အာဖဂန်ကလေးငယ် ၃ သန်းကျော်၂၀၂၃ ခုနှစ်တွင် ဆိုးဆိုးရွားရွား အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရဖွယ်ရှိ 

အာဖဂန်ကလေးငယ် ၃ သန်းကျော်၂၀၂၃ ခုနှစ်တွင် ဆိုးဆိုးရွားရွား အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရဖွယ်ရှိ 

ဖေဖော်ဝါရီလ ၄ ရက်

စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြုံနေရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ကလေးငယ် ၈၇၅ ၀၀၀ ခန့်သည် ဆိုးဆိုးရွားရွား အာဟာရချို့တဲ့မှုဒဏ်ကို ခံရနိုင်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ခန့်မှန်းထားပြီး အာဖဂန်ကလေးငယ်များ၏ ဆင်းရဲဒုက္ခမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း TOLONews သတင်းတွင် ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထားသည်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အစီရင်ခံစာတွင် ကလေး ၂ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၈၄၀ ၀၀၀ တို့သည် အာဟာရချို့တဲ့မှုဒဏ်ကို အတန်အသင့်ခံစားနေကြရသည်ဟုလည်း ဖော်ပြထားသည်။ 

အသက် ၂ နှစ်အရွယ်ကလေး၏ မိခင်ဖြစ်သူတစ်ဦးက "အိမ်မှာ အာဟာရချို့တဲ့နေတဲ့ ကလေး ၂ ယောက်ရှိတယ်။ စားစရာမရှိလို့ အာဟာရချို့တဲ့နေတာပါ။ အဝတ်အစားလည်းမရှိကြပါဘူး။ ဘက်တီးရီးယားတွေရှိတဲ့ နေရာတွေမှာ နေကြရပါတယ်။ ဒါတွေက ဆင်းရဲမွဲတေမှုကြောင့်ဖြစ်ရတာပါ" ပြောသည်။ 

WFP သည် ယခုနှစ် ဇန်နဝါရီလ ပထမလဝက်အတွင်း အာဖဂန်ပြည်သူ ၁ ဒသမ ၄ သန်းထံ အကူအညီများပေးနိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန်ရှိ WFP ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

နိုင်ငံတကာ အကဲဖြတ်ချက်များအရ အာဖဂန်နစ္စတန်သည် လက်ရှိတွင် ဆိုးရွားသော လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသလို ကမ္ဘာပေါ်တွင် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်သူ အများဆုံးရှိသည့်နိုင်ငံအဖြစ် ရပ်တည်နေကာ လူပေါင်း ၂၃ သန်းကျော်သည် အကူအညီများလိုအပ်နေပြီး လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့်သည် အစာအာဟာရ လုံလောက်စွာ စာသုံးရခြင်းမရှိပေ။ 

ထို့ပြင် အာဖဂန်နစ္စတန်အစိုးရ ပြုတ်ကျကာ ယမန်နှစ်သြဂုတ်လတွင် တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက် လူ့အခွင့်အရေး အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။ 

အလားတူ ယူကရိန်းပဋိပက္ခက ရိက္ခာဈေးနှုန်းများ မြင့်တက်မှုနှင့် အာဖဂန်ပြည်သူအများအပြားထံ လက်လှမ်းမမီနိုင်မှုအပေါ် များစွာသက်ရောက်မှုရှိခဲ့သည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ သိမ်းပိုက်ပြီးကတည်းက နိုင်ငံတွင်းအတွင်း ရက်စက်ကြမ်းကြုတ်မှုများကို ကလေးငယ်များနှင့် အမျိုးသမီးများမှာ အများဆုံးထိခိုက်ခံစားခဲ့ရသည်။  

နိုင်ငံတွင်း တိုက်ပွဲများ ပြီးဆုံးသွားသော်လည်း ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အထူးသဖြင့် အမျိုးသမီးများနှင့် လူနည်းစုများအပေါ် အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly