အိုင်အက်စ်တို့ သိမ်းပိုက်နယ်မြေ ၂၂ ရာခိုင်နှုန်း လက်လွတ်ဆုံးရှုံး

အိုင်အက်စ်တို့ သိမ်းပိုက်နယ်မြေ ၂၂ ရာခိုင်နှုန်း လက်လွတ်ဆုံးရှုံး

ဒမတ်စကပ်၊ မတ် ၁၆ ။         ။ ပြီးခဲ့သည့် ၁၄ လအတွင်း ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်တို့က ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေ ၂၂ ရာခိုင်နှုန်းကို ပြန်လည်လက်လွတ်ဆုံးရှုံးကြောင်း သုတေသနတစ်ရပ်က ဖော်ပြသည်။

သုတေသနကုမ္ပဏီ IHS က ယင်းအချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့အနေဖြင့် တူရကီ-ဆီးရီးယားနယ်စပ်ကို ထိန်းချုပ်နိုင်ခြင်း လက်လွတ်ခဲ့ရပြီးနောက် ရေနံမှ အဓိကရနေသည့် ၎င်းတို့၏ ဘဏ္ဍာငွေလည်း ၄၀ ရာခိုင်နှုန်း ဆုံးရှုံးကြောင်းဖော်ပြသည်။

ဆီးရီးယားသို့ အိုင်အက်စ်တို့ဖက်က တိုက်ပွဲဝင်ရန် သွားကြသည့် ဗြိတိန်ဂျီဟတ်ဝါဒီဦးရေလည်း ကျဆင်းခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

ဆီးရီးယားရှိ နယ်မြေများကို အိုင်အက်စ်တို့ လက်လွတ်ရခြင်းသည် အိုင်အက်စ်ထိပ်တန်းခေါင်းဆောင်များအား သုတ်သင်နိုင်ခြင်း၊ ဖမ်းဆီးနိုင်ခြင်းနှင့် ဝါဒဖြန့်ချိရေးလည်း အားနည်းလာရခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

အိုင်အက်စ်တပ်သားစုဆောင်းမှုများသည် ဆီးရီးယားတွင် ဆက်လက်ရှိနေစဉ်ဖြစ်သော်လည်း နှေးကွေးကျဆင်းနေပြီဖြစ်သည်။ ဆီးရီးယားသို့ အစွန်းရောက်အဖွဲ့ဝင်ရန် ဗြိတိန်နိုင်ငံမှ ထွက်ခွာသူ စုစုပေါင်း ၈၀၀ ကျော်ရှိကြောင်း သတင်းရင်းမြစ်များက ပြောပြီး အများစုက အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်တိုက်ခိုက်ပေးခြင်းဖြစ်သည်။

အစွန်းရောက်များနှင့် သွားရောက်ပူးပေါင်းသူများမှ ၁၀၀ နီးပါးက သေဆုံးပြီး ၃၅၀ ခန့် ဗြိတိန်နိုင်ငံသို့ ပြန်ဝင်လာကြောင်းလည်း သိရသည်။

မြေပိုင်နက်လက်လွတ်ဆုံးရှုံးရခြင်းသည် အိုင်အက်စ်တို့အတွက် ဘဏ္ဍာငွေကိုလည်း အကျပ်အတည်းတွေ့နေစေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly