ပဲတီစိမ်း နိုင်ငံခြားဝယ်လက် အဆွဲနည်း၍ စျေးကွက်အေး

ပဲတီစိမ်း နိုင်ငံခြားဝယ်လက် အဆွဲနည်း၍ စျေးကွက်အေး

ရန်ကုန်၊ မတ် ၁၇ ။        ။ မတ်ပဲနဲ့ ပဲစဉ်းငုံကဈေးကောင်းတွေ အသီးသီးရရှိနေပေမယ့် ပဲတီစိမ်းကို ပြည်ပတင်ပို့တဲ့ အခြေအနေကတော့ မျက်နှာပန်းမလှဖြစ်နေပါတယ်။

 ပြည်ပတင်ပို့ရာမှာ ဝယ်ယူနေကျတဲ့နိုင်ငံတွေက မှာယူတာတွေကနည်းလာတာကြောင့်လို့ တော့ ပဲလုပ်ငန်းရှင်တွေဘက်ကပြောပါတယ်။

"အဓိကကထိုင်ဝမ်ပေါ့နော်၊ ထိုင်ဝမ်မှာက ဘယ်လိုဖြစ်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ကသွားတဲ့ပဲတွေထဲ မှာဓာတ်ကြွင်း၊ ဓာတ်ကျန် ကျန်နေတယ်။ ဒါကိုသူတို့ကလည်းပြောတာ   နှစ်နှစ်သုံးနှစ်ရှိနေပြီ၊ ဒီနှစ်တော့ လုံးဝကိုမဝယ်တော့ဘူး။"ဟု ပဲလုပ်ငန်းရှင် ဒေါက်တာကျော်ဝင်း ကပြောပါတယ်။

ထိုင်ဝမ်က  တခြားနိုင်ငံတွေကို ပြန်လည်တင်ပို့တာဖြစ်တဲ့အတွက် ဒီနှစ်မှာတော့ မပို့ခင်စစ်ကြည့်လိုက်တဲ့အခါမှာလည်း ဓာတ်ကြွင်းတွေတွေ့ရတာကြောင့် မဝယ်တော့တာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

ပဲတီစိမ်းဈေးကွက်ဆိုရင်လည်း ထိုင်ဝမ်ဈေးကွက်ကို အဓိကရည်ရွယ်တာဖြစ်တာကြောင့် ထိုင်ဝမ်ဈေးကွက်မရှိတော့ ဘူးဆိုရင် ပဲစိုက်တောင်သူတွေအတွက် အခက်အခဲကိုရင်ဆိုင်ရဖို့ ရှိနေပါတယ်။ဒါကြောင့် အရည်အသွေးကို ထိန်းသိမ်းဖို့လည်းလိုအပ်လာနေပါတယ်။

" နိုင်ငံခြား ဝယ်လက်အားပျော့တဲ့အတွက်ကြောင့်လည်း နည်းနည်းအေးသွားတယ်။" ပဲအကျိုးတော်ဆောင် ဦးခင်မောင်သန်းက ပြောသည်။

ပုံမှန်ဝယ်ယူနေကျဖြစ်တဲ့ ထိုင်ဝမ်အပြင် အင်ဒိုနီးရှားကမှာယူမှုတွေ မရှိသေးပေမယ့် ဥရောပနဲ့ ဂျပန်နိုင်ငံတွေကတော့ အရည်အသွေးစစ်ဆေးပြီးမှာယူ လာနေတာတွေ ရှိလာနေပါပြီ။

"အီးယူကတော့ ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီနဲ့ ချိတ်ပြီးတော့ ဝယ်ယူပါတယ်၊ ကျွန်တော်တို့ သွင်းနေတဲ့ကုမ္ပဏီက လည်းအီးယူကိုပို့ပါတယ်။ အီးယူကကွာလတီကိုစစ်တယ်၊ ကွာလတီကောင်းရင်ဈေးပေးတယ် ဒါပေမယ့် ဒီနှစ်ကပဲကွာလတီက ခါတိုင်းနဲ့စာရင် ကွာလတီနှိမ့်တယ် ကျွန်တော်တို့ ပဲပေါ်ခါစမှာမိုးရွာလိုက်လို့ ကွာလတီနည်းနည်းနှိမ့်တဲ့အတွက်ကြောင့် အီယူတစ်မျိုးဘဲဝယ်သေးတယ် ကျွန်တော် တရုတ်ပေါ့ မူဆည်လမ်းကတရုတ်ကဝယ်တယ် အိန္ဒိယတို့ ကိုရီးယားတို့ ထိုင်ဝမ်တို့ ဂျပန်တို့ အရှေတောင်အာရှ အင်ဒိုနီးရှားတို့ကပဲမဝယ်သေးပါဘူး။ အဲဒါတွေစုံပြီးဝယ်ရင်တော့ ပဲဈေးက ပြန်ကောင်းလာမှာပါ။"ဟု ပွဲရုံလုပ်ငန်းရှင် ဦးချန်စိန် ကပြောပါတယ်။

ပဲတီစိမ်းအနေနဲ့ ရာသီဥတုဖောက်ပြန်တာကြောင့်နဲ့ ပိုးသတ်ဆေးတွေကို အသုံးပြုတဲ့နေရာမှာ မမှန်ကန်တဲ့ဆေး တွေကိုသုံးစွဲမိတာကြောင့် အရည်အသွေးထိခိုက်တာတွေဖြစ်ရတယ် လို့ တော့ ပဲလုပ်ငန်းရှင်တွေက သုံးသပ်ကြ ပါတယ်။ လက်ရှိအချိန်မှာလည်း ပဲတင်ပို့သူတွေအနေနဲ့  ဥရောပကို ပဲတီစိမ်း အရင်ထက်ကို နှစ်ဆပိုပြီးတင်ပို့သွား ဖို့လည်းရှိနေပါတယ်။

ဈေးကွက်အတွင်းမှာတော့ ပဲတီစိမ်းပေါ်ချိန်မှာပိသဿ (၆၀)ကိုတစ်သိန်းသုံးသောင်း ကျော်အထိပေါက်ဈေးရှိခဲ့ပြီး လက်ရှိမှာတော့ တစ်သိန်းဝန်းကျင်သာရှိတော့တယ်လို့   ဈေးကွက်အတွင်းက သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly