ရွှေသံလွင်ပိုင် Golden Sky World နှင့် ဂျပန် ANA တို့ပူးပေါင်းပြီး နိုင်ငံတကာလေကြောင်းလိုင်းထူထောင်ရန် ပြင်ဆင်

ရွှေသံလွင်ပိုင် Golden Sky World နှင့် ဂျပန် ANA တို့ပူးပေါင်းပြီး နိုင်ငံတကာလေကြောင်းလိုင်းထူထောင်ရန် ပြင်ဆင်

ရန်ကုန်၊ မတ်၊ ၁၆ ။        ။ ရွှေသံလွင်ကုမ္ပဏီမှ ပိုင်ဆိုင်သော Godlen Sky World ကုမ္ပဏီနှင့် ဂျပန်နိုင်ငံ၏အကြီးဆုံးလေကြောင်းကုမ္ပဏီတစ်ခု ဖြစ်သော ANA Holdings  (All Nippon Airways) ကုမ္ပဏီတို့ပူးပေါင်းပြီး နိုင်ငံတကာလေကြောင်းလိုင်းတစ်ခု ထူထောင်ရန် ပြင်ဆင်လျှက်ရှိသည်။

အဆိုပါ ဂျပန်-မြန်မာ စပ်တူလေကြောင်းလိုင်းလုပ်ငန်းအတွက် လိုင်စင်တင်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအစိုးရက အစိုးရသစ်သို့အာဏာလွှဲပြောင်းပေးခါနီးမှ ကပ်ပြီး ယခုကဲ့သို့ လိုင်စင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုချက်ရရန်စောင့်ဆိုင်းနေသည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒါရိုက်တာတစ်ဦးကလည်း ပြောကြားထားသည်။

လက်တလောတွင် ယင်းလေကြောင်းလိုင်းကို Asian Blue ဟု ယာယီအမည်ပေးထားပြီး နိုင်ငံတကာလေယာဉ်ခရီးစဉ်များ သာ ပြေးဆွဲသွားမည်ဖြစ်သည်။

လေကြောင်းလုပ်ငန်းအတွင်းမှအချို့သတင်းရင်းမြစ်များကမူ Asian Blue အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပို့ဆောင်ရေးဝန်ကြီးဌာနက ချထားပေးပြီးနေပြီဟု ပြောကြားလျှက်ရှိသည်။

ထိုပြောကြားချက်များနှင့်ပတ်သတ်ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်း မရှိဘဲ လက်ရှိအချိန်တွင် မြန်မာ့ရင်းနှီးမြုပ်နံှမှုကော်မရှင်၏ ဆုံးဖြတ်ချက်ပေါ်တွင်မူတည်နေသည်ဟုသာ ပြောကြားခဲ့သည်။

ANA Holdings အနေဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ ယခုမှပထမဆုံးအကြိမ်ဝင်ရောက်ခြင်းမဟုတ်ဘဲ မြန်မာပြည်တွင်း လေကြောင်းလိုင်းတစ်ခုဖြစ်သော Asian Wings လေကြောင်းနှင့်လည်း ၂၀၁၃ ခုနှစ်ကတည်းက ပူးပေါင်းလုပ်ကိုင်လျှက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly