တစ်ရက်မှာ ထမင်းတစ်နပ်သာစား ရုန်းကန်ရင်းက နိုင်ငံသိအဆိုတော်ဖြစ်လာတဲ့ ကေတုဝင်းထွဋ်

တစ်ရက်မှာ ထမင်းတစ်နပ်သာစား ရုန်းကန်ရင်းက နိုင်ငံသိအဆိုတော်ဖြစ်လာတဲ့ ကေတုဝင်းထွဋ်

မြန်မာသံစဉ် တေးလောကမှာ “ရွှေတိဂုံကိုမြင်ရင်” “နေရာတိုင်းမှာ သူ့မျက်နှာ” စတဲ့ မြန်မာသံစဉ်သီချင်းများနဲ့ အောင်မြင်ကျော်ကြားလာခဲ့တဲ့ အဆိုတော် တစ်ဦးကတော့ ကေတုဝင်းထွဋ် ဖြစ်ပါတယ်။

သူဟာ မြန်မာ့အသံ ရေဒီယို ခေတ်ဦးကတည်းက ဓာတ်ပြားရ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့အချိန်ထိ မြန်မာလူမျိုးတို့ရဲ့ အသည်းနှလုံးလို့ ဆိုရမယ့် မြန်မာနိုင်ငံတော် သီချင်းကိုလည်း သီဆိုခဲ့သူ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ အားပေးတဲ့ အဆိုတော် တစ်ဦးဖြစ်လာဖို့အတွက် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို အဆိုတော် ကေတုဝင်းထွဋ်က အခုလို စတင်ရှင်းပြပါတယ်။

မျိုးရိုးရယ်ကတော့ ရှိတယ်လည်းပြောလို့ရတယ်။ မရှိဘူးလည်း ပြောလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ဦးရဲ့ အဖိုးပေါ့။ အဖိုးကနယ်ကလေ ဆိုင်းဆရာကြီးပေါ့။ အဲဒီဆိုင်းမျိုးနွယ်လေး အဖိုးပေါ့ အမေရဲ့ အဖေ အဲတာလေးတော့ ရှိတယ်။ သူ့ကို မမီခဲ့ရဘူး။ မြင်တောင် မမြင်ဖူးခဲ့ဘူး။  ဒါပေမယ်လို့ အဓိကပြောချင်တာကတော့ ဦးရဲ့ ဝါသနာပေါ့ အင်မတန်ဝါသနာကြီးတဲ့ စိတ်ဆောင်အားတွေကြောင့်လို့ပဲ ဦးက အမည်တပ်ချင်တယ်။

ဆိုတော့ ဦးအနေက အစက ဦးပြောသလိုဆိုရင် နယ်မှာ ဦးက ကြီးပြင်းခဲ့ရတယ်လေ။ နယ်မှာ ဦးနေခဲ့ရာကမှ ဒီအနုပညာလုပ်ငန်းကိုလုပ်ဖို့အတွက် ရန်ကုန်ကို ရောက်လာတယ်ဆိုတော့ ဦးအနေနဲ့ အဲဒီအချိန်ခါတုန်းက ဘာကြောင့်မို့လို ရန်ကုန်လာခဲ့ဖို့ စဉ်းစားဖြစ်ခဲ့တာလဲ။ ဘယ်အရွယ်လောက်ကနေ ရန်ကုန်ကိုလာဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ဦးတို့နိုင်ငံ ဦးတို့ လူမျိုးက ရောင့်ရဲတတ်တယ်ဆိုတဲ့ စိတ်ကလေးတွေ ရှိကြတယ်ပေါ့နော်။ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ချင်တယ် အောင်မြင်တဲ့လုပ်ငန်းကြီးတစ်ခုကိုလုပ်ချင်တယ်ဆိုရင်တောင်မှ ကိုယ်ရှိတဲ့ နယ်ဆိုရင် နယ်မှာပဲ လုပ်ချင်တာလေးတွေလုပ် ဥပမာ ဦးအဆိုတော်လုပ်ချင်တယ်ဆိုလို့ရှိရင် တောင်ငူမှာ သီချင်းဆိုလိုက်ရယုံနဲ့ တစ်ချို့တွေက ကျေနပ်သွားတာ။ တောင်ငူမှာ နာမည်ကြီးပြီ ဒီကောင်လေး အဆိုတော်လေးပဲဟာ ဘယ်ဝိုင်းမှာဆိုတာ ဒီလိုလေး။

 ဦးတို့ကြတော့ မြင့်မြင့်တွေး မြင့်မြင့်ကြံတယ်။ မျှော်မှန်းချက်မြင့်မြင့်ထားတယ်။ အဲတော့ ရန်ကုန်ကို ဘာကြောင့် ဒီဘက်ကိုရောက်လာရတာလဲ အခုနက သားမေးတဲ့မေးခွန်းမှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကျော်ကြားနိုင်ဖို့က ရန်ကုန်ဂီတ နယ်ပယ်ရောက်မှ ဖြစ်နိုင်တယ်။ ရန်ကုန်မှာမှ ဆိုလိုတာက အသံလွှင့်တယ်။ ဓါတ်ပြားတွေ သွင်းတယ်။ လွှင့်တယ်ဆိုတာ ရန်ကုန်မှာပဲ ရှိတယ်။ နယ်မှာ မရှိဘူး။ အဲတော့ ရန်ကုန်ရောက်လာပြီး ဒီလောကထဲကို တိုးကြည့်မှ ဒီလောကထဲကို အောင်မြင်မှ ကိုယ်လည်း တစ်နိုင်ငံလုံး အတိုင်းတာ ရောက်မယ်ဆိုတဲ့ အသိတရား ဦးတို့လည်း အဲတာလေး ရှိပါတယ်။ အဲတာကြောင့်လည်း ဦးရန်ကုန်ကို တက်လာတာ။ အခုနက ဦးပြောသလိုပေါ့။ ဦးတို့လူမျိုးက ရှိတာလေးနဲ့ ရောက်တဲ့ နေရာလေးမှာပဲ တင်းတိမ်ကြတယ်။ ဦးကြတော့ အဲလို မတင်းတိမ်တဲ့အတွက်ကြောင့် ရန်ကုန်ကို ဂီတလောကကို ရောက်လာခဲ့တာ ဖြစ်တယ်။

သူဟာ အဆိုတော်တစ်ဦးဖြစ်ချင်ခဲ့တာကြောင့် သူရဲ့မွေးရပ်မြေ တောင်ငူကနေ ရန်ကုန်မြို့ကို တစ်ယောက်တည်း ရောက်ရှိလာခဲ့ပါတယ်။ ရန်ကုန်ကိုရောက်ရှိလာပြန်တော့လည်း သီချင်းဆိုခွင့်ရရေး ကြိုးစားခဲ့ရပုံကို ပြောပြခဲ့ပါတယ်။

၁၉၆၉ မှာ ဦးရန်ကုန်ကို ခြေစနင်းလာခဲ့တာ။ အဲဒီမှာ ပတ်စာခွာ ဖျာသိမ်း ဘုရင်နောင့် ဖောင်ဖျက်သလိုပေါ့။ ဖြစ်ချင်တာ ဖြစ်ကွာဆိုပြီးတော့ ကိုယ်သံယောဇဉ်ခင်တွယ်ရတဲ့ မိဘတွေ အဲအချိန်မှာ ပြောရမယ်ဆိုရင် ရယ်စရာပေါ့ သားရယ် ။ ဒီနေ့လက်တွဲနေတဲ့ ဦးရဲ့ကြင်ဖော် ဦးရဲ့ ဇနီးလောင်းနဲ့ သမီးရည်စား ဖြစ်ခါစ အချိန် ဒီအချိန်မှာ ဘယ်လောက် ဖြစ်မယ် သားစဉ်းစားကြည့်ပေါ့။ ဖြစ်ချင်တဲ့ဇောက ဒီဘက်မှာ ဘယ်လောက် ကြီးမားနေလဲဆိုတာ အဲတာတွေ အကုန်လုံး ထားပစ်ခဲ့တယ်။ ထားခဲ့တယ်ဆိုတာ လုံးဝ စွန့်ပစ်ခဲ့တာ မဟုတ်ဘူး။ နောက်မှချန်ထားပြီးတော့ ရှေ့ကိုတက်လာခဲ့တာ။

ရန်ကုန်ကိုရောက်လာပြီးတော့ ဦးက တစ်ယောက်တည်း လာခဲ့တယ်လို့ ပြောတယ်လေ။ အနုပညာလမ်းကြောင်းဆိုတာ အရမ်းကို ခက်ခဲကြမ်းတမ်းတယ်။ မအောင်မြင်တဲ့ အချိန်မှာလေ။ အဲအချိန်တုန်းက ဦးဘဝမှာ ဘယ်လိုမျိုး မှတ်မှတ်ရရ အခက်အခဲတွေနဲ့ ကြုံခဲ့ရလဲ။

ကြုံရတာပေါ့ သားရယ်။ အဓိက ရန်ကုန်ကိုရောက်လာပြီဆိုကတည်းက ဆွေမရှိမျိုးမရှိလေ။ ဘယ်နားသွားနေမလဲ ဒါတွေ မစဉ်းစားဘူး။ သီချင်းဆိုချင်တာပဲ သိတယ်။ အဲတော့ ဘာလုပ်ရလဲဆိုတော့ သူငယ်ချင်းနဲ့ ခဏ နေပြီးတဲ့ အခါကျတော့ နေစရာ အဆောင်တို့ ရှာရတာပေါ့ သားရယ်။ ရှာတဲ့အခါကျတော့ ဦးရဲ့ အစ်ကိုကြီးရဲ့ သူငယ်ချင်းတွေက ရန်ကုန်တက္ကသိုလ်မှာ တက်နေကြတာ ရှိတယ်။ ရန်ကုန်တက္ကသိုလ်နားက ကမာရွတ် စံရိပ်ငြိမ်ဆိုတဲ့ အဆောင်လေးတွေ ငှားတယ်။ အိမ်ခန်းလေးတွေ ငှားတဲ့ အဆောင်တွေ ရှိတယ်။ အဲမှာ တစ်ယောက်စာကုတင်တစ်လုံးနဲ့ နေခွင့်ပြုပါဆိုပြီး ငှားတဲ့အခါမှာ အဲမှာနေရပါတယ်။ အဲမှာနေပြီးတဲ့ အခါကျတော့ အဓိက ပထမ နေရေးအခက်ခဲ စကြိုးစားပါတယ်။

အဲဒီအချိန်တုန်းက ဦးအနေနဲ့ အနုပညာလုပ်ဖို့ ဘုရင့်နောင် ဖောင်ဖျက်ရောက်လာတယ်ဆိုတော့ ဘဝမှာ အခက်အခဲတွေ ကြုံရတဲ့ အခါမှာ စိတ်ပျက်တာတို့ ကိုယ်ရွေးချယ်ခဲ့မိတဲ့ လမ်းကြောင်းကို နောင်တရတာတွေ ရှိခဲ့ဖူးလား။

ဒါကတော့ မကွယ်မဝှက် ကွယ်ပြီးတော့လည်း မထားချင်ဘူး။ တကယ်ဖြစ်ခဲ့ပါတယ်။ ဖြစ်ခဲ့တယ်ဆိုတာက ဦးမှာ သံယောဇဉ်တန်းလန်းတွေက နောက်မှာရှိနေတယ်လေ။ ပြီးတော့ ဒီရောက်လာတဲ့အခါမှာလည်း ငွေကြေး အတိုင်းတာအရ နေစရာလေးရသွားပြီ အစ်ကိုက တပ်မတော်လေတပ်ထဲမှာ အလုပ် လုပ်တယ်။ ဦးကို မင်းကို ငါ တစ်လ ၆၀ ပေးမယ်။ မင်း ၄/၅/၆ လလောက်လုပ်ကြည့်။ မဖြစ်ရင် ပြန်။ အစ်ကိုကလည်း ရာဇသံပေးတာ။ ၆၀ ပေးတာလေးနဲ့ ထမင်းစားတာပေါ့နော်။

၆၀ ဆိုတဲ့ ပိုက်ဆံက အဲအချိန်က သိပ်တော့ မဆိုးလှဘူး။ ထမင်းတစ်လလုံးစားမှ ပေးစားရင် ၃၅ ကျပ်ပဲ ရှိတယ်။ ၆လလောက်ဆိုတော့ မြန်မာ့အသံမှာ ဆိုရဖို့ ကြိုးစားတာ။ ကံဆိုးချင်တော့ အဲဒီအချိန်မှာ မြန်မာ့အသံက တီးဝိုင်းတွေ ခဏပိတ်ထားတယ်။ ကိုယ်ကတော့ တီးဝိုင်းတွေနဲ့ လိုက်ဆက်သွယ်။ ဒါတွေက ပြောရမယ်ဆိုရင် အများကြီးပဲ တီးဝိုင်းလိုက်ချိတ်ပြီးတဲ့ အချိန်မှာ မြန်မာ့အသံမှာ လွှင့်လို့မရဘူး။ လွှင့်လို့မရတဲ့ အချိန်မှာ အဲတာလေးနဲ့လည်း ကြုံရတယ်။

တဖြေးဖြေးနဲ့ အစ်ကိုကြီး သတိပေးထားတဲ့ ၆လက ပြည့်ခါနီးတော့မယ်။ ကိုယ့်က ဘာမှဝင်ငွေမရှိဘူးလေ။ အဲအချိန်မှာ အလုပ်ရှာရတယ်။ အစ်ကိုကြီး သတိပေးတာ ၆လပြည့်တော့ ကန်တော့ပါရဲ့ ဆဲဆိုပြီးတော့ မင်းပြန်တော့ကွာ။ အိမ်ကိုပေးရတာလည်း မလောက်မငှ မင်းကို ပေးနေရတာနဲ့ပဲ။ မင်းပြန်တော့ကွာ။ မပြန်ဘူးကွာ ငါဘာငါ အလုပ်ရှာမယ်ဆိုပြီး အလုပ်ထွက်ရှာတယ်။ လိုက်ကြည့်လိုက်တယ်။ အလုံမြို့နယ်က လျှပ်စက်ရုံတစ်ရုံမှာ လေဘာကပ်မလိုပဲ ခေါ်နေတာ အလုပ်ရှိတယ်။ အဲဒီကို သွားကြည့်တဲ့ အခါကျတော့ ဘာလုပ်လဲဆိုတော့ မြေကြီးပေါက်တဲ့ အလုပ်ပေါ့။ တွေ့ပြီ ဒီအလုပ်ဆိုပြီး တကယ် လူထွားကြီးတွေ မဲမဲသဲသဲ ပေါက်တူးကြီးတွေနဲ့ အများကြီးပေါ့ တန်းစီနေတာ။ ဌာနမှုးက ခွဲတာပေါ့လေ။ အင်းစိန်ဘယ်နှစ်ယောက် ဘယ်မြို့နယ် ဘယ်နှစ်ယောက် ဒီမြေကြီးက ဘယ်လောက် ပေါက်ရမတုန်း အောက် အနက် လေးပေ အရှည် ဆယ်ပေ အဲတာကို မြေပေါက်ရမယ်။ လူခွဲလိုက်တော့ အင်းစိန် RIT  ကွင်းထဲမှာ သွားကျတယ်။

အဲဒီမှာ စိတ်ပျက်သွားတယ်။ ဦးက ဆယ်တန်းကို တစ်ဖုံးဖုံး ကျတာ။ လေးနှစ်မြောက်တဲ့ အချိန်ကျမှာ ဘီ နဲ့အောင်တယ်။ အဲမှာ ဦးရဲ့ သူငယ်ချင်းတွေက RIT မှာ အများကြီးပဲ။ ဟာ ငါတော့ အဲကောင်တွေနဲ့တော့ တွေ့ပြီပေါ့။ အခက်အခဲတွေနော်။ ဦးတွေ့တာ ဒါ အိတ်သွန်ဖာမှောက်ပဲ။ ကံကောင်းချင်တော့ ကားတွေပေါ် တက်ခါနီးမှာ ဌာနမှုးက ဆင်းလာတယ်။ မှတ်မိတယ် ဦးဖေဝင်းတဲ့။ သူက နေစမ်းပါအုံး ဒါဘယ်အဖွဲ့လည်း ဒါအင်းစိန် RIT သွားမယ့်သူတွေပါ။ နေစမ်းပါအုံးမင်း ဒီကောင်လေးက မင်းတို့ မြေပေါက်တဲ့ အလုပ် လုပ်နိုင်ပါ့မလား။ ဟေ့ကောင် လာစမ်းပါအုံး။ မင်းဘယ်ကတုန်း ကျွန်တော်တောင်ငူကပါ။ ကျွန်တော်ကျောင်းလည်းတက်ချင်တယ်။ ငွေလေးရအောင် ကျွန်တော်လုပ်တာပါ။ ကျွန်တော်ပေါက်ပါ့မယ်။ ဟာ မင်းမဖြစ်ဘူးနဲ့ တူတယ်။ ဟေ့ကောင်လာစမ်း လာစမ်းဆို သူတို့ ဂိုဏ်းချပ် ခေါ်မှာပေါ့။ မင်းသူ့ကို ထားခဲ့။ မင်းဒီလိုလုပ်ကွာတဲ့ မင်းကျောင်းလည်းတက်ပြီးတော့ စာမေးပွဲ ဖြေချင်တယ်ဆိုတော့ ရွာမှာ လျှပ်စစ် ဓာတ်အားပေး စက်ရုံမှာ  မစ်စတာ ဂျပ်ဆင်ဆိုတဲ့ စက်ရုံမှုးကြီး ရှိတယ်။ သူ့ဆီကို ငါစာရေးပေးလိုက်မယ်။ အဲဒီမှာ ရုံးအကူ မင်းသွားလုပ် ပေါ့။

အဲဒီမှာ သွားလုပ်ရင်းနဲ့ ကံကောင်းရင်းကနေ ကံဆိုးပြန်ရော ကံဆိုးတယ်ဆိုတာက ၆လလောက်လုပ်ပြီးတော့ ဘတ်ဂျက် မရှိလို့ဆိုပြီး အလုပ်ဖျက်လိုက်ရတယ်။

အလုပ်မရှိတော့တဲ့ အချိန်မှာတော့ ရန်ကုန်မြို့မှာ ဆက်လက်နေထိုင်ပြီး သီချင်းဆိုဖို့ ကိစ္စတစ်ခုကလည်း သူ့အတွက် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် အခက်ခဲတွေကြားမှာပဲ ဆက်လက်ရှင်သန်ခဲ့ရပုံကို ပြောပြခဲ့ပါတယ်။

သီချင်းဆိုဖို့ဆိုတာ နားနေတဲ့ အချိန် ထမင်းစားဖို့ကို ပထမရှာနေရတဲ့ အချိန်မှာ တွေ့တဲ့ အခက်ခဲကတော့ အများကြီးပဲ။ အခုနက ပြောသလိုပေါ့။ မြေကြီးပေါက်တဲ့ အလုပ်ကိုလုပ်တယ်။ ကံကောင်းပြီးတော့ ရုံးရောက်သွားတယ်။ ကံဆိုးသွားပြီးတော့ ဘတ်ဂျက်ကုန်သွားလို့ဆိုပြီးတော့ အလုပ်က နားလိုက်ပြန်ရော။ နောက်ဘတ်ဂျက် ပြည့်တဲ့ အချိန်မှာ ပြန်ခေါ်ပါမယ်ဆိုပြီးတော့ နားနေတဲ့ အချိန်မှာ အခက်အခဲက ဘယ်လောက် ကြုံရတယ်ဆိုတော့ ထမင်းငတ်တဲ့ ဘဝ ကြုံရပြီပေါ့။

လစာက ဘာမှ မရှိတော့တဲ့ အချိန်မှာ ရှိတဲ့ဟာလေးကို စုဆောင်းပြီးတော့ ညနဲ့မနက်ကို တစ်နပ်ထဲစားလို့ရအောင် ဘယ်အချိန်မှ ထမင်းစားတုန်းဆိုတော့ ၃ နာရီလောက်ကြမှ ထမင်းစားတယ်။ တစ်ခါတလေကျ ငှက်ပျောသီးလေးနဲ့ ရေသောက် ဗိုက်မှောက် နေလိုက်တယ်။ ၃ နာရီလောက်ထိုးတော့မှ အခုလှည်းတန်း အဝိုင်းကြီးနားမှာ ဈေးဆိုင်လေးတွေ အများကြီးပဲ။ အဲမှာဝင်ပြီးတော့ ထမင်းတောင်မှ ထမင်းဆိုင်မှာ မစားနိုင်ဘူး။ အဲတုန်းက အထမ်းကြီးတွေနဲ့ ရောင်းတဲ့ ထမင်းဆိုင်ဆိုတာ ရှိတယ်။ ထမင်းကြော် တစ်ပွဲဝယ်လိုက်ရင် တစ်ကျပ်နဲ့ ပြားနှစ်ဆယ်ပဲ ကျတယ်။ အဲမှာ အမဲ ဆို အမဲသား သုံးတုံးနဲ့ အရည်လေးတွေ ဆမ်းပေးတယ်။ ဘဲဥဆိုလည်း အရည်လေးနဲ့ အဲတာဘေးကို တစ်ကျပ်နဲ့ ပြားနှစ်ဆယ် ကျတယ်။ နောက်ထပ် လိုက်ပွဲဆို ၁၅ ပြားပေးရတယ်။ တစ်ကျပ်နဲ့ သုံးဆယ်ငါးပြားကျတယ်။ အဲတာကို ည မနက် မဆာအောင် ညနေ သုံးနာရီမှ စားရတယ်။ နောက်အလုပ် မရမချင်းထိ အဲလိုသွားရတယ်။

ဒီလိုနဲ့ အလုပ်လက်မဲ့ ဘဝကနေ အချိန်ယူပြီးတော့ အလုပ်ပြန်ရှာနေတဲ့ အချိန်မှာ ယခင်က လုပ်ခဲ့တဲ့ လျှပ်စက်ရုံးမှာ ဝန်ထမ်းအသစ်တွေ ထပ်မံခေါ်တာကြောင့် ရုံးအကူအလုပ်ကို ကံအားလျော်စွာပဲ ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာပဲ သူဝါသနာပါတဲ့ သီချင်းတွေ ဆိုခွင့်ရရေးအတွက် ထပ်မံကြိုးစားကြည့်ပြန်ပါတယ်။

အဲတော့ ဦးဘဝမှာ ပြေလည်ပြီ အိမ်ကိုလည်းပြန်ပြီး ၇၅ ကျပ်ပြန်ပို့တယ်။ သီချင်းကလည်း ဆိုခွင့်ကြုံပြီဆိုတော့ ပထမဆုံး သီချင်းဆိုဖို့ စိမ်းအဏ္ဍဝါ ဆိုတဲ့ ဝိုင်းလေး အပျော်တမ်းဝိုင်းလေးပေါ့။ ဦးကို တစ်ယောက်က ဆက်သွယ်ပေးလိုက်တော့ အဲဒီမှာ ဝိုင်းခေါင်းဆောင် ဦးသောင်းတင်နဲ့ သွားတွေ့တယ်။ သူ့ဝိုင်းလာဆိုကွာဆိုပြီးတော့ သီချင်းတိုက်တယ် ဟို ကြားတောရလမ်း စန္ဒယားလူမော်ဆိုတဲ့ အိမ်ရှေ့နားမှာ စန္ဒယား နဲ့တိုက်ကြရတယ်။

အဲမှာ သူချင်းသွားတိုက်တော့ စန္ဒယားလူမော်နဲ့ သွင်းတာ ပထမတစ်ကြိမ် မြန်မာ့အသံမှာ အဲဒီဝိုင်း သွားသွင်းလိုက်တယ်။ ဦးတို့ မြန်မာ့အသံမှာ အဆိုတော် ဖြစ်ဖို့ဆိုတာက ပထမဆုံး အသံသွင်းရတယ်။ ပြီးရင်ဆိုရတယ်။ မြန်မာ့အသံ ဘုတ်အဖွဲ့ဆိုတာ ရှိတယ်။ ဒီဝိုင်းမှာ သီချင်းတစ်ခါလွှင့် အမြဲတမ်းလွှင့် ဓါတ်ပြားဆိုပြီးတော့ ဘုတ်ကနေ သတ်မှတ်ပေးတယ်။ တစ်ခါလွှင့်ရင် အမြဲတမ်းလွှင့်ရင် ပေါင်းလိုက်မှ မိနစ် သုံးဆယ်စာရှိမှ အဲဒီဝိုင်းက အသံလွှင့်လို့ရတယ်။ ဦးတို့ဝိုင်းက တစ်ခါလွှင့်ရသွားတယ်ပေါ့နော်။ အဲဒီတစ်ကြိမ်မှာ ဦးကို တီးပေးတဲ့ ဦးဆရာဖြစ်လာမယ့် စန္ဒယားလူမော်က ဦးကို သတိထားမိတယ်။ မင်းငါ့ဝိုင်းမှာ ဆိုကွာတဲ့။ ကိုယ်က မြူးသွားတာပေါ့။ ဟိုကိုလည်း ပုန်ကန်တာတော့ မဟုတ်ဘူး။ ဟ မောင်ဝင်းထွဋ် မင်းကံကောင်းတာပေါ့ကွာတဲ့ ကြည်ကြည်ဖြူဖြူနဲ့ပေါ့။ ဒီလုပ်ငန်းရှင်ဝိုင်းကို တက်ဖို့ဆိုတာ မလွယ်ဘူး။ ငါ့ဝိုင်းက သွားတယ်ဆိုတော့ ငါလည်း ဂုဏ်ယူတယ်ကွာတဲ့။

စန္ဒယား လူမော်ဝိုင်းမှာ ဆိုတဲ့အချိန်မှာပဲ ဓာတ်ပြား နှစ်ချပ်ခွဲ နှစ်ချပ်ခွဲဆိုတာက ဝိုင်းတစ်ဝိုင်းမှာ သီချင်ဆိုရင် တစ်ယောက်တည်း တစ်ပုဒ် ဆုံတွဲတစ်ပုဒ် အဲနှစ်ပုဒ်ခွဲ ဆိုလို့ရတယ်။ ဆိုဆိုချင်း့ပဲ အဲနှစ်ပုဒ်ခွဲကို တစ်ခါတည်း ဓာတ်ပြားထည့်တာ။ ပထမ စရတဲ့ သီချင်းနှစ်ပုဒ်ခွဲက ပရိတ်သတ်တွေ သိတယ်ဆိုရုံလေးပဲ။ နောက်တစ်ကြိမ် ထပ်လွှင့်လိုက်တဲ့ အခါကျတော့မှ ဦးရဲ့ ပထမဆုံး Masterpiece ကို လူတွေ သိလာတဲ့ ဦးကို အဆိုတော်လို့ သတ်မှတ်မယ့် သီချင်းကို နောက် နှစ်ချပ်ခွဲမှာ ထပ်ပေါ်လာတယ်။ အဲသီချင်းက “နေရာတိုင်းမှာ သူ့မျက်နှာ”တဲ့။ အဲသီချင်းလေး ဦးတို့ သက်တမ်းမှီတဲ့သူတွေဆို သိပါတယ်။ အဲမှာ နေရာတိုင်းမှာ သူမျက်နှာက ပေါက်သွားတယ်။

ရေဒီယို သောတရှင်တို့ လိုရာ ဓာတ်ပြားခန်းမှာ သောတရှင်တွေက တောင်းဆိုလာပြီ။ ပရိတ်သတ်တွေလည်း သိလာပြီ။ ပြီးတဲ့အခါကျမှ ဦးကို တီးဝိုင်းဆရာတွေ တီးဝိုင်းဆရာတွေက စတိတ်ရှိုးလုပ်တဲ့ဟာတွေ မင်္ဂလာဆောင် အခမ်းနားတွေကို ခေါ်တာ။ အေဝမ်းစိုးမြင့်၊ ဒေါ်တင်တင်လှတို့ ဝိုင်းမှာ ဆို မင်္ဂလာဆောင်မှာဆို ပိုက်ဆံလေး စရလာတယ်။ နောက်တော့ ဦးတို့က ကိုယ့်ဝိုင်းမှာတင်မဟုတ်ဘူး။ အခြားဝိုင်းမှာ နာမည်ကြီးလို့ရှိရင် ဧည့်သည်ဆိုပြီး ဆိုခိုင်းတယ်။ အဲဒီမှာ “အမုန်းသူဌေးမလေး”တို့ နောက်ထပ်တစ်ပုဒ် ပေါက်လာပြန်တယ်။ နောက်တစ်ခါ ကျွန်ရွှေဝါဝိုင်းမှာလည်း “ရွှေတိဂုံကိုမြင်ရင်”ဆိုတဲ့ သီချင်းတွေ ဆက်တိုက် ဆက်တိုက် ပေါက်လာတယ်။

ဘဝမှာ အခက်ခဲတွေကြားက ရတဲ့ အခွင့်ရေးကိုလက်လွတ်မခံပဲ ကြိုးစားခဲ့တာကြောင့် ပရိတ်သတ်တွေ အသိမှတ်ပြုတဲ့ နာမည်ကြီး အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့သူ့ဘဝမှာ မှတ်တိုင်တစ်ခုလို့ ဆိုရမယ့် မြန်မာနိုင်ငံတော် သီချင်းကို ဆိုဖို့အတွက်လည်း အခွင့်အရေးတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

အဲတော့ ဦးရဲ့ လုပ်ခဲ့တဲ့ အနုပညာမှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် ဟိုတုန်းကလူတွေကော နောက် ဒီဘက်ခေတ်လူငယ်တွေကအစ သိနေမယ့် ကိစ္စလေးတစ်ခုရှိတယ် ခင်ဗျ။ အဲတာကတော့ ကျွန်တော်တို့ တီဗွီမှာလည်း အမြဲတမ်းကြားနေရတယ်။ နိုင်ငံတော် သီချင်းပေါ့။ နေရာတိုင်းမှာ ကြားရပါတယ်။ အဲလိုမျိုး သီချင်းလေးဆိုဖြစ်ခဲ့တဲ့ မှတ်တိုင်ပေါ့နော်။ အဲဒီဆိုဖြစ်ခဲ့တဲ့ အကြောင်းလေးကိုလည်း နည်းနည်းရှင်းပြပေးပါအုံး။

ဒီသီချင်းလေးက နိုင်ငံတော်သီချင်းဆိုတာ တကယ်ဟိန်းဟိန်းမားမားကြီးပေါ့။ နိုင်ငံကျော်တီးဝိုင်းကြီးနဲ့ ဦးတို့ရဲ့ အစ်ကိုကြီးတွေပေါ့။ ဆရာသမားတွေ ဆိုထားတဲ့ သီချင်းဟာ သိပ်ကောင်းတယ်။ အရမ်း လည်း ကီးကလည်း ဟိန်းပြီးတော့ အသံတွေကိုကြည်လင်ပြတ်သားအောင် ဆိုထားကြတဲ့ ပုဂ္ဂိုလ်တွေ ဆိုထားတဲ့ သီချင်းရှိတယ်။ ရှိတာကို ဦးတို့ ပြောရမယ်ဆိုရင် ခေတ်က ၈၈ /၉၀ လောက်ပေါ့။ လူကြီးတွေက ဒီနိုင်ငံတော် သီချင်းဟာ သူ့ရှေ့မှာ ရှိသေးတယ်ပြောတယ်။ အဓိပ္ပာယ်တွေ အင်မတန်မှ ပြည့်စုံတဲ့ဟာလေး ဒီအတိုင်းကမ္ဘာမကျေလောက်နဲ့ မကောင်းဘူး။ ထိပ်ကစာသားကလည်း ဒီအတိုင်းလည်း ဟုတ်ပါတယ်။ “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ”  ဒါတွေက တကယ့်အနှစ်သာရတွေက အဲထိပ်ထဲမှာ ပါတယ်။ အဲတာကို သွင်းပေးပါဆိုတာ နောက်မှ သိရတာ။ အဲဒီအခြေနေကြောင့် ဒီသီချင်းကို သွင်းတယ်ဆိုတာ သိရတာ။ သွင်းတယ်ဆိုတာလည်း ဘာမှ မသိဘူး။ မြန်မာ့အသံက ခေါ်ပြီးတော့ ဒီနေ့ နိုင်ငံတော် သီချင်းတစ်ပုဒ် သွင်းစရာရှိတယ်။ မောင်ဝင်းထွဋ်ရေ လာဆိုတော့ သွားရတယ်။ သွားတော့ ဘာဆိုရတုန်းဆိုတော့ အဲဒီသီချင်းဖြစ်နေတယ်။ ဒီသီချင်းရဲ့ ထူးခြားချက်က အခုနက ဦးပြောခဲ့တဲ့ နောင်တော်ကြီးတွေ ဆိုထားတဲ့ ကမ္ဘာမကျေဆိုတာ အရမ်းကောင်းနေတော့ ဒီသီချင်းအစဆုံးကိုလည်း မသုံးချင်ဘူး အဲတာကိုလည်း ချန်ထားချင်တယ်။ အဲရှေ့က ဆက်ပေးရမယ်။ အဲတာမှ ပြဿနာပဲ ကီးလည်း ချိန်းလို့မရဘူး။ သူတို့ဆိုထားတဲ့ ကီးအတိုင်း အရှေ့က ဆိုရမယ်ဆိုတော့ သွားဆိုတာပေါ့လေ။ ဆိုလိုက်တော့ ကံကောင်းစွာနဲ့ပဲ ဦးရဲ့ ကီးနဲ့တည့်နေတယ်။

 ဦးရှေ့မှာ အဆိုတော်တွေ အများကြီးပဲ ဆိုထားပြီးပြီတဲ့ ဒီအပုဒ်ကို လူကြီးတွေက မကြိုက်လို့ ကိုယ်လည်းဆိုလိုက်ရော  အဆင်ပြေတယ်ပေါ့။ နောက်တော့ ဒီအသံတွေ စပြီးလွှင့်လိုက်တဲ့အခါ ဝုန်းဝုန်းသံနဲ့ ဖြစ်တော့ ပျော်တာပေါ့။ ဘဝမှာ နိုင်ငံတော် သီချင်းကို ဆိုရတယ်ဆိုတဲ့ ဂုဏ်ပါဝါဟာ ဘယ်လောက်ကြီးမားလဲဆိုတာ သားသိပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ ခံစားချက်က အင်မတန် စိတ်ထဲမှာ ကြည်နှုးပါတယ်။ ဒါပေမယ့်လို့ ဝမ်းလည်းသာတယ်။ ဝမ်းလည်းနည်းတယ်။ ဘာမှ အသိမှတ်ပြုမခံရဘူး။ လက်မှတ်လည်း တစ်စောင်တောင် ဦးမရပါဘူး။

အနုပညာလောကကို စလျှောက်တယ်ဆိုကတည်းက သားသိတဲ့အတိုင်းပဲလေ။ နယ်ကတောင်မှ ဒုက္ခဆင်းရဲခံပြီးတော့ လာရတာလေ။ ဘာဖြစ်ရမယ် ဒါလုပ်ရင် ဘာရမယ်ဆိုတဲ့ စိတ်ကူး မရှိဘူး။ ဆိုနေရရင် ကျေနပ်ပြီ။ ဦးတို့က ဝါသနာရှင်ဆိုတာ အဲတာပဲ။ ဒါလုပ်မှ ဒါရမှာဆိုတာမျိုး မရှိပါဘူး။ သို့သော် အခုနောက်ပိုင်း ဟိုတာတွေ ဂုဏ်ပြုလိုက် ဒီဟာတွေ ဂုဏ်ပြုလိုက် ကိုယ်မပါတော့ ဒါလေး ဝမ်းနည်းတာပါ။

နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတာဝန်ကို တစ်ဖက်တစ်လှမ်းကနေ ထမ်းဆောင်တယ်လို့ ပြောရမယ့် နိုင်ငံတော် သီချင်းကို ဆိုခွင့်ရခဲ့ခြင်းဟာ သူ့အတွက်တော့ ယနေ့ထက်ထိ မှတ်တိုင်တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ အနုပညာလောကထဲမှာ ဆယ်စုနှစ်များစွာကတည်းက အဆိုတော် ကေတုဝင်းထွဋ်ရယ်လို့ နာမည်တစ်ခုကို အချိန်ကြာမြင့်စွာ တည်တံ့အောင် ထိန်းသိမ်းထားနိုင်သူလည်း ဖြစ်ပါတယ်။

အဲတော့ ဦးပြောသွားတဲ့အကြောင်းအရာအရဆိုရင်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ပေးဆပ်ရမယ့် လုပ်ငန်းတွေလည်း လုပ်ခဲ့ပြီးပြီပေါ့နော်။ ဒါပေမယ့် အခုနက ကံဆိုးတာကတော့ ဦးဘာပဲပြောပြော အသိမှတ်ပြုဖို့ ကျန်နေသေးတယ်ပေါ့။ ဒါလေးကတော့ ကျွန်တော်သွားမြင်ပါတယ်။ အဲလိုမျိုး ကံဆိုးကံကောင်းပေါ့ လောကဓံရဲ့ အဆိုးအကောင်းတွေ ကြုံရတဲ့အခါမှာ ဦးအနေနဲ့ အမြဲတမ်း ကိုယ့်ရဲ့စိတ်ကို စိတ်ဓာတ်ကျမသွားအောင် နောက်ထပ် ရှေ့ဆက်ရမယ့် အလုပ်တွေ လုပ်ဖြစ်နေအောင် ဦးအနေနဲ့ ဘယ်လိုမျိုး စိတ်ကို မွေးပြီးတော့ ရှေ့ဆက်လဲ။

အဲတာကျတော့ အရွယ်လေးကလည်း ရလာတာ တစ်ကြောင်း တရားကိန်းရတာပေါ့။ တရားရှိရတယ်။ ဒို့ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေဟာ ဘုရားဟောထားတဲ့ တရားတွေ ရောင့်ရဲခြင်း သည်းခံခြင်း ခွင့်လွှတ်ခြင်း ဒီတရားတွေက အများကြီး ရှိတာပဲ။ လောကဓံတရားနဲ့ ရင်ဆိုင်ရမယ် လူတိုင်းက လောကဓံတရားနဲ့ ဘယ်သူမဆို ရင်ဆိုင်ရမှာပဲ။ ဝမ်းနည်းဝမ်းသာ ပျော်စရာရွှင်စရာ ငိုလိုက်ရယ်လိုက် ဒါမျိုးတွေ ကြုံရမယ်။ ကြုံလာတဲ့ အခါမှာ ဒီလောကဓံကို ရင်ဆိုင်ဖို့အတွက် ဘယ်လိုကြံ့ကြံ့ခံထားရမလဲ။ ဒါ ဗုဒ္ဓရဲ့ အဆုံးအမအရ  ကိုယ့်စိတ်ကို ထိန်းကျောင်းတာပဲ။ ကိုယ့်စိတ်ကို ထိန်းကျောင်းလိုက်ရင် တို့ရဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမက အင်မတန်မှ မွန်မြတ်ပြီး အင်မတန်မှ ဘဝရဲ့ အကျိုးကို နောင်သံသရာအတွက်ကော အခုဘဝအတွက်ကော အကျိုးရှိပါတယ်။

အဲတော့ ဒီလို လိုတာမရလို့ ကိုယ့်စိတ်ထဲမှာ ဝမ်းနည်းပူဆွေးနေတယ်ဆို လောလောဆယ် ဒီဘဝမှာ ကိုယ့်မှာ ပူဆွေးနေရပြီ။ ပူပန်နေရပြီ အဲဒီပူပန်နေတဲ့ စိတ်က ဘယ်လောက်ထိ သံသရာ ဆက်သွားမလဲဆို နောင်သံသရာ တစ်မလွန်ကူးတဲ့ အချိန်ထိ ဒီစိတ်က ဆက်သွားမယ်။ လိုချင်တာ ရချင်မှလည်း ရမယ်။ မလိုချင်တာတွေလည်း ရနိုင်တယ်။ ငိုချင်လည်း ငိုရမယ်။ ပျော်ရင်လည်း ပြောရမယ်။ ဒါတွေဟာ ကြုံတွေ့ရမှာပဲလေ။ အဲတော့  ဘယ်ဟာကြုံတွေ့ရင် ဘယ်လိုစိတ်မျိုး ထားရမယ်ဆိုတာ တို့ ဗုဒ္ဓအဆုံးအမမှာ ရှိပါတယ်။ ဒီစိတ်နဲ့ပဲ ကိုယ့်ကိုယ် ထိန်းချုပ်ရတာပေါ့။

နောက်ဆုံးအနေနဲ့ အမှတ်တရ စကားလေး တစ်ခုလောက် ပြောပြပေးပါအုံး ခင်ဗျ။

အနုပညာသမားတစ်ယောက်အနေနဲ့ အနုပညာတစ်ခုတည်းတင် မဟုတ်ပါဘူး။ အနုပညာကို စံထားပြီးတော့ အနုပညာကို သိုင်းဝိုင်းပြီးတော့ ဘဝရဲ့ အခုနကပြောတဲ့ လောကဓံတရားတွေ ဘဝမှာ တွေ့ကြုံရမယ့် အကြောင်းချင်းရာတွေ အများကြီး ရှိတာတွေကို ဒီအနုပညာနဲ့ စံထားပြီးတော့ လျှောက်လှမ်းနိုင်မယ့် ထားပြီးတော့ သွားရမယ့် ကဏ္ဍတွေ အများကြီးရှိတယ်။ ဥပမာ အနုပညာသမား သီချင်းဆိုတဲ့ သူတစ်ယောက် တီးတဲ့သူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် စည်းကမ်းပိုင်းဆိုင်ရာ စည်းစနစ်ပိုင်း ဂီတမှာပါသွားပြီ။ ဆိုလိုတာက ဟောဒီသီချင်းဆိုမယ့်ဟေ့ အဲနေရာမှာဒီအရာကို နှစ်ခေါက်ဆိုမယ်ဟေ့ ဒါစည်းသတ်မှတ်လိုက်တာပဲ။ နှစ်ခေါက်ထက် ပိုဆိုလို့ မရဘူး။ တီးတဲ့သူက ဒီနှစ်ခေါက်ပဲ တီးမယ်။ ကိုယ်က နောက် ပြန်တိုက်ချင်လို့ မရဘူး။ ဟောဒီနေရာမှာ အဲဒီအသံနဲ့ ဆိုမယ်ဟေ့ စည်းနဲ့ဘောင်နဲ့ သတ်မှတ်လိုက်ပြီလေ စည်းနဲ့ဘောင်နဲ့ သတ်မှတ်လိုက်တော့ လိုက်နာတတ်တဲ့ အသိတရား ရသွားပြီ။ အဲလိုပဲ စီးပွားရေးပိုင်းဆိုင်ရာ စံထားပြီးတော့ အနုပညာကို ယူစရာရှိပါတယ်။ အဲတော့ အနုပညာသမားဖြစ်ပေမယ့် အနုပညာ ဂီတသမားဖြစ်ပေမယ့်လို့ ဒါကို စံထားပြီးတော့ ဒါကို အတုထားပြီးတော့ ဘဝမှာ ဘဝအတွေ့ကြုံတွေ ဘဝ အခက်ခဲတွေ ဘဝရဲ့ အောင်မြင်မှုတွေကို ဒီအနုပညာစံထားပြီးတော့ ရယူနိုင်ပါတယ်။ ရယူနိုင်ကြပါစေလို့ပဲ ပရိတ်သတ်ကို ပြောချင်ပါတယ်။

Mizzima Weekly