“ လျှပ်စစ် ဘယ်က ရမလဲ၊ အင်န်အယ်လ်ဒီ အစိုးရကို ခေါင်းကိုက်စေမယ့် ပြဿနာ ”

“ လျှပ်စစ် ဘယ်က ရမလဲ၊ အင်န်အယ်လ်ဒီ အစိုးရကို ခေါင်းကိုက်စေမယ့် ပြဿနာ ”
ဓာတ်ပုံ-KSDP

 ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးကို မြန်မာနိုင်ငံထဲက ဒေသခံ ပြည်သူတွေ သိပ်မသိ၊ သိပ်မရင်းနှီးကြပါဘူး။ ဒါပေမယ့်လည်း အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေ ကျေးဇူးနဲ့ နိုင်ငံတကာနေ့တွေကို သိလာကြပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ အကူအညီနဲ့ အထိမ်းအမှတ်နေ့တွေကိုလည်း ကျင်းပနေကြပါပြီ။ ဒါကြောင့် မတ်လ ၁၄ ရက်နေ့တုန်းက အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ကို ကချင်ပြည်နယ်က မေခနဲ့ မလိခ မြစ်နှစ် သွယ် ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံမှာ အခန်းအနားတွေ ကျင်းပ၊ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ဖို့ ဆန္ဒ ထုတ်ဖော်ပွဲတွေကိုပါ လုပ်ခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်း အား အလွန်အမင်း လိုအပ်နေတဲ့ တိုင်းပြည်တစ်ပြည်ပါ။ ဒီလို ကြီးမားတဲ့ အခက်အခဲ ပြဿနာကို နောင်တက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အဲဒီနေ့က အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို ဧရာဝတီ မြစ်ဆုံစီမံကိန်း ကြောင့် တန်ဖရဲ၊ လဖျဲ့ကထောင်၊ မလိယန်၊ မြစ်ဆုံစတဲ့ ကျေးရွာတွေကနေ   အောင်မြင်သာကျေးရွာမှာ   ပြောင်းရွှေ့နေထိုင်နေရတဲ့ ဒေသခံရွာသားတွေ စုပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန်က ဒေသခံအားလုံးကိုယ်စား ခုလို တောင်းဆိုပါတယ်။

   "NLD အစိုးရကလည်း ဒီမြစ်ဆုံစီမံကိန်းကို၊ မြစ်ဆုံနားမှာ ဆောက်တဲ့စီမံကိန်းကို ပြည်သူလူထု ကန့်ကွက်တယ်တဲ့၊ မြစ်ဆုံမှာမလုပ်ဘဲနဲ့ တခြားနေရာမှ လုပ်မယ်ဆိုပြီး အဲ့လိုသတင်းကြားရတယ်၊ ကျမတို့ ဒေသခံတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေလည်း မရှိဘူး၊ ကျမတို့ကတော့ ရေကာတာကို လုံးဝ ကန့်ကွက်တယ်၊ မလုပ်စေချင်ပါဘူး၊ ကျမတို့ရဲ့ မေခ၊ မလိခအထက်မှာရော ဧရာဝတီရဲ့ အထက်မှာ ရော သန့်သန့်ရှင်းရှင်းပဲ ဧရာဝတီနဲ့ မေခ၊ မလိခ မြစ်ချောင်းတွေအားလုံးကို သဘာဝအတိုင်းပဲ စီးဆင်း စေလိုပါတယ်၊ ကျမတို့က မြစ်ဆုံစီမံကိန်းကိုသာမက အခြားစီမံကိန်းကိုလည်း ကန့်ကွက်နေပါတယ်" ဆိုပြီး ပြောပါတယ်။

သူပြောတဲ့အထဲမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ တာဝန်ရှိသူ တစ်ယောက် ပြောတာကို ရည်ညွှန်းတာလည်း ပါပါတယ်။ အင်န်အယ်လ်ဒီ ပြောခွင့်ရ ဦးဟန်သာမြင့်က ဒေါ်အောင် ဆန်းစုကြည် ပြောခဲ့သလို၊ မြစ်ဆုံ စီမံကိန်းကို ပြန်ပြီး ဆန်းစစ်မယ်၊ တကယ်လို့ မြစ်ဆုံမှာ ရေအား လျှပ်စစ် မလုပ်ရရင်လည်း အခြား နေရာတွေ ရှိသေးတယ်၊ စဉ်းစားနိုင်တယ် ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမယ့် သိတဲ့အတိုင်း အဲဒီပွဲမှာတော့ ဧရာဝတီ မြစ်ဆုံမှာရော၊ မေခ မြစ်ပေါ်မှာရော၊ မလိခ မြစ်မှာပါ ဘာ ရေကာတာ စီမံကိန်း ဘာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးမှ လာမလုပ်နဲ့ဆိုတဲ့ အသံတွေက ပလူပျံနေပါတယ်။

ဒါတင် မကသေးပါဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ၊ ဒေသခံ ဆိုသူတွေက သံလွင်မြစ်ပေါ်မှာ ရေကာတာတွေ ဆောက်ပြီး ရေအားကနေ လျှပ်စစ်ဓာတ် ထုတ်ယူမှာကိုလည်း အကြီးအကျယ် ကန့်ကွက်နေကြပါတယ်။ လက်ရှိ အချိန်ထိ ဦးသိန်းစိန် အစိုးရကလည်း သံလွင်မြစ် ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုမှ မစရသေးပါဘူး။ အလားတူပါပဲ။ ကုမ္ပဏီ တစ်ချို့က မွန်ပြည် နယ်၊ ရေးမြို့နယ် အံဒင်၊ တနင်္သာရီတိုင်း ထားဝယ်၊ ရန်ကုန်တိုင်း လက်ခုပ်ကုန်းတွေမှာ ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ထောင်ဖို့ အစိုးရဆီ တင်ပြကြပါတယ်။ ဒီ စီမံကိန်း တွေ အားလုံးကိုလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ၊ ဒေသခံတွေ ကန့်ကွက်ကြပါတယ်။ ဆိုတော့ မေးစရာ ရှိလာပါတယ်။ လက်ရှိအခြေအနေ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ဘယ်လောက် ရနေပြီလဲ၊ ဘယ်က ရနေသလဲ၊ ဘယ်လောက် လိုနေသေးသလဲ ဆိုတာပါ။

ပြောရရင် အရင် စစ်အာဏာရှင်တွေဟာ အတော်ဆိုးတဲ့သူတွေပါ။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုး တက်အောင် လုပ်ပေးနိုင်ဖို့ ဝေးလို့ ရေနဲ့ လျှပ်စစ်ဓာတ်အား ရအောင်တောင် လုပ်မပေးခဲ့ကြပါဘူး။ ဒီအချက်ကိုသိလို့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာချိန် လျှပ်စစ်ဓာတ်အား ရရှိရေး သူတို့ တတ်နိုင်သလောက် အသည်းအသန် လုပ်ခဲ့ပါတယ်။ ဒါတောင် လက်ရှိ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ပေါင်း ၁၁ သန်းနီးပါး ရှိတဲ့အနက် ၃ သန်းကျော်ကျော်ပဲ လျှပ်စစ်ဓာတ်အား သုံးနိုင်ပါသေးတယ်။ ခေတ်သစ် ကမ္ဘာကြီးမှာ အမှောင်ချခံရတဲ့ တိုင်းပြည်လို့တောင် မှတ်ယူနိုင်ပါတယ်။ နိုင်ငံတစ်ဝှမ်း ကျေးရွာ ၆ သောင်းကျော်ရှိရာမှာ ၂ သောင်းကျော်လောက်ပဲ မီးလင်းပါတယ်။ လက်ရှိ အချိန်ထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စက်တပ်ဆင်အား မဂ္ဂါဝပ် ၅၀၀၀ ကျော်ပဲ ရှိနေတာပါ။ လျှပ်စစ်ထုတ် လုပ်မှု ပုံသဏ္ဍာန်ကို ကြည့်ရင် ရေအားလျှပ်စစ်က ၆၀ ရာခိုင်နှုန်းကျော်၊ သဘာဝဓာတ်ငွေ့က ၃၀ ရာခိုင်နှုန်းကျော်နဲ့ ကျောက်မီးသွေးက ၃ ရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ်ပါတယ်။

တွက်ချက်မှုတွေအရ မြန်မာတစ်နိုင်ငံလုံး မီးလင်းဖို့ ဆိုရင် ၂၀၃၀ ခုနှစ် အရောက်မှာ စက်တပ် ဆင်အား မဂ္ဂါဝပ် ၂၃၀၀၀ ကျော် လိုမယ်လို့ ဆိုပါတယ်။ လက်ရှိ တပ်ဆင်အားရဲ့ ၆၀၀ ရာခိုင်နှုန်း ကျော်၊ တစ်နည်း ၆ ဆကျော်ပါ။ အဲဒီလောက် ပြည့်မီဖို့ဆိုတာ လွယ်လွယ်ကူကူ လုပ်လို့ရတာ မဟုတ် ပါဘူး။ နောက်ထပ် အရေးကြီးတာက လျှပ်စစ်ဓာတ်အားကို ရေကပဲ ထုတ်ထုတ်၊ သဘာဝဓာတ်ငွေ့က ပဲ ထုတ်ထုတ်၊ ကျောက်မီးသွေးကပဲ ထုတ်ထုတ် အရင်းအနှီး လိုပါတယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံ၊ အရင်းအနှီးမရှိတဲ့ နိုင်ငံဆိုတော့ ပိုပြီး အခက်တွေ့စေပါတယ်။

ခုဆို တစ်တိုင်းပြည်လုံး မီးလင်းရေးတင်မက၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ သီလဝါ အထူးစီးပွားရေးဇုံ၊ ထားဝယ် အထူးစီးပွားရေးဇုံ၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုံလိုမျိုးအတွက် လျှပ်စစ် ဓာတ်အားတွေ အများကြီး လိုနေပါတယ်။ နောင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် ဒီထက် လိုလာ ပါဦးမယ်။ ဒီလျှပ်စစ်တွေ ဘယ်က ရမှာပါလဲ။ ရေကာတာတွေလဲ မဆောက်နဲ့၊ ရေအားကနေ လျှပ်စစ် မထုတ်နဲ့၊ ကျောက်မီးသွေးကိုလည်း မသုံးနဲ့ဆိုတဲ့ အနေအထားအောက်မှာ လျှပ်စစ်ကို ဘယ်က ထုတ်ယူရမှာပါလဲ။ သဘာဝဓာတ်ငွေ့ကနေပဲ ထုတ်ယူမယ် ဆိုတာကလည်း မဖြစ်နိုင်သလို၊ ကမ္ဘာမှာ လည်း မရှိပါဘူး။ နေစွမ်းအင် လေစွမ်းအင် ဆိုတာကလည်း ချမ်းသာတဲ့ နိုင်ငံတွေကသာ တတ်နိုင်ပြီး မြန်မာနိုင်ငံအတွက်ကတော့ စိတ်ကူးယဉ်တာလောက် ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အခြေအနေ အောက်မှာ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး ပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အ ယ်လ်ဒီ အကြီးအကျယ် ခေါင်းကိုက်ရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly