ဒုသမ္မတအဖြစ်ရွေးခံရသူဦးမြင့်ဆွေ စစ်တပ်ထောက်ခံမှုကိုသာအဓိကရရှိ

ဒုသမ္မတအဖြစ်ရွေးခံရသူဦးမြင့်ဆွေ စစ်တပ်ထောက်ခံမှုကိုသာအဓိကရရှိ

ရန်ကုန် (Myanmar Now) –သမ္မတ၊ ဒုသမ္မတနေရာတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရွေးချယ်မှုကိုထောက်ခံ၊ သြဘာပေးသူအများအပြားရှိနေပေမယ့် တပ်မတော်လမ်းကြောင်းကနေလာပြီးအင်္ဂါနေ့မှာဒုသမ္မတအဖြစ်ရွေးခံရသူဦးမြင့်ဆွေကိုတော့ ထောက်ခံအားပေးသူအနည်းအကျဉ်းသာရှိနေပါတယ်။ 

အခြေခံဥပဒေပါအခွင့်အရေးအရဒုသမ္မတတစ်ဦးကိုတပ်မတော်ကစိတ်ကြိုက်ရွေးချယ်ရာမှာတာဝန်ထမ်းဆောင်ဆဲစစ်ဗိုလ်ချုပ်တွေ၊ အရပ်ဘက်ရောက်နေတဲ့ စစ်အရာရှိဟောင်းတွေ အများအပြားကိုကျော်ပြီးသဘောထားတင်းမာသူအဖြစ် အများကယူဆကြတဲ့ ဦးမြင့်ဆွေကိုရွေးချယ်ခဲ့တာပါ။ 

ဦးမြင့်ဆွေကိုဒုသမ္မတနေရာမှာထားဖို့ တပ်မတော်ကစီစဉ်တာဒါဟာပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂ဝ၁၂ မှာကျန်းမာရေးကိစ္စနဲ့ အနားယူမယ့် ဒုသမ္မတတစ်ဦးဖြစ်သူသီဟသူရဦးတင်အောင်မြင့်ဦးရဲ့ နေရာမှာသူ့ကိုအစားထိုးဖို့ တပ်မတော်ဘက်ကစီစဉ်ခဲ့ပေမယ့် အဲ့ဒီအချိန်ကသူ့ရဲ့သားမက်ဖြစ်သူဟာ သြစတြေးလျနိုင်ငံသားခံယူထားသူဖြစ်တဲ့အတွက် အခြေခံဥပဒေပုဒ်မ ၅၉ (စ) ပါ ဒုသမ္မတအရည်အချင်းသတ်မှတ်ချက်နဲ့ ငြိစွန်းနေတာကြောင့် အစီအစဉ် ပျက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတပ်မတော်ကသူ့ကိုဒုသမ္မတလောင်းအဖြစ် ရွေးချယ် တင်သွင်းရာမှာတော့ NLD ကြီးစိုးတဲ့ သမ္မတအရည်အချင်းစိစစ်တဲ့အဖွဲ့ကဒီတင်သွင်းမှုကိုကန့်ကွက်ခြင်းမရှိခဲ့ပါဘူး။

ဦးမြင့်ဆွေဟာတပ်မတော်ကနေဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ပြီး ၂ဝ၁ဝ  ရွေးကောက်ပွဲကတစ်ဆင့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။

၂ဝ၁၅ လဆန်းပိုင်းရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြမှုကိုလက်ပတ်နီဝတ် စွမ်းအားရှင်တွေအသုံးပြုပြီးကိုင်တွယ်ခဲ့တာဟာဥပဒေနဲ့အညီလုပ်တာဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် အပြင်းအထန် ဝေဖန်ခံရသူပါ။

ရန်ကုန်ဟာသူ့အတွက်တော့ အစိမ်းသက်သက် မဟုတ်ပါဘူး။ စစ်အစိုးရခေတ် ၂ဝဝ၇ ခုနှစ်ကရန်ကုန်မှာသံဃာများ ဆန္ဒပြမှုကိုအကြမ်းဖက် ဖြေရှင်းရာမှာဦးမြင့်ဆွေကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးတာဝန် ယူထားသူ ဖြစ်ပါတယ်။

၂ဝ၁၃ နှစ်ကုန်ပိုင်း   7Day သတင်းဂျာနယ်နဲ့ တွေ့ဆုံစဉ်မှာတော့ ရွှေဝါရောင်သံဃာ့အရေးအခင်းကိုကိုင်တွယ်ခြင်းဟာတာဝန်အရဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်တယ်၊ ဒီတာဝန်ယူမှုအတွက်သေဒဏ်ပေးရင်လည်းခံနိုင်တယ်လို့  ပြောဆိုခဲ့ဖူးပါတယ်။

ဦးမြင့်ဆွေ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရတော့မယ် အချိန်မှာပဲထွက်ပေါ်လာတဲ့ အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထားပိတ်ဆို့ခံထားရသူများစာရင်းမှာသူ့အမည် ပါဝင်ဆဲဖြစ်တာတွေ့ရပါတယ်။ ဒီလိုပိတ်ဆို့ခံရသူဟာအမေရိကန်နိုင်ငံကိုခရီးသွားလာခွင့် မရှိသလိုအမေရိကန်နိုင်ငံသားတွေကိုလည်းဒီစာရင်းထဲပါဝင်သူတွေနဲ့  ထိတွေ့ဆက်ဆံခွင့် ကန့်သတ်ထားပါတယ်။ 

ဦးမြင့်ဆွေ တပ်မတော်ကိုယ်စားလှယ်များအစုအဖွဲ့လမ်းကြောင်းကနေသမ္မတလောင်းဖြစ်လာတာနဲ့ ပတ်သက်ပြီးအမေရိကန်နိုင်ငံခြားရေးဌာနက ကြိုဆိုခြင်းမရှိပါဘူး။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးလုပ်ငန်းစဉ်ကိုထောက်ခံအားပေးပေမယ့်  လွှတ်တော်ထဲမှာတပ်မတော်က ၂၅ ရာခိုင်နှုန်းဝင်ရောက်နေရာယူခွင့်၊   စစ်တပ်ကသမ္မတလောင်းတစ်ဦးအတွက် အမည် တင်သွင်းခွင့်တွေပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်John Kirby က ပြောပါတယ်။

“ပြည်သူတွေအနေနဲ့ သူတို့နိုင်ငံခေါင်းဆောင်တွေကိုသူတို့ကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ရဖို့ လိုပါတယ်။ ဒါကြောင့် အခုလိုသမ္မတလောင်းတွေ ရွေးချယ်တဲ့စနစ်ကိုမကြိုက်ပါဘူး။ ဒုတိယသမ္မတလောင်းအဆိုပြုတဲ့အဆင့်ဟာအရေးကြီးပါတယ်” လို့ သူကဆိုပါတယ်။

သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ဝင် ဖြစ်တဲ့ NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဘမျိုးသိန်းကတော့  “(ဦးမြင့်ဆွေကို) တပ်ကနေရွေးချယ်လိုက်တာကစစ်တပ်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်လို့ယူဆရတယ်”လို့ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူဒေါ်ညိုညိုသင်းကဦးမြင့်ဆွေဟာအုပ်ချုပ်ရေးအတွေ့အကြုံရှိသူ ဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲရေးကာလမှာပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လာဘ်ပေးလာလ်ယူပပျောက်ရေး၊ ဆင်းရဲ့နွမ်းပါးမှုလျော့ချရေးစံနှုန်းတွေနဲ့ ကြည့်ရင် အားရစရာမရှိဘူးလို့ ဆိုပါတယ်။

“သူဟာ ပြီးခဲ့တဲ့သက်တမ်းအတွင်းမှာတော့ တပ်မတော်အပေါ်မှာသစ္စာရှိသူဆိုတာပေါ်လွင်တယ်။ ဒါ့ကြောင့်မို့လို့ တပ်မတော်သားအစုအဖွဲ့ကသစ္စာရှိသူကိုဦးစားပေးရွေးတာ။ NLD ဘက်ကသမ္မတရွေးတာလည်းသစ္စာရှိသူကိုပဲအခြေခံပြီးရွေးတာပဲလေ” လို့ သုံးသပ်ပါတယ်။

ပြည်သူ့ဆန္ဒကိုဖော်ဆောင်မယ့် NLD အစိုးရအဖွဲ့အတွင်းမှာဦးမြင့်ဆွေကြောင့် ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်မယ်လို့ ယူဆကြောင်းဒေါ်ညိုညိုသင်းကပြောပါတယ်။

ဒုသမ္မတနေရာအတွက် ဦးမြင့်ဆွေထက်ပိုမိုသင့်တော်သူတွေတပ်မတော်ထဲမှာအများအပြားရှိတဲ့အတွက် ဒီရွေးချယ်မှုကိုအံ့အားသင့်မိတယ်၊ မျိုးဆက်သစ် စစ်အရာရှိတွေကိုနေရာပေးသင့်ပြီလို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးအကဲခတ် ဦးခင်ဇော်ဝင်းကသုံးသပ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့  စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူဦးလှဌေးဝင်းကတော့ တပ်မတော်အစုအဖွဲ့ရဲ့ ရွေးချယ်မှုဟာမှန်ကန်တယ်လို့ ပြောပါတယ်။

“သင့်တော်ပါတယ်။ သူဟာအတွေ့အကြုံကောင်းတွေအများကြီးရှိတဲ့သူပါ” လို့ သူကဆိုပါတယ်။

ဦးမြင့်ဆွေဟာဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေရဲ့ အနီးကပ်လက်ရုံးတစ်ဆူဖြစ်ခဲ့တဲ့အတွက်ကြောင့်   တပ်မတော်ခေါင်းဆောင်ပိုင်းအပေါ် ဦးသန်းရွှေရဲ့သြဇာရှိနိုင်သေးတယ်လို့ယူဆနေသူတွေလည်းရှိပါတယ်။

“ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေရဲ့ သြဇာဟာတပ်ဘက်ပိုင်းမှာရှိနေသေးတယ်ဆိုတာတော့ ဖြစ်နိုင်တာပေါ့။ သူရဲ့ သြဇာကရှိသင့်သလောက်တော့ ရှိဦးမှာပဲ” လို့နိုင်ငံရေးလေ့လာသူစာရေးဆရာဦးကျော်ဝင်းကဆိုပါတယ်။

မန္တလေးကရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာတော်ဦးသောဘိတကလည်းတပ်မတော်ရဲ့ ရွေးချယ်မှုဟာ ပြည်သူတွေရဲ့ဒေါသကိုဆွပေးသလို ဖြစ်နိုင်တယ်လို့ မိန့်ပါတယ်။

“ဦးမြင့်ဆွေကဦးသန်းရွှေရဲ့လူယုံကြီး ဖြစ်နေတဲ့အတွက်လည်းနောက်ဆုံးတော့ငါတို့တိုင်းပြည်ဟာဦးသန်းရွှေကြီးအုပ်ချုပ်နေပါလားဆိုတဲ့အတွေးကိုရသွားစေတယ်၊ငါတို့လုပ်ချင်ရာလုပ်တယ်ကွာဆိုတဲ့လုပ်ရပ်တွေ ပြသွားတာလို့သုံးသပ်တယ်”လို့ မိန့်ပါတယ်။

အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်မှာကျင်းပတဲ့ သမ္မတရွေးပွဲမှာဦးမြင့်ဆွေကတပ်မတော်သားကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ပါတီကိုယ်စားလှယ်တွေရဲမဲတွေ သေချာပေါက်ရမယ်လို့ အများကယူဆပါတယ်။ ဦးထင်ကျော်ကမဲအရေအတွက် ၃၆ဝ၊  ဦးမြင့်ဆွေက၂၁၃၊ ဦးဟင်နရီဗန်ထီးယူက၇၉ရရှိကြပါတယ်။ သမ္မတရွေးပွဲမှာမဲအများဆုံးမရရှိရင်လည်းဒုတိယမဲအများဆုံးရဖို့ကအရေးကြီးပါတယ်။

သမ္မတရာထူးသက်တမ်းမကုန်ဆုံးခင် နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသောအကြောင်းကြောင့်ဖြစ်စေနိုင်ငံတော်သမ္မတရာထူးနေရာလစ်လပ်သွားတဲ့အခါ သမ္မတရွေးပွဲမှာဒုတိယမဲအများဆုံးရသူကယာယီသမ္မတအဖြစ် တာဝန်ယူရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။     

ဒါ့အပြင် ဒုသမ္မတဟာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ အဖွဲ့ဝင် ၁၁ ဦး ပါ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှာလည်းတာဝန်ယူရမှာ ဖြစ်ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly