ရီယူနီယံကျွန်းတွင်ရှာတွေ့ခဲ့သော လေယာဉ်အပိုင်းအစမှာ MH 370 မှ ဖြစ်ဖွယ်မရှိဟု သြစတြေးလျ ပြော

ရီယူနီယံကျွန်းတွင်ရှာတွေ့ခဲ့သော လေယာဉ်အပိုင်းအစမှာ MH 370 မှ ဖြစ်ဖွယ်မရှိဟု သြစတြေးလျ ပြော

ဆစ်ဒနေ၊ မတ်၊ ၁၆ ။           ။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ရီယူနီယံကျွန်းမှ ရှာတွေ့ခဲ့သော ဒုတိယမြောက်လေယာဉ်ပျက်အပိုင်းအစမှာ ပျောက်ဆုံး နေသော MH 370 လေယာဉ်မှ ဖြစ်ဖွယ်ရာမရှိဟု သြစတြေးလျအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ယခုလဆန်းပိုင်းက ပြင်သစ်နိုင်ငံပိုင် ရီယူနီယံကျွန်းပေါ်တွင် တွေ့ရှိခဲ့သော လေယာဉ်ပျက်အစိတ်အပိုင်းတစ်ခုကို သြစတြေးလျကျွမ်းကျင်သူများက စစ်ဆေးခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်ခန့်ကပျောက်ဆုံးသွားခဲ့သော MH 370 လေယာဉ်မှဟု အတည်ပြုနိုင်သော အစိတ်အပိုင်းတစ်ခုကို ရီယူနီယံကျွန်းပေါ်မှတွေ့ရှိခဲ့သော်လည်း ဒုတိယမြောက်ထပ်မံတွေ့ရှိသည့်   လေယာဉ်ပျက်အစိတ်အပိုင်းမှာမူ ယင်းလေယာဉ်မှ ဖြစ်ဖွယ်မရှိကြောင်း စစ်ဆေးမှုရလဒ်များအရ တွေ့ရှိရသည်။

သြစတြေးလျဦးဆောင်သော နိုင်ငံစုံမှပညာရှင်များပါဝင်သည့်ပူးပေါင်းအဖွဲ့သည် မလေးရှားလေကြောင်းလိုင်းပိုင် MH 370 လေယာဉ် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် လမ်းကြောင်းပြောင်းရောက်ရှိ သွားနိုင်သည်ဟု ယူဆရသော အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ရှာဖွေမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

မကြာသေးမီရက်သတ္တပတ်အတွင်းကလည်း MH 370 လေယာဉ်မှဖြစ်ဖွယ်ရှိသော အစိတ်အပိုင်းနှစ်ခုကို မိုဇမ်ဘစ်နိုင်ငံ တွင် တွေ့ရှိခဲ့သေးရာ ယခုအခါတွင် ထိုအစိတ်အပိုင်းများကိုလည်း သြစတြေးလျသု့ိပို့ဆောင်ပြီး စစ်ဆေးအတည်ပြုရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ခရီးသည်ပေါင်း ၂၃၉ ဦးနှင့် လေယာဉ်အမှုထမ်းများလိုက်ပါသွားသော ဘိုးရင်း ၇၇၇ အမျိုးအစာ MH 370 လေယာဉ်ပျောက်ဆုံးသည်မှာ ၂ နှစ်ကျော်လာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ခိုင်မာသည့် အချက်အလက်၊ အထောက်အထားများတွေ့ရှိထားခြင်း မရှိသေးချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly