သားနှင့် သမီးတန်းတူထားရေး မိုဒီတိုက်တွန်း

သားနှင့် သမီးတန်းတူထားရေး မိုဒီတိုက်တွန်း

စီအင်အေ (နယူးဒေလီ)။ ။ အိန္ဒိယတွင် ကျားမခွဲခြားမှုကို တိုက်ဖျက်ရန် ကြိုးစားသည့်အနေဖြင့် ပြည်သူများက မိမိတို့၏ သမီးများကို ပိုမိုဂရုစိုက် စောင့်ရှောက်ကြရန် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက တိုက်တွန်းလိုက်သည်။

မိန်းကလေးများအပေါ် သဘောထားပြောင်းရန်နှင့် သမီးများကို သားများနှင့် တန်းတူထားစေရန် ကြိုးပမ်းသည့် အနေဖြင့် သမီးငယ်များ၏ ဓါတ်ပုံများကို လူမှုမီဒီယာ ဝက်ဘ်ဆိုက်များသို့ တင်ရန် ပြည်သူများကို တိုက်တွန်းမှုအား ရေဒီယိုမှ ထုတ်လွှင့်ခဲ့သည်။ မိုဒီသည် ၎င်း၏ Save your Daughter, Teach your Daughter campaign အစီအစဉ်အရ အကောင်းဆုံး တင်နိုင်သူအချို့ကို ပြန်လည်ပြောဆိုရေးသားမှုများ ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ အမျိုးသား၊ အမျိုးသမီးများက ဓါတ်ပုံများတင်မှုနှင့် အတူ hashtag#SelfieWithDaughter မှာ မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားသည်။ "Save your Daughter, Teach your Daughter လှုံ့ဆော်မှု အစီအစဉ်ကို ကျွန်တော်တို့ တကယ်သဘောကျပါတယ်" ဟု ဂျမ်မူးတွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။

"သူ့ရဲ့စကားလုံးတွေက ဝေးလံတဲ့ ရွာတွေထိ ရောက်ပါတယ်။ ကျွန်တော် သိပ်ပျော်ပါတယ်။ လူတိုင်းကလည်း နှစ်ထောင်း အားရဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ လှုံ့ဆော်တိုက်တွန်းမှုသည် နိုင်ငံမြောက်ပိုင်း၊ ဟာရီယာနာပြည်နယ်ရှိ ဘီဘီပူရ်ရွာလေး တစ်ရွာတွင် သီတင်းပတ်အနည်းငယ်က စတင်ဖြစ်ပွားစေခဲ့သည်။ သမီးငယ်များအပေါ် လေးစားမှုနှင့် မေတ္တာတရား ထားရှိရေး သမီးငယ်များနှင့် အတူရိုက်ထားသော ဆယ်လ်ဖီဓါတ်ပုံများ ဝက်ဘ်ဆိုက်သို့တင်ကြရန် ရွာရှိအမျိုးသားများကို ကျေးရွာအကြီးအကဲများက တိုက်တွန်းခဲ့သည်။ ဟာရီယာနာပြည်နယ်သည် မိန်းကလေး သန္ဓေသားဖျက်ချရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ယောကျ်ားလေး ဦးစားပေးသည့် လိင်ခွဲခြားမှုကြောင့် နှစ်စဉ် မိန်းကလေးကိုယ်ဝန် ၃၇,၀၀၀ ခန့်ကို ဖျက်ချလေ့ရှိသည်။

"ရုပ်သံနဲ့ ရေဒီယိုက ကျွန်တော်တို့ ဝန်ကြီးချုပ်ပြောတာ ကြားပါတယ်။ ဘီဘီပူရ်လို ရွာလေးတစ်ရွာက ဒီလိုအများကြီး အသိအမှတ်ပြုခံရတဲ့အတွက် ကျွန်တော်တို့ သိပ်ကိုပျော်ပါတယ်။ ပြီးတော့ ဝန်ကြီးချုပ်က ကျွန်တော်တို့နဲ့တွေ့ချင်တယ်လို့လည်း ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက အတိုင်းမသိပါဘဲ" ဟု ထိုရွာက နေထိုင်သူ တစ်ဦးဖြစ်သူ ဆူဒက်ရှ်က ပြောကြားခဲ့သည်။ ယခုနှစ်တွင် ထူးခြားစွာ Raksha Bandhan ပွဲတော် ကျင်းပရန်လည်း မိုဒီက ပြည်သူများကို တိုက်တွန်းခဲ့သည်။ သြဂုတ်လတွင် ကျင်းပသည့် ယင်းပွဲတော်က မောင်နှမနှစ်ယောက်ကြားက သံယောဇဉ်ကို ဖော်ကျူးဂုဏ်ပြုသည်။

ထို့အပြင် အိမ်တွင်း အိမ်ပြင် အလုပ်လုပ်သော အမျိုးသမီးများကို မကြာသေးမီက စတင်ခဲ့သော လူမှုဖူလှုံရေး အစီအစဉ်တွင် စာရင်းသွင်းကြရန်လည်း မိုဒီက ပြည်သူများကို တိုက်တွန်းခဲ့သည်။

ယခုလှုံ့ဆော်မှု အစီအစဉ်သည် မိုဒီ၏ အစိုးရအပေါ် ခြစားမှုစွဲချက်များမှ လူထုကို အာရုံလွှဲရန် ကြိုးစားခြင်း ဖြစ်သည်ဟု အတိုက်အခံတို့က စွပ်စွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly