ရေလွှမ်းမိုးခံရသည့်ဒေသများ နာလံထူရန်လိုအပ်နေသေး

ရေလွှမ်းမိုးခံရသည့်ဒေသများ နာလံထူရန်လိုအပ်နေသေး
ဓာတ်ပုံ-CFSAM

ရန်ကုန်၊ မတ် ၁၇ ။           ။ ဆိုင်ကလုန်းကိုမင်ကြောင့်  မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးခံရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ခုနှစ်လကျော်အကြာသည့်အထိ  လူ့အဖွဲ့အစည်းများမှာ အစားအစာမလုံလောက်မှု အခြေအနေမြင့်မားမှုဒဏ်ကို ခံစားနေရဆဲဖြစ်သည်ဟု ယနေ့ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

 ယင်းဒေသရှိ ပြည်သူများမှာ လာမည့်လများတွင် အစားအစားဆိုးဆိုးဝါးဝါးပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်ပြီး ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေသည်ဟု အစီရင်ခံစာက သတိပေးထားသည်။

ရေလျှံမှုကြောင့် အာဟာရချို့တဲ့သည့် ကလေးအများဆုံးရှိနေသည့် ရခိုင်နှင့် ချင်းပြည်နယ်များတွင် အာဟာရချို့တဲ့မှုမှာ ပိုမိုဆိုးဝါးလာခဲ့ကြောင်း၊ရေရှည်တွင် ပြန်လည်ကောင်းမွန်လာမှုရှိစေရန် ယင်းဒေသများတွင် သက်မွေးမှုဘဝကို ပြန်လည်တည်ဆောက်ရန် နောက်ထပ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

ဆန်စပါးရရှိနိုင်မှုကောင်းစွာလည်ပတ်နေသော ဈေးကွက်အခြေအနေအရ အကူအညီပေးရာတွင် အစားအစာဝယ်ယူရေးအတွက် ငွေသားပေးကမ်းခြင်းက သင့်တော်ကြောင်း အစီရင်ခံစာက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ နိုဝင်ဘာ-ဒီဇင်ဘာလက ပြုလုပ်ခဲ့သော စိုက်ပျိုးသီးနှံနှင့် အစားအစာဖူလုံရေးအကဲဖြတ်မစ်ရှင်(CFSAM)ပေါ်တွင် အခြေခံ၍ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့က ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရေကြီးခြင်းများကြောင့် ကနဦးက သီးနှံများ အထူးသဖြင့် စပါး ဆုံးရှုံးမှု ဆိုးဝါးစွာဖြစ်ပွားခဲ့သော်လည်း ရေပြန်ကျသည်နှင့် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။

၂၀၁၅ခုနှစ်အတွက် အမျိုးသားဆန်စပါးထုတ်လုပ်မှုမှာ ၂၀၁၄ အောက် ၃ရာခိုင်နှုန်းကျကာ လွန်ခဲ့သည့် သုံးနှစ်၏ ပျမ်းမျှထက် ၂ ရာခိုင်နှုန်းလျော့ကျမည်ဟု CFSAM ကခန့်မှန်းသည်

သီးနှံများအပေါ် ရေလျှံမှုကြောင့် ထိခိုက်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အကန့်အသတ်ရှိသော်လည်း အဆိုးဝါးဆုံးထိခိုက်ခံရသည့် တိုင်းဒေသကြီး၊ပြည်နယ်များ အထူးသဖြင့် ချင်းနှင့် ရခိုင်ပြည်နယ်တို့၏ ဆန်စပါးထုတ်လုပ်မှုမှာ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျရန်ရှိပြီး အစားအစာရရှိမှုကျဉ်းမြောင်းလာသကဲ့သို့ စားကုန်ဈေးနှုန်းများလည်း တက်စေသည်။

ပျက်စီးသွားသည့် ပုဇွန်ကန်ဧရိယာ ဟက်တာ၂၃,၀၀၀ အပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းမှ မြင့်မားသည့် ဆုံးရှုံးမှုများမှာ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ဆိုင်ကလုန်းဒဏ်အဆိုးဝါးဆုံးခံရသော ဒေသများတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သီးနှံမျိုးစေ့များပေးခြင်း၊ မွေးမြူရေးလုပ်ငန်းများထူထောင်ပေးခြင်း၊ ငါးဖမ်းလှေနှင့် ကိရိယာများ တည်ဆောက်ထောက်ပံ့ပေးခြင်းနှင့် ငါး၊ပုဇွန်ကန်များ ပြန်လည်ထူထောင်ပေးခြင်းတို့မှ တဆင့် အသက်မွေးမှုလုပ်ငန်းများ အဆောတလျင်ပြန်လည် ထူထောင်ပေးခြင်းအပြင် အနာဂတ် အရေးပေါ်အခြေအနေများကို လယ်သမားများနှင့် လူ့အသိုင်းအဝိုင်းက ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကာလရှည်ကြားဝင်ဆောင်ရွက်ပေးရေး စူးစိုက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံရှိ FAO ကိုယ်စားလှယ် ဘူအီသီလန်က ပြောသည်။

လာမည့်လများတွင် နေရပ်ဒေသတွင်း အားနည်းချက်များစွာရှိနေသည့် ပြည်သူများ အစားအစာပြတ်လပ်မှု ရှောင်ရှားနိုင်ရန် အသက်မွေးလုပ်ငန်းများပြန်စနိုင်ရေး ငွေကြေးအကူအညီလိုအပ်ချက်ကို WFP ဋ္ဌာနေကိုယ်စားလှယ်နှင့် နိုင်ငံလုံးဆိုင်ရာ ညွန်ကြားရေးမှူး မစ္စတာ ဒိုမေနီကိုစကယ်လ်ပယ်လီက အလေးအနက် ပြောကြားခဲ့သည်။

WFP သည် မြန်မာနိုင်ငံရှိ အစားအစာလိုအပ်ချက်အားလုံး ၂၀၁၆ခုနှစ်ကုန်အထိ ဖြည့်ဆည်းနိုင်ရေး အမေရိကန်ဒေါ်လာ ၄၇ သန်း လိုအပ်နေပြီး၂၀၁၆ တွင် FAO သည် ရေးလွှမ်းဒဏ်ခံရသည့် လူ ၃၃၂,၇၅၀ဦး၏ စိုက်ပျိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသည်။

 ယနေ့အချိန်အထိ မြန်မာရှိ FAO ၏ကြံ့ကြံ့ခံနိုင်ရေးအစီအစဉ်က ဘဏ္ဍာရေးအရင်းအမြစ်များကို ရရှိထားပြီး အဆိုးဝါးဆုံးဒဏ်ခံရသည့် ရခိုင်၊ ချင်းနှင့် စစ်ကိုင်းဒေသများရှိ လယ်သမားနှင့် ရေလုပ်သား ၁၅၀,၀၀၀ ဝန်းကျင်သို့ အကူအညီများ ပေးအပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly