တမန်တော်မိုဟာမတ်ကို မလေးစားရကျသည့်မှတ်ချက်ပေးမိသော အီဂျစ်တရားရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

တမန်တော်မိုဟာမတ်ကို မလေးစားရကျသည့်မှတ်ချက်ပေးမိသော အီဂျစ်တရားရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

ကိုင်ရို၊ မတ်၊ ၁၅ ။               ။ ရုပ်သံအင်တာဗျူးတစ်ခု ဖြေဆိုရာတွင် တမန်တော်မိုဟာမတ်အပေါ် မလေးစားရာကျသည့် မှတ်ချက်ပေးမိခဲ့သည့် အီဂျစ်တရားရေးဝန်ကြီး အာမတ်အယ်လ်ဇိုင်းမှာ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီဖြစ်သည်။

အာမတ်အယ်လ်ဇိုင်းမှာ တနင်္ဂနွေနေ့ကတည်းက ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားချက်အရသိရသည်။

အာမတ်အယ်လ်ဇိုင်းကို ရာထူးမှထုတ်ပယ်ရသည့် အကြောင်းရင်းကို အီဂျစ်အာဏာပိုင်များက လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးချေ။

သို့ရာတွင် အာမတ်အယ်လ်ဇိုင်းသည် ရုပ်သံအစီအစဉ်တင်ဆက်သူ၏  မေးမြန်းမှုကိုဖြေဆိုရာတွင် တမန်တော်မိုဟာမတ် အမည်ကိုထည့်သွင်းမှတ်ချက်ပေးမိမှုကြောင့် လူမှုကွန်ယက် မီဒီယာများပေါ်တွင် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပြီး ရက်ပိုင်းအတွင်းမှာပင် ရာထူးမှထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

ရုပ်သံအင်တာဗျူးတစ်ခုတွင် အစီအစဉ်တင်ဆက်သူက ဂျာနယ်လစ်များကိုထောင်ဒဏ်ချမှတ်မည်လားဟု မေးမြန်းရာတွင် အာမတ်အယ်လ်ဇိုင်းက တမန်တော်မိုဟာမတ်ပင်လျှင် မလုပ်ဘဲနေမှာ မဟုတ်ဟု ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

၎င်း၏ထိုမှတ်ချက်စကားနှင့်ပတ်သတ်ပြီး လူမှုကွန်ယက်မီဒီယာများထက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့ရာ အာမတ် အယ်လ်ဇိုင်းက သူ့အနေဖြင့် ပါးစပ်မှလွှတ်ခနဲထွက်သွားခြင်းသာဖြစ်ကြောင်းရှင်းပြပြီး အလျှင်အမြန် ပြန်လည်တောင်းပန် ခဲ့သော်လည်း နောက်ပိုင်းတွင် ရာထူးမှထုတ်ပယ်ခံလိုက်ရသည်။

အယ်လ်ဇိုင်းသည် ပြီးခဲ့သည့်နှစ် မေလမှစတင်ပြီး အီဂျစ်တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly