၁၉၆၂ နောက်ပိုင်း ပထမဆုံုး ဒီမိုကရေစီနည်းကျ သမ္မတကိုု လွှတ်တော်က ရွေးချယ်

၁၉၆၂ နောက်ပိုင်း ပထမဆုံုး ဒီမိုကရေစီနည်းကျ သမ္မတကိုု လွှတ်တော်က ရွေးချယ်
မတ်လ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရတဲ့ ဦးထင်ကျော် နဲ့ ဇနီး ဒေါ်စုစုလွင် (ဓာတ်ပုံ - NLD)

ရန်ကုန် (Myanmar Now) - ပြည်ထောင်စုလွှတ်တော်ဟာ စစ်တပ် ကျောထောက်နောက်ခံ မဟုတ်တဲ့ အရပ်သားစစ်စစ် သမ္မတတစ်ဦးကို အင်္ဂါနေ့မှာ ရွေးချယ်လိုက်ပါပြီ။

၁၉၆၂ ခုနှစ်မှာ စစ်တပ်က ပါလီမန်ဒီမိုကရေစီအစိုးရလက်ထဲကနေ အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်ငါးခုကျော် အကြာမှာ ဒီမိုကရေစီနည်းကျစွာနဲ့ အရပ်သားသမ္မတတစ်ဦးကို ပထမဆုံးအကြိမ် တင်မြှောက်လိုက်ခြင်းပဲဖြစ်ပါတယ်။

၆၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးထင်ကျော်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနားမှာ နှစ်ကာလကြာရှည်စွာ ကူညီပံ့ပိုးပေးခဲ့သူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ် ဒုသမ္မတလောင်းအဖြစ် အဆိုပြုမခံရမီအချိန်ထိတော့ သူဘယ်သူဘယ်ဝါဆိုတာကို ပြည်သူတွေက တိတိကျကျ မသိကြပါဘူး။

သူ့ကို လွှတ်တော်မှာ စုစုပေါင်းမဲ ၆၅၂ မဲအနက် ထောက်ခံမဲ ၃၆ဝ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံရဲ့ အမြင့်ဆုံးအဆင့်ကိုပေးထားတဲ့ သမ္မတရာထူးအတွက် ရွေးချယ်တင်မြှောက်လိုက်ခြင်းဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်တဲ့ ဦးမြင့်ဆွေက ၂၁၃ မဲ၊ အမျိုးသားလွှတ်တော်ကတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု အမတ်တစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူက ၇၉ မဲ ရရှိကြပြီး ဒုသမ္မတများ ဖြစ်လာကြပါတယ်။

မဲရလဒ်တွေကို ကြေညာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ခုပ်ဩဘာတီးပြီး ရလဒ်ကို သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ဦးထင်ကျော် သမ္မတဖြစ်လာခြင်းဟာ အရပ်သားတွေရဲ့ အခန်းကဏ္ဍအားကောင်းလာမယ့် သဘောကို ပြနေပေမယ့် အသက် ၇ဝ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် တားထားနိုင်ပြီး သဘောထားတင်းမာသူလို့နာမည်ထွက်တဲ့ စစ်တပ်ခေါင်းဆောင်ဟောင်းတစ်ဦးကို ဒုသမ္မတအဖြစ် တင်နိုင်ခဲ့တဲ့ စစ်တပ်ရဲ့ ဆက်လက်လွှမ်းမိုးချုပ်ကိုင်ထားမှုကိုလည်း သိထားဖို့ လိုပါမယ်။

ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ရုပ်ပြသမ္မတ’ အနေနဲ့ပဲရှိမှာဖြစ်ပြီး သမ္မတရဲ့အထက်မှာ သူရှိနေမယ်လို့ ဒေါ်စုကိုယ်တိုင်က ပြောထားပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ ထောက်ခံမဲ အပြတ်အသတ်နဲ့ နိုင်သွားပြီးတဲ့နောက် ပြည်သူတွေက လူထုခေါင်းဆောင်အပေါ် နှစ်ခြိုက်လိုလားတယ် ဆိုတာကို တပ်မတော်အနေနဲ့ နောက်ဆုံး နားလည်လက်ခံသွားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတစ်ခုကို ပြန်လည် ပြင်ဆင်ပေးလေမလားရယ်လို့ မျှော်လင့်ချက်တွေ မြင့်မားခဲ့ကြပါတယ်။

ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိရဲ့ ခင်ပွန်း၊ ဇနီးသည်နဲ့ သား၊ သမီးတွေ နိုင်ငံခြားသားဖြစ်နေရင် သမ္မတတာဝန်ယူခွင့်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဟာ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်သလို သူတို့သားနှစ်ဦးဟာလည်း လက်ရှိမှာ ဗြိတိန်နိုင်ငံသားတွေဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့သစ်မှာ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သွားမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိပါတယ်။ ဒီရာထူးကိုယူခဲ့မယ်ဆိုရင် သူ့အနေနဲ့ နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးကို ဦးဆောင်ရင်း တစ်ဖက်ကလည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေဆုံးဖြတ်ရာမှာ အဓိကကျတဲ့ အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီမှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတယ်ဆိုတာကလွဲပြီး ဦးထင်ကျော်ရဲ့ နောက်ကြောင်း အချက်အလက်တွေကို သိပ်မသိကြပေမယ့် ပြည်သူတွေကတော့ သူတို့ရဲ့ မထင်မရှား သမ္မတသစ်အပေါ် အပြုသဘောနဲ့ မြင်ကြပါတယ်။

မြန်မာ့ နိုင်ငံရေးခေတ်စနစ်ပေါင်းစုံကို ဖြတ်သန်းခဲ့ဖူးတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ “တိုင်းပြည်ရဲ့ အနာဂတ် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

“NLD ပါတီ အစိုးရဖွဲ့နိုင်ပြီဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သူတို့ ဖြစ်စေချင်သလို တဖြည်းဖြည်း လုပ်ဆောင်သွားနိုင်မယ်လို့ ထင်ပါတယ်။ ဦးထင်ကျော်အကြောင်းကိုတော့ ကျွန်တော် အများကြီးမသိလို့ မှတ်ချက်မပေးလိုပါဘူး” လို့ သခင်ချန်ထွန်းက ပြောပါတယ်။

ရန်ကုန်မြို့ထဲမှာ မုန့်ဆိုင်ဖွင့်ထားတဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်မိုးသီကတော့ ရွေးကောက်ပွဲမှာ NLD ကို မဲထည့်ခဲ့သူတစ်ဦးပါ။

သူက “လှိုက်လှဲစွာကြိုဆိုပါတယ်၊ ဦးထင်ကျော် သမ္မတဖြစ်တာကိုပေါ့။ ဆရာကြီး ဦး(မင်း)သုဝဏ်ရဲ့သား ဖြစ်ရုံတင်မကဘူး။ သူကိုယ်တိုင်ကလည်း ပညာတတ်တစ်ယောက်ဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အများကြီးမျှော်လင့်မိပါတယ်။ ကျွန်မတို့မှာ သားသမီးတွေလည်းရှိတော့ သူတို့ရဲ့အနာဂတ်အတွက်တင်မကဘူး ကျွန်မတို့ အသက်ကြီးသွားတဲ့အခါမှာ ရင်ဆိုင်ရမှာတွေအတွက်ပါ စိတ်အေးသွားသလိုခံစားရပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ထဲမှာပဲနေတဲ့ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ မွတ်စလင်တစ်ဦးဖြစ်သူ ဦးကျော်ဇံကတော့ ဦးသိန်းစိန် လက်ထက်မှာ ဗုဒ္ဓဘာသာအစွန်းရောက်တွေ ဖြန့်ခဲ့တဲ့ မွတ်စလင်မုန်းတီးရေးတရားတွေကို အစိုးရသစ်က ရပ်တန့် ပေးနိုင်လို့မယ်လို့ထင်ကြောင်း ပြောပါတယ်။

“ဘာသာရေးနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေလည်း လာမယ့် အစိုးရသစ်လက်ထက်မှာ ကွယ်ပျောက်သွားလိမ့်မယ် လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တာလည်း ကောင်းပါတယ်။ သူက အသက်ကြီးပြီဆိုတော့ နားနားနေနေနဲ့ဆိုတော့ အချိန်ကြာကြာနဲ့ပိုပြီးတော့ ဦးဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ကပဲ ထင်ရှားတဲ့မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးလွင်ကတော့ သူဟာ သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ဦးထင်ကျော်နဲ့ တစ်ကျောင်းတည်း တက်ဖူးပြီး သဘောကျစရာကောင်းတဲ့လူတစ်ယောက်အဖြစ် သိထားတယ်လို့ ပြောပါတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည်အိမ်မှာလုပ်တဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအစည်းအဝေးတစ်ခုမှာ ဦးထင်ကျော်နဲ့ဆုံဖူးစဉ်က မှတ်မိတာတစ်ခုကို ပြောပြပါတယ်။

“ကိုယ်က မိတ်မဆက်ခင် သူကအရင်လာပြီးတော့ကို စကားပြောတာ။ ဆိုလိုတာက သူက အင်မတန်စိတ်ထားနူးညံ့တဲ့သူပါ။ ဘာမာန်မာနမှရှိဘူး” လို့ ဦးအေးလွင်က ဆိုပါတယ်။

ဒါ့ပြင် ဦးအေးလွင်က သမ္မတသစ်ရဲ့လက်အောက်မှာ မြန်မာနိုင်ငံက မွတ်စလင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝရလာပြီး တရားဥပဒေစိုးမိုးမှုကိုလည်း ခံစားရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုမြတ်သူက သမ္မတသစ်ဟာ အခြေခံ ဥပဒေအရ သူ့ကိုလုပ်ပိုင်ခွင့်ပေးထားတဲ့ ဝန်ကြီးဌာနတွေမှာ ပြုပြင်ပြောင်းလဲရေးကို အောင်အောင် မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ထင်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်က တိုက်ရိုက်ခန့်ထားမယ့် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအပေါ်မှာတော့ အလားတူတိုးတက်မှှုမျိုးကို မြင်ရနိုင်မှာမဟုတ်ဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒေါ်စုအပေါ်သစ္စာခံတဲ့ သမ္မတ၊ ဦးသန်းရွှေရဲ့လူယုံတော် ဒုသမ္မတ

ဦးထင်ကျော်ဟာ မျိုးရိုးစဉ်ဆက် ကောင်းသူတစ်ဦးဖြစ်ပါတယ်။ သူဟာ လန်ဒန်တက္ကသိုလ်ကနေ ကွန်ပြူတာသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရသူတစ်ဦးပါ။ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ ကဗျာဆရာတစ်ဦးဖြစ်သလို စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်ပါတယ်။ မင်းသုဝဏ်ဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း ကမာရွတ်မြို့နယ်ရဲ့ ရွေးကောက်ခံကိုယ်စားလှယ် တစ်ဦးဖြစ်ပေမယ့် အဲဒီတုန်းက စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့ပါဘူး။

ဦးထင်ကျော်ဟာ ယခုလွှတ်တော်သက်တမ်းမှာ ကိုယ်စားလှယ်တစ်ဦးမဟုတ်ပေမယ့် စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရစဉ်ကတည်းက အနီးကပ် ကူညီခဲ့သူတစ်ဦးပါ။ သူဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အကြီးတန်း အမှုဆောင်အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်စုစုလွင်ကတော့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွေမှာ နှစ်ကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဒေါ်စုစုလွင်ရဲ့ ဖခင်ကလည်း NLD ပါတီကို ကနဦးစတင်ထူထောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

“ဦးထင်ကျော်က ကိုယ်ရည်ကိုယ်သွေးကောင်းသူတစ်ယောက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သူ တောက်လျှောက် ကူညီလာခဲ့တယ်။ ပိုပြီးအရေးကြီးတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုလိုက်ပြီဆိုရင် သူဟာ သမ္မတတာဝန်ကို လိုလိုလားလားနဲ့ကို လွှဲပြောင်းပေးမှာပါ” လို့ သမ္မတစိစစ်ရွေးချယ်ရေးမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သူ NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။

လွှတ်တော်က ဒုသမ္မတနှစ်ဦးကိုလည်း ရွေးချယ်ခဲ့ရာမှာ နှစ်ဦးစလုံးက စစ်တပ်အရာရှိဟောင်းတွေပဲ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေက တင်မြှောက်ခဲ့လို့ ဒုတိယမဲအများဆုံးရသွားခဲ့ ဒုသမ္မတ (၁) နေရာကို ရရှိသွားခဲ့ပါတယ်။ သူ ဒုသမ္မတဖြစ်လာတာဟာ နာမည်မကောင်းတဲ့စစ်အစိုးရခေတ်က လူတစ်ယောက်ကို NLD အစိုးရအဖွဲ့အတွင်း အက္ခရာကျကျ သွတ်သွင်းလိုက်တဲ့ အနေအထားဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတစ်ဦးဖြစ်တယ်လို့ သိထားကြသလို ၂ဝဝ၄ ခုနှစ်တုန်းက ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားခဲ့တဲ့ဖြစ်ရပ်အပြီးမှာလည်း ထောက်လှမ်းရေးကို ကိုင်တွယ်ရသူဖြစ်လာပါတယ်။ ဦးမြင့်ဆွေဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုခံထားရသူတွေ စာရင်းထဲမှာ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးဖြိုခွဲမှှုအပြီးတစ်နှစ်အကြာမှာ ထည့်သွင်းခံထားရသူဖြစ်ပြီး၊ ယခုအချိန်ထိလည်း ဒီစာရင်းထဲမှာရှိနေပါသေးတယ်။

ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူကလည်း စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သလို NLD ပါတီရဲ့ ချင်းတိုင်းရင်းသား လွှတ်တေ်ာကိုယ်စားလှယ်ဖြစ်ပါတယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly