မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းအလုပ်သမားမှတ်ပုံတင်ကတ်ကို Seven Eleven ဆိုင်တွင် သက်တမ်းတိုးနိုင်

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းအလုပ်သမားမှတ်ပုံတင်ကတ်ကို Seven Eleven ဆိုင်တွင် သက်တမ်းတိုးနိုင်

ချင်းမိုင်၊ မတ် ၁၅ ။           ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ထားသော အလုပ်သမား မှတ်ပုံတင်ကတ် ကို ဆဲဗင်း-အလဲဗင်းဆိုင် (Seven Eleven -7/11)တွင် ငွေသွင်း၍ သက်တမ်းတိုးနိုင်မည် ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယားနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများအတွက် သက်တမ်း တိုးပေးရေး သဘောတူညီမှုကို ပြီးခဲ့သည့် ရက်ပိုင်းကရခဲ့ကြောင်း ဆဲဗင်း-အလဲဗင်းဆိုင် ကောင်တာ ဝန်ဆောင်မှုမှ လက်ထောက် အလုပ်အမှုဆောင် မစ္စတာ ဝီရဒေချ် အကရာဖားနစ်ချ် ဆိုသည်။

ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးတွင် ဆဲဗင်း-အလဲဗင်းဆိုင်ပေါင်း ၁၀၀၀၀ ချီရှိပြီး အလုပ်သမားများအနေဖြင့် စောင့်ရသည့် အချိန်များ လျော့နည်းသွားမည် ဖြစ်ကြောင်း မစ္စတာ ဝီရဒေချ် အကရာဖားနစ်ချ်က ထိုင်းသတင်းဌာနများသို့ ပြောဆိုထားသည်။

အလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်လျှောက်လွှာတင်ခ ဘတ် (၁၀၀) နှင့် ၂နှစ်စ် အလုပ်လုပ်ခွင့် အတွက် ၁၈၀၀ဘတ်နှင့် ဝန်ဆောင်ခအဖြစ် ဘတ် ၁၀ စုစုပေါင်း (၁၉၁၀)ဘတ် ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အလုပ် သမားများအတွက် ပိုမိုရှုပ်ထွေးကာ အခက်အခဲ ဖြစ်စေမည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ယက်(MWRN)မှ အတွင်းရေးမှူး ဦးအောင်ကျော်က ပြောသည်။

“ ရှု့ပ်ထွေးမယ်ဆိုတာက ဒီမှာရောက်နေတဲ့လူတွေအများအားဖြင့်က တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့လူတွေ မဟုတ်ဘူး။ မြန်မာပြည် ကျေးလက်တောရွာ နေရာအနှံ့ဒေသအသီးသီးမှ ကျီးလန့်စာစားပြီး ရောက်လာတဲ့ စာမတတ်၊ ပေမတတ်သူတွေ များနေတဲ့အတွက်ကြောင့် ဒီကိစ္စကို ကိုယ်တိုင်သွားပြီးမှလုပ်ငန်းရှင်ကိုယ်တိုင် ဦးဆောင်ပြီးလုပ်ရမဲ့ ကိစ္စကို အလုပ်သမားတွေ ကိုယ်တိုင် လုပ်ရတဲ့ကိစ္စတွေမှာ လွယ်ကူချောမွေ့တဲ့ လုပ်ငန်းတစ်ခုမဟုတ်ဘူးဆိုတာ လုံးဝ ပြောနိုင်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုစနစ်သစ်တွင် အလုပ်ရှင်၏ မှတ်ပုံတင်လက်မှတ်၊ လုပ်ငန်းခွင်ပြဇယားကို ပါဝင်ရန် လိုအပ်သဖြင့် ထိုကိစ္စသည်လည်း အလုပ်သမားများအတွက် အခက်အခဲတစ်ခု ဖြစ်နေသဖြင့် ယခုထက် ပိုမိုကောင်းမွန်သော စနစ်ဖန်တီးပေးရန် လိုအပ်သည်ဟု သူက ပြောသည်။

ထိုင်းအစိုးရ၏ နှစ် ၃၀ အတွင်းမှာ ချမှတ်ခဲ့သည့် အလုပ်သမားဥပဒေများတွင် အလုပ်သမားများ၏ တရားဝင် စာရွက်စာတမ်းပြုလုပ်ခြင်းများအား လုပ်ငန်းရှင်က ဦးဆောင်၍ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရမည်ဟု ရေးထားထားသော်လည်း ပွဲစားများနှင့် လုပ်ဆောင်နေရသဖြင့် အလုပ်သမားများအတွက် မလိုလားအပ်သော ကုန်ကျစရိတ်များ ပေးဆောင်နေရဆဲ ဖြစ်သည်ဟု သူက ပြောသည်။

မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် အပန်းရောင် ကဒ်ကိစ္စ အပါအဝင် ၄ နှစ်၊ ၆ နှစ်ဗီဇာကုန်ဆုံးသည့် အလုပ်သမားများ၊ လူမှုဖူလုံရေး ဟုခေါ်သော ပကန်ဆမ်ခွမ် အကြောင်း အရာများနှင့်ပတ်သက်၍ ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့အကြား တိကျသည့် ဥပဒေများကို မဟာချိုင်ရှိ ဝဘ်ထိပ် ဘုန်းကြီး ကျောင်းတွင် ဟောပြောပွဲ ပြုလုပ်ရန်စီစဉ်ထားသည်။

ထိုဟောပြောပွဲသို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးဌာနမှ တာဝန်ရှိသူများ၊ လူဝန်မှုကြီးကြပ်ရေးဌာနမှ အရာရှိများ တက်ရောက် ဟောပြောပေးရန် ယနေ့ သွားရောက် ဖိတ်ကြားထားသည်ဟု ဦးအောင်ကျော်က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမာများအတွက် ထိုင်းအစိုးရက ထုတ်ပေးထားသည့် ပန်းရောင်ကဒ်သည် လာမည့် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်မည် ဖြစ်သည်။ စနစ်သစ်ကို လာမည့် ဧပြီလ ၁ ရက်နေ့မှစတင် လုပ်ဆောင်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly