DKBA ၏ စစ်ဦးစီးချုပ် ဗုုိလ်ချုပ်ကြီး စောလားပွယ် နေရာ ဗိုလ်ချုပ် စောမိုရှေး ဆက်ခံဖွယ်ရှိ

DKBA ၏ စစ်ဦးစီးချုပ် ဗုုိလ်ချုပ်ကြီး စောလားပွယ် နေရာ ဗိုလ်ချုပ် စောမိုရှေး ဆက်ခံဖွယ်ရှိ
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ က ပြုလုပ်ကျင်းပသည့် ဒီကေဘီအေနေ့ အခမ်းအနားတွင် ဂုဏ်ပြုစစ်ချီတပ်မတော်သားများအား စစ်ဆေးနေသည့် ဗိုလ်ချုပ်စောမိုရှေးအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ချင်းမိုင်၊ မတ် ၁၆ ။            ။ ပဲခူးမြို့ ဆေးရုံကြီးတွင် လည်ချောင်း ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် ခေါ် နှုတ်ခမ်းမွေး၏ နေရာတွင် တာဝန်ယူနေသော ဗိုလ်ချုပ် စောမိုရှေးအား တာဝန်ပေးအပ်ဖွယ်ရှိသည်ဟု သိရသည်။

ဈပန အခမ်းအနား ကျင်းပပြီးပါက  တပ်မှူးများ စုံညီအစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း  DKBA တပ်ရင်း ၉၀၈ ၏ တပ်မှူး ဒု ဗိုလ်မှူးကြီး စောစိန်ဝင်းက မဇ္ဈိမကို ပြောသည်။

“သူက စစ်ဦးစီးချုပ်အနေနဲ့ ပြန်ကိုင်ထားတယ်။ သူဘဲ ရှိလိမ့်မယ်လို့ ကျနော် ခန့်မှန်းတယ်။ သူကတော့ စည်းရုံးရေး အားကောင်းတယ်။ လက်ရှိ ကျနော်တို့ အဖွဲ့တွေကလည်း သူ့ကို လေးစားကြပါတယ်။ ဒါကြောင့် သူဘဲ ခန့်မှန်းတာပေါ့လေ။ အစည်းအဝေးမှာဘဲ အတည်ပြုမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အသက် ၅၄ နှစ်အရွယ် ဗိုလ်ချုပ်ကြီး စောလားပွယ်သည် မတ်လ ၁၃ ရက်က ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် သူ၏ ရုပ်ကလပ်ကို လက်ရှိ DKBAဌာနချုပ် သူ၏ နေအိမ်တွင် ထားရှိကာ လာမည့် မတ် ၁၉ ရက်တွင် သဂြိုလ်မည် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်သော်လည်း လက်ရှိ အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) သဘောတူညီချက် အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ဖြစ်သလို၊ သူ၏ ရည်မှန်း ချက်ဖြစ်သော ငြိမ်းချမ်းရေးရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်တို့ ခေါင်းဆောင်တယောက် ဆုံးသွားတာ ဆုံးရှုံးမှုတော့အများကြီးရှိတယ်။ ဒါပေမဲ့ လက်ရှိ သူချမှတ်ခဲ့တဲ့ သူသွားစေချင်တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ကျနော်တို့က ဆက်လက် အကောင်အထည်ဖော်ပေးရမှာ ကျနော်တို့ တာဝန်ပါ။ ငြိမ်းချမ်းရေးရမယ်။ နယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်မယ်။ လူထုတွေ စားဝတ်နေရေး အဆင်ပြေမယ်ဆိုတာ အဓိကပါ”ဟု ဒုဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောသည်။

DKBA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့တို့နှင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က ဗိုလ်ချုပ်ကြီး စောလားပွယ်သည် နေပြည်တော်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၃ ခုနှစ်နောက်ပိုင်း ကျန်းမာရေးမကောင်း ဖြစ်နေသော်လည်း DKBA ကို သူ၏ ဆုံးဖြတ်ချက်အတိုင်း ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်ရှိ သူထိန်းချုပ်နေသော အရှေ့ဒေါန ပတ်ဝန်းကျင်ရှိ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဆံတော်ရှင် မုလအိတောင်သို့ ယခင်က ခြေကျင်ဖြင့် တက်ရောက်နိုင်ရာမှ ယခု ကားဖြင့် သွားရောက် ဖူးမျော်နိုင်ပြီ ဖြစ်သလို၊ လမ်းပန်း ဆက်သွယ်ရေး၊ တံတား၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် စေတီများ တည်ဆောက် နိုင်ခဲ့ခြင်းသည် သူ လုပ်ဆောင်နိုင်ခဲ့သော အမှတ်ရစရာများ ဖြစ်ခဲ့သည်ဟု ဒုဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောသည်။

ဗိုလ်မှူးချုပ် စောလားပွယ်သည် ကရင်အမျုးိသားအစည်းအရုံး (KNU) တွင် တပ်မဟာ ၇ သို့ စတင်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း KNUတပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၇ တွင် တပ်ခွဲမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် DKBA ကလူထူးဘော တပ်ဖွဲ့ကို ဦးဆောင်ခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ် လိုင်ဘွဲ့မြို့နယ် ပိုင်ကျုံဇာတိဖြစ်ပြီး ဗိုလ်မှူးချုပ် နှုန်ခမ်းမွေး ဟုလည်း နာမည်ကြီးသည်။ သူ ဦးဆောင်သော DKBA သည် ၂၀၁၀ ခုနှစ်က အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြောဆိုခဲ့သော်လည်း လက်မခံပေ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။

ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA) ခေါင်းဆောင် စောလားပွယ်၏ ရုပ်ကလပ်ကို မတ်လ ၁၉ ရက် မွန်းလွဲ ၁၂ နာရီချန်တွင်မှ ၂ နာရီချိန်ထိ စစ်ရေးပြ အခမ်းအနားပုံစံဖြင့် ပို့ဆောင်သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags