မြန်မာစာနယ်ဇင်းသမားတစ်ဦးနေအိမ် ဗုံးခွဲခံရမှု စုံစမ်းစစ်ဆေးပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တောင်းဆို

မြန်မာစာနယ်ဇင်းသမားတစ်ဦးနေအိမ် ဗုံးခွဲခံရမှု စုံစမ်းစစ်ဆေးပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တောင်းဆို

မတ်၊ ၁၆ ။            ။ ပြီးခဲ့သောရက်သတ္တပတ်အတွင်းက မြန်မာစာနယ်ဇင်းသမားတစ်ဦး၏ နေအိမ်ကိုဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး နည်းလမ်းစုံသုံး၍ စုံစမ်းစစ်ဆေးကာ တရားခံများကိုဖမ်းဆီးပေးရန် နယ်စည်းမခြားသတင်းထောက်းများအဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူများကို ကြေညာချက်ထုတ်တောင်းဆိုလိုက်သည်။

ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ရခိုင်ပြည်နယ်အခြေစိုက် Root Investigative Agency (RIA) သတင်းဌာန၏ အယ်ဒီတာချုပ် ကိုမင်းမင်း၏နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့မှုနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စာနယ်ဇင်းသမားတစ်ဦးကို ပစ်မှတ်ထားပြီး ဗုံးဖြင့်တိုက်ခိုက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကိုခြိမ်းခြောက်သည့် ယခုဖြစ်စဉ်အတွက် အလွန်စိုးရိမ်မိကြောင်း RSF ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ ဘင်ဂျမင်အစ္စမေးလ်က ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်မှုများနှင့် အန္တရာယ်ကျရောက်မည်ကို စိုးရိမ်စိတ်ဖြင့် အမှန်အတိုင်း မရေးသားရဲတော့ဘဲ ကိုယ့်ဘာသာ ဆင်ဆာဖြတ်ကာ ရေးသားနေရခြင်းမျိုးများ မဖြစ်ပေါ်လာစေရန်အတွက် ယခု တိုက်ခိုက်မှုလို အကြမ်းဖက် လုပ်ရပ်မျိုးကို ဥပဒေကခွင့်ပြုမည်မဟုတ်ကြောင်း ကျူးလွန်သူများရော၊ ထောက်ခံသူများပါ သေချာသိရှိသွားစေအောင် လုပ်ဆောင်ပြရ မည်ဟုလည်း RSF ၏ကြေညာချက် ထဲတွင် မစ္စတာအစ္စမေးလ်က ပြောကြားထားသည်။

စစ်တွေမြို့တွင်ရုံးစိုက်သော RIA သတင်းဌာနသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စတင်တည်ထောင်သည့်အချိန်မှစပြီး မကြာခဏခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရာကာ အထူးသဖြင့်လူမှုကွန်ယက် မီဒီယာများထက်တွင် ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကိုမင်းမင်း၏ နေအိမ်တွင် ဗုံးပေါက်ကွဲပြီးသည့်နောက်တွင်လည်း '' ဒါကသတိပေးတာပဲရှိသေးတယ်။ နောက်ထပ် တိုက်ခိုက်မှုတွေလာဦးမယ် " ဟု Viber နှင့်Facebook Group များတွင်တင်ထားသည် ကိုတွေ့ခဲ့ရကာ RIA ၏ ထိပ်ပိုင်းဂျာနယ်လစ် ၂ ဦးကို ခေါင်းဖြတ်နိုင်လျှင် ဆုငွေချီးမြှင့်မည်ဟု ရေးသားထားမှုများလည်း ရှိနေကြောင်း RSF ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်ပြီးအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်သည်ကို တွေ့ရသော်လည်း ယခုထက်နှစ်ဆခန့် ပိုမို၍ လုပ်ဆောင်ကာ ယခုလုပ်ရပ်ကိုကျူးလွန်သူများနှင့် ပူးပေါင်းကြံစည် သူများကို ဖမ်းဆီးအရေးယူရန် တိုက်တွန်း ကြောင်း မစ္စတာ အစ္စမေးလ်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly