အာဏာရှင်စနစ်ဖျက်သိမ်းရေး Facebook တွင်လှုံ့ဆော်သည့် ကမ္ဘောဒီးယားကျောင်းသား ထောင်ဒဏ်ချမှတ်ခံရ

အာဏာရှင်စနစ်ဖျက်သိမ်းရေး Facebook တွင်လှုံ့ဆော်သည့် ကမ္ဘောဒီးယားကျောင်းသား ထောင်ဒဏ်ချမှတ်ခံရ

ဖနွမ်းပင်၊ မတ်၊ ၁၆ ။          ။ အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် Facebook လူမှုကွန်ယက်တွင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် ကျောင်းသားတစ်ဦး ကို ကမ္ဘောဒီးယားအာဏာပိုင်များက ထောင်ဒဏ် ၁၈ လချမှတ်လိုက်သည်။

အခြားသောကမ္ဘာ့နိုင်ငံများကဲ့သို့ပင် ကမ္ဘောဒီးယားတွင်လည်း Facebook ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိကြကာ အစိုးရ၏မတရားပြုကျင့်မှုများနှင့်   နိုင်ငံရေးစနစ်ပြောင်းလဲရေးတို့နှင့် ပတ်သတ်ပြီး ဝေဖန်ဆွေးနွေးစရာနေရာအဖြစ်လည်း အသုံးပြုလျှက်ရှိကြသည်။

အသက် ၂၄ နှစ်အရွယ် ကောင်းရာယာသည် တိုင်းပြည်အာဏာကို နှစ်ပေါင်းများစွာရယူထားသော ဝန်ကြီးချုပ်ဟွမ်ဆန် ကို ဝေဖန်ပြီး အာဏာရှင်စနစ်ကိုဆန့်ကျင်ရေးအတွက် Facebook ပေါ်တွင်လှုံ့ဆော်ရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ လူမှုကွန်ယက်မှတဆင့် အစိုးရကိုဆန့်ကျင်သဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးကမ္ဘောဒီးယားလူမျိုးဖြစ်လာ ခဲ့သည်။

အင်တာနက်ပေါ်မှဝေဖန်တိုက်ခိုက်မှုများကို နာရီပိုင်းအတွင်း ခြေရာခံပြီး ဖမ်းဆီးနိုင်သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်က ပြောကြားထားဖူးသည်။

ကောင်းဟာရာသည် အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်းသူနှင့်အတူဝိုင်းဝန်းဖော်ပြကြရန် Facebook ပေါ်တွင်လှုံ့ဆော်ခဲ့ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

သူ၏လုပ်ရပ်အတွက် ထောင်ကျရမည်၊ သေရမည်ဆိုလျှင်လည်း ဂရုမစိုက်ကြောင်းကောင်းဟာရာက ပြောကြားခဲ့သေးသည်။

သို့သော် သူ၏စည်းရုံးလှုံ့ဆော်မှုအတိုင်း လူအများကလိုက်ပါလုပ်ဆောင်ခဲ့ကြခြင်းမရှိချေ။

ကောင်းဟာရာမှာ ထောင်ဒဏ် ၁၈ လချမှတ်ခံရသည့်အခါတွင်လည်း ထိတ်လန့်အံ့သြဟန်မပြခဲ့ဘဲ ယခုဆုံးဖြတ်ချက်က ကမ္ဘောဒီးယားတရားရုံးများ၏ အလုပ်လုပ်ပုံကိုပြနေသည်ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွမ်ဆန်သည် ပြီးခဲ့သော စက်တင်ဘာလက Facebook စတင်သုံးစွဲခဲ့ပြီး ယခုအခါတွင် Facebook ကိုပုံမှန်သုံးစွဲလျှက်ရှိကာ ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ အဆင်မပြေမှုများကို Facebook မှတဆင့်သူ့ကို ပြောပြပါက ဖြေရှင်းပေးရန်စီစဉ်သွားမည်ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly