ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင် ဒေါ့တ်မွန်အသင်းနှင့် မတွေ့ဆုံလိုဟု ဂျာဂင်ကလော့ပ်ပြော

ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင် ဒေါ့တ်မွန်အသင်းနှင့် မတွေ့ဆုံလိုဟု ဂျာဂင်ကလော့ပ်ပြော

မတ် ၁၈၊ အင်္ဂလန် ။        ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့ပ်က ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ၎င်း၏အသင်းဟောင်း ဒေ့ါတ်မွန်အသင်းနှင့် မတွေ့ဆုံလိုကြောင်း ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းသည် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ၁-၁ သရေ ကစားခဲ့ပြီးနောက် နှစ်ကျော့ပေါင်း ၃-၁ ရလဒ်ဖြင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ထိုပွဲစဉ်တွင် မန်ယူအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး မာရှယ်က ပွဲချိန် ၃၂ မိနစ်၌ ပင်နယ်တီမှ တစ်ဆင့်သွင်းယူပေးခဲ့ပြီး လီဗာပူးလ်အတွက် ချေပဂိုးကို ကော်တင်ဟိုက ပွဲချိန် ၄၅ မိနစ်တွင် သွင်းယူပေးခဲ့သည်။

'ဒေါ့တ်မွန်အသင်းနဲ့ မတွေ့ချင်ပါဘူး။ ဒီပြိုင်ပွဲရဲ့ အတောင့်တင်းဆုံးအသင်းတစ်သင်းနဲ့ ဘာကြောင့် တွေ့ချင်ရမှာလဲ။ ကျွန်တော် နောက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒေ့ါတ်မွန်နဲ့တွေ့ရမယ်ဆိုရင်လည်း   နိုင်အောင် ကြိုးစားမှာပါ။ အသေအချာပြောရဲပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်တွေက မလွယ်ကူပါဘူး။ ဘယ်သူနဲ့တွေ့ရမယ်ဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်အသင်းကိုယ် အကောင်းဆုံးပြင်ဆင်ထားရမှာပါ' ဟု ဂျာဂင်ကလော့ပ်က ပြောသည်။

မန်ယူနှင့် ပွဲစဉ်တွင် ခြေစွမ်းပြကစားပြီး တစ်ကိုယ်တော်အစွမ်းဖြင့် ချေပဂိုးသွင်းယူပေးခဲ့သော ကော်တင်ဟိုကို လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ချီးကျူးပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly