မာသာထရီဇာအား စိန့်သူတော်စင်အဖြစ် ကြေညာမည်

မာသာထရီဇာအား စိန့်သူတော်စင်အဖြစ် ကြေညာမည်

ဥရောပ၊ မတ် ၁၅ ။           ။ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် ဆင်းရဲသားများအပေါ် စောင်မကြည့်ရှုမှုများ လုပ်ဆောင်ခဲ့သူ ရိုမန်ကက်သလစ် သီလရှင်ကြီး မာသာထရီဇာအား စက်တင်ဘာ ၄ ရက်တွင် စိန့်သူတော်စင်တစ်ဦးအဖြစ် သတ်မှတ်စာရင်းသွင်းမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကြေညာသည်။

မာသာထရီဇာသည် ကူညီပေးရေး အမျိုးသမီးစေတနာရှင်များအသင်းကို စတင်တည်ထောင်ခဲ့ပြီး ထိုအသင်းအဖွဲ့က နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် လူမှုကူညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။ ယင်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများကြောင့် မာသာထရီဇာအား နိုဘယ်ဆု ချီးမြှင့်ခံရသည်။

၁၉၉၇ ခုနှစ် အသက် ၈၇ နှစ်တွင် မာသာထရီဇာ တိမ်းပါးခဲ့ခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်က ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် သူတော်သူမြတ်တစ်ဦးအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုခဲ့ခြင်းဖြစ်ကာ စိန့်သူတော်စင်အဖြစ် အသိအမှတ်ပြုနိုင်ရေး လမ်းစဖြစ်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့နှစ်က ပုပ်ရဟန်းမင်းကြီးအနေဖြင့် မာသာထရီဇာ၏ ဂုဏ်ပုဒ်အရည်အချင်းများအပေါ် စိန့်သူတော်စင်အဖြစ် သတ်မှတ်ရေး ထိုက်တန်သူဖြစ်ကြောင်း စဉ်းစားသုံးသပ်လာခဲ့ခြင်းဖြစ်သည်။

မာသာထရီဇာသည် ၁၉၁၀ ခုနှစ်က အယ်ဘေးနီးယန်း မိဘနှစ်ပါးမှ မွေးဖွားခဲ့သူဖြစ်သည်။ အော်တိုမန်အင်ပါယာခေတ်ဟောင်း လက်ရှိတွင် မက်စီဒိုနီးယန်းဒ မြို့တော်ဖြစ်နေသည့် စကိုပီဂျီတွင် ကြီးပြင်း ခဲ့သူဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်တွင် အိုင်းရစ်သီလရှင်ကျောင်းသို့ ရောက်ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် အိန္ဒိယသို့ သာသနာပြုစေလွှတ်ခံခဲ့ရသူဖြစ်သည်။

၁၉၄၆ ခုနှစ်တွင် ကိုလ်ကတ္တားမြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး ခိုကိုးရာမဲ့များအား စတင်ကူညီလာခဲ့ခြင်းဖြစ်ကာ ဆယ်စုနှစ်တစ်ခုမျှအကြာတွင် နာတာရှည်များအတွက် ဆေးရုံတစ်ရုံနှင့် စွန့်ပစ်ကလေးငယ်များအတွက် ဂေဟာအိမ်တို့ကို စတင်တည်ထောင်ခဲ့သည်။

၁၉၅၀ ခုနှစ်တွင် Missionaries of Charity အသင်းအား တည်ထောင်ခဲ့သည်။ အဆိုပါ အမျိုးသမီးသီလရှင်များ ကူညီရေးအသင်းက လက်ရှိတွင် သီလရှင်ပေါင်း ၄၅၀၀ ဖြင့် ကမ္ဘာ့အနှံ့တွင် စေတနာ့ဝန် ကူညီမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly