ကမ်းပါးပြိုုမှုကြောင့် စိုက်ပျိုုးမြေများဆုံးရှုံးခြင်းနှင့် နေအိမ်များ မကြာခဏ ပြောင်းရွှေ့ နေရသော နိဗ္ဗာန်ကျွန်းကျေးရွာတွင်   ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရေကာတာ ဆောက်လုပ်ပေးနေသော်လည်း စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာဒေသခံများအား အသိပေးရှင်းလင်းခြင်း မရှိသည့်အပြင် ကျောက်ကားကြီးများဖြတ်သန်းသွားလာမှုကြောင့် ရွာလမ်း များနှင့် စိုက်ပျိုးမြေပျက်စီးခြင်းများလည်း ကြုံတွေ့နေရသည်ဟုဒေသခံများက ဝေဖန်သည်။

" ရေကာတာစီမံကိန်းအတွက် ကျောက်ကားတွေ အဝင်အထွက်များတော့ ရွာအဝင်လမ်းတွေ၊ တံတားတွေ ပျက်တယ်။ စိုက်ပျိုးမြေထဲ ကားတွေဖြတ်မောင်းတော့ သီးနှံတွေ ပျက်စီးတယ်။" ဟု နိဗ္ဗာန်ကျွန်းကျေးရွာဒေသခံ ဦးသန်းထွန်းက ပြောသည်။

အဆိုပါရေကာတာစီမံကိန်းတွင် နေ့စား၊ ပုတ်ပြတ်ဖြင့် ဝင်ရောက်အလုပ် လုပ်ကိုင်သူအချို့မှာလည်း လုပ်အားခပြည့်ဝစွာမရခြင်း နှင့် စိုက်ပျိုုးမြေထဲ ကားများဖြတ်မောင်း၍ သီးနှံပျက်စီး ဆုံးရှုံးခြင်းအတွက်  တောင်သူတစ်ဦး လျှင် ကျပ်ငွေ ၅၀၀၀ သာပေးလျှော်၍ မကျေနပ်သူများလည်းရှိနေကြောင်း ၎င်းကဆိုသည်။

နိဗ္ဗာန်ကျွန်းရေကာတာဆောက်လုပ်ခြင်း လုပ်ငန်းတင်ဒါရယူလုပ်ကိုင်နေသူ ဦးစံမြင့်က - "စိုက်ပျိုးသီးနှံတွေ ပျက်ဆီးဆုံးရှုံးမှု အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီး၊တောင်သူ ၂၀ ကျော်အတွက် ကျပ်ငွေ တစ်သိန်းခွဲပေးခဲ့တယ်။ယူတဲ့လူတွေလည်း ရှိ တယ်။ ကျွန်တော်ပေးခဲ့တဲ့ လျော်ကြေးငွေက သူ့ဘက်ကိုယ့်ဘက် မျှတပါတယ်။ ဒီစီမံကိန်းက ကျေးရွာအတွက် တစ်ကယ်အကျိုးရှိ တာ သိတဲ့သူတွေက ကျေနပ်ကြပါတယ်။" - ဟု ပြောသည်။

မကွေးတိုင်းအတွင်း ကျပ်ငွေ ၄ ဘီလီယံအကုန်ကျခံ၍ ရေကာတာ ၁၅ ခုတည်ဆောက်လျှက်ရှိပြီး၊(၁၂)ခုအပြီးသတ် ဆောက် လုပ်ပြီးဖြစ်ကြောင်း၊အဆိုပါ နိဗ္ဗာန်ကျွန်းရေကာတာသည် တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ကျပ်ငွေ ၅၂၀ သန်းအကုန်ကျခံ၍ အရှည် ပေ ၁၅၀၀နှင့် အရှည် ပေ ၁၀၅၀ ရေကာတာ၂ ခုကို မတ်လကုန်အမီ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly