ထိုင်းရဲကိုသတ်မှုဖြင့်အလိုရှိနေသည့် ဒုက္ခသည် ၄ ဦးကို KNLA တပ်ဖွဲ့က မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီး

ထိုင်းရဲကိုသတ်မှုဖြင့်အလိုရှိနေသည့် ဒုက္ခသည် ၄ ဦးကို KNLA တပ်ဖွဲ့က မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီး

တာ့ခ်၊ မတ်၊ ၁၆ ။            ။ ထိုင်းရဲအရာရှိတစ်ဦးကို သတ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသော ရွှေ့ပြောင်းဒုက္ခသည် အမျိုးသား ၄ ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံဘက်ခြမ်း တွင် ဖမ်းဆီးမိခဲ့သည်။

တာ့ခ်စီရင်စု အတွင်းရှိ မြန်မာနိုင်ငံနှင့်နယ်စပ်တွင်ရှိသော ထာ့ဆောင်ယန်းခရိုင်တွင် ရဲအရာရှိတစ်ဦးကိုသတ်ဖြတ်ပြီး တိမ်းရှောင်နေသူများဟု ထိုင်းရဲတပ်ဖွဲ့မှ ယူဆထားသော ယင်းအမျိုးသား ၄ ဦးအနက်မှ ၃ ဦးမှာ ညီအစ်ကိုများဖြစ်ပြီး ထာ့ဆောင်ယန်းခရိုင်အတွင်းရှိ ဘန်းမဲလာ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေသူများဖြစ်သည်။

အဆိုပါ လူသတ်မှုဖြင့်သံသယရှိသူ ၄  ဦးကို ထိုင်းရဲတပ်ဖွဲ့၏တောင်းဆိုမှုအရ KNLA-PC တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ထာ့ဆောင်ယန်းရဲအရာရှိများထံ လွှဲပြောင်းပေးခဲ့သည်။

အသတ်ခံရသည့် ရဲအရာရှိ၏ အလောင်းကို အင်္ဂါနေ့ကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါရဲအရာရှိသည် တစ်ကြိမ် ပစ်ခတ်ခံထားရကာ၊ ၆ ကြိမ် ဓါးနှင့် အထိုးခံထားရပြီး လည်ပင်းကိုလည်း လှီးဖြတ်ခံထားရ သည်ကိုတွေ့ရှိရသည်။

အခင်းဖြစ်ရာနေရာတွင် ဆိတ်ဆယ်ကောင်ထက်မနည်းတင်ထားသော နောက်တွဲပါမော်တော်ဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့ရသလို သွေးကွက်များနှင့် ဓါးတစ်လက်ကိုလည်း လမ်းပေါ်တွင်တွေ့ခဲ့ရသည်။

ရဲအရာရှိကိုသတ်သည့် တရားခံအဖြစ် ယူဆထားသော ဒုက္ခသည် ၄ ဦးသည် ဆိတ်ဝယ်ရန်ဟုဆိုကာ ဒုက္ခသည်စခန်းမှ နေ၍  မြန်မာနိုင်ငံဘက်ခြမ်းရှိ ကရင်ရွာတစ်ရွာသို့ ထွက်ခွာသွားကြောင်း၊ ဆိတ်များ ကိုယူဆောင်လာပြီး ဒုက္ခသည်စခန်းသို့ ပြန်အလာတွင် အသတ်ခံရသည့် ရဲအရာရှိက ၎င်းတို့ကိုတားဆီးစစ်ဆေးကာ ဖမ်းဆီးရန်ကြိုးစားခဲ့ဖွယ်ရှိကြောင်း၊ ၎င်းတို့ ၄ ဦးက ပြန်လည်ခုခံရာမှ လူသတ်မှုဖြစ် ပွားခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒုက္ခသည် ၄ ဦးသည် နယ်စပ်ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ထွက်ပြေးရာ ထိုင်းရဲတပ်ဖွဲ့က KNLA-PC တပ်ဖွဲ့ဝင်များကို ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုသဖြင့် KNLA-PC တပ်ဖွဲ့ဝင်များက လူသတ်မှုတရားခံ အဖြစ် ယူဆရသည့် ဒုက္ခသည်  ၄ ဦးကို ဖမ်းဆီးပေးခဲ့သည်။

အသတ်ခံခဲ့ရသည့် ရဲအရာရှိသည် မကြာသေးမီကမှ ရာထိုးတိုးစာမေးပွဲအောင်မြင်ထားသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly