မြေပဲဆန် စျေးနှုန်း သိသိသာသာ တက်လာ

မြေပဲဆန် စျေးနှုန်း သိသိသာသာ တက်လာ

ပြည်တွင်း၌ ရောင်းချနေသော မြေပဲဆန် ဈေးနှုန်းများမှာ လတ်တလော သိသိသာသာ ဈေးမြင့်တက်လာကြောင်း ဧရာဝတီမြေပဲဆီလုပ်ငန်း ပိုင်ရှင် ဦးခင်းစိုးက ပြောသည်။

ယခုကဲ့သို့ အတက်ဈေးဖြစ်လာရခြင်းမှာ မြေပဲဆန် အထွက်နည်းပြီး အဝယ်ခက်ခဲလာသောကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။

 “မနှစ်က မြေပဲစိုက်ချိန်မှာ မတ်ပဲတို့ပဲတီစိမ်းတို့ ဈေးကောင်းရတော့ တောင်သူတွေက မြေပဲကနေ အဲ့ဒီပဲအမျိုးအစားတွေကို ပြောင်းစိုက်ကျတော့ ဒီနှစ်ပြည်တွင်းမှာ မြေပဲအထွက်လျော့နည်းသွားတဲ့အပြင် အခု တရုတ်က မြေပဲကို ဈေးကောင်းပေး ဝယ်တော့ ပြည်တွင်းမှာ မြေပဲဝယ်ရတာ ခက်ခဲလာတော့ မြေပဲဆီဈေးတက်သွားတာပေါ့” ဟုပြော သည်။

 တရုတ်နိုင်ငံဘက်မှ မြေပဲဆန် တောက်လျောက် အဝယ်လိုက်မှုကြောင့် မတ်လ ပထမပတ်က မြေပဲ(လုံးဆန်) တစ်ပိဿာကို ကျပ် ၂,၄၅၀၊ မြေပဲ(ဆီကြိတ်ဆန်) တစ်ပိဿာကို ကျပ် ၂,၀၀၀ မှ ယခု မတ်လ ၁၆ ရက်နေ့တွင် မြေပဲ(လုံးဆန်) တစ်ပိဿာကို ကျပ် ၂,၆၀၀၊ မြေပဲ(ဆီကြိတ်ဆန်) တစ်ပိဿာကို ကျပ် ၂,၂၅၀ ထိ မြင့်တက်ခဲ့ကြောင်း ဈေးကွက်စာရင်းများတွင် တွေ့ရသည်။

တဆက်တည်းမှာပင် မြေပဲဆန် ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မြေပဲဆန်ကို အခြေခံပြီး ထုတ်လုပ်ရသော မြေပဲဆီဈေးနှုန်းမှာလည်း ပြီးခဲ့သည့်နှစ်ကထက် ပိုပြီး တက်လာခဲ့သည်။

 “ပြည်တွင်းမှာ အခုလို မြေပဲဆန် ဝယ်ရတာ ခက်ခဲနေရင်တော့ ပြည်တွင်း မြေပဲဆီဈေးက မြင့်တက်နေဦးမှာပဲ” ဟု ဦးခင်စိုးပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ယခု မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ ခန့်သာ ရှိခဲ့ပြီး လက်ရှိအချိန်တွင် မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ခန့်ထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly