ရွေးကောက်ခံမြန်မာသမ္မတသစ်ဦးထင်ကျော် ထံ စင်္ကာပူသမ္မတနှင့် ၀န်ကြီးချုပ်တို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

ရွေးကောက်ခံမြန်မာသမ္မတသစ်ဦးထင်ကျော် ထံ စင်္ကာပူသမ္မတနှင့် ၀န်ကြီးချုပ်တို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

ရန်ကုန် မတ်၊ ၁၇  ။              ။ ရွေးကောက်ခံမြန်မာသမ္မတသစ် ဦးထင်ကျော်ကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်များက ဂုဏ်ပြုစကားများအသီးသီးပြောကြား လျှက်ရှိရာ စင်္ကာပူသမ္မတနှင့် ဝန်ကြီးချုပ်တို့ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ယမန်နေ့က ရက်စွဲဖြင့် စင်္ကာပူသမ္မတ တိုနီတန် က ဦးထင်ကျော်ထံဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ မြန်မာသမ္မတအဖြစ်ရွေးကောက်ခံရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ စင်္ကာပူ နှင့်မြန်မာနိုင်ငံမှာ ကဏ္ဍအသီးသီးတွင် ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်လာခဲ့သည်မှာ ကာလရှည်ကြာရှိလာခဲ့ပြီဖြစ်ပြီး လာမည့်ဧပြီလဆိုလျှင် သံတမန်ဆက်ဆံရေး ထူထောင်သည်မှာ နှစ်ပေါင်း ၅၀ ပင်ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ရပ်မှနေ၍ ဆက်လက်ပြီး နှစ်နိုင်ငံအကြား ကဏ္ဍအသစ်များ တွင်ပင် ခိုင်မာအားကောင်းသည့် ဆက်ဆံရေးများ ဆက်လက်ထူထောင်သွားနိုင် လိမ့်မည်မှာ   သေချာကြောင်းလည်း သမ္မတတိုနီတန်က ၎င်း၏သဝဏ်လွှာတွင်ရေးသားထားသည်။

ထို့ပြင် ဦးထင်ကျော်အနေဖြင့် သမ္မတတာဝန်များကို အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်ပါစေကြောင်း တိုနီတန်က ဆုမွန်ကောင်းတောင်းထားသည့်အပြင် ဇနီးဖြစ်သူ ဒေါ်စုစုလွင်နှင့်အတူ စင်္ကာပူနိုင်ငံသို့ အလည်အပတ်လာရောက်ရန် လည်း ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။

ထို့အတူ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကလည်း ဦးထင်ကျော်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပေးပို့ခဲ့ရာ သမ္မတအဖြစ် ရွေးကောက်ခံရသည့်အပေါ် စင်္ကာပူအစိုးရ အဖွဲ့ကိုယ်စား ဂုဏ်ပြုလိုကြောင်း ၊ စင်္ကာပူ နှင့် မြန်မာမှာ ပညာရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍအသီးသီးတွင် အကောင်းဆုံးပူးပေါင်းလုပ်ဆောင်လျှက်ရှိသည့် မိတ်ဆွေဟောင်း နိုင်ငံများဖြစ်ကြောင်း၊ ရှေ့လျှောက်လည်း အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ အောင်မြင်ပါစေကြောင်း နှင့် မကြာမီတွေ့ခွင့်ရမည်ဟု   မျှော်လင့်ပါကြောင်း ရေးသားဖော်ပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly