ဖမ်းဆီးခံထားရသည့် ကျောင်းသားများအရေး

ဖမ်းဆီးခံထားရသည့် ကျောင်းသားများအရေး

ယခုအခါ အစိုးရသစ်ပေါ်ပေါက်လာရေး ပြင်ဆင်မှုသတင်းများကြောင့် မိမိတို့ပြည်သူများမှာ နိုးကြားနေကြ ရသည်ဟု ပြောနိုင်ပါသည်။ ဥပမာ သမ္မတလောင်းများ ရွေးချယ်သည့်သတင်း၊ ကဏ္ဍအ သီးသီးဆိုင်ရာ လွှတ်တော်ရေးရာ ကော်မီတီများဖွဲ့စည်းခြင်း အစရှိသည့်သတင်းများမှာ မိမိတို့ပြည်သူ များရဲ့ နားနှင့်မျက်စိကို  ပိုပြီး ကျယ်စေသည့် သတင်းများဖြစ်ပါသည်။

သည်လို လွှတ်တော်သတင်းများ နေ့စဉ်ဆိုသလို သတင်းဦး သတင်းထူးအဖြစ် ပေါ်နေသည့် တချိန်တည်းမှာပင် ပညာရေးသပိတ်ကျောင်းသားများ ဖမ်းဆီးတရားစွဲဆိုခံထားရသည်မှာလည်း တနှစ်တင်းတင်း ပြည့်မြောက် ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးလှတဲ့ နိုင်ငံရေး အပြောင်းအလဲကိစ္စများကြောင့် ဖမ်းဆီးခံကျောင်းသားများသတင်းသည် အနည်းငယ် မှိန်သွားရသည် ဟုပင် ပြောနိုင်ပါသည်။ သို့သော် အမှန်စင်စစ်မူ မေ့ထားအပ်သည့်ကိစ္စမဟုတ်ကြောင်းကိုမူ လူတိုင်းအ သိ ဖြစ်ပါသည်။

မိမိတို့နိုင်ငံ ပညာရေးသမိုင်းတွင် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် အခုလို အကျဉ်း ထောင်များကို ရင်ဆိုင်ကာ  အသက်သွေးချွေးများ ရင်းနီးစိုက်ထုတ်ပြီးမှ ကြိုးပမ်းခဲ့ကြရသူများမှာ ကျောင်းသားများ ကိုယ်တိုင်ပင်ဖြစ်သည်။ ကိုလိုနီခေတ်တွင်လည်း ကိုလိုနီခေတ်မို့၊ လွတ်လပ်ရေးရစ ဒီမိုကရေစီအစိုးရခေတ်တွင်လည်း ဒီမိုကရေစီအစိုးရမို့၊ သည့်နောက်ပိုင်း အာဏာရှင်အစိုးရ အသီးသီး တွင်လည်း အာဏာရှင်အစိုးရ အသီးသီးလက်ထက်မို့၊ ယခုဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခေတ်တွင် လည်း ပြုပြင်ပြောင်းလဲရေးခေတ်မို့ ခေတ်အဆက်ဆက်တွင် ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက်ကျောင်းသား မျိုးဆက် တဆက်ပြီးတဆက် ကြိုးပမ်းလာခဲ့ကြရပါသည်။ သို့သော် ယခုလို ဒီမိုကရေစီ ကိုရှေ့ရှုနေပါသည်ဟူသည့် ခေတ်တွင် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းကြသည့် ကျောင်းသားများ အဖမ်းခံကြရ တရားစွဲဆို ထောင်သွင်း အကျဉ်းချထားခံရခြင်း ကိစ္စသည်မူ အရုပ်ဆိုးလှပါသည်။

ယခုအခါ ပညာရေးပြုပြင်ပြောင်းလဲရေး ချီတက်ဆန္ဒြုပကြသောကျောင်းသားများကို အင်အား သုံး အကြမ်းဖက်ဖြိုခွဲလျက် ဖမ်းဆီးခြင်း တရားစွဲဆိုထားခြင်း ကြောင့် ကျောင်းသား ၈၀ ကျော်မှာ အကျဉ်းချထားခံရသည်မှာ ယခုမတ်လ ၁၀ ရက်နေ့ကဆိုလျင် တစ်နှစ်ပင် ပြည့်ခဲ့ပြီဖြစ်သည်။ သည်ကြားထဲ နောက်ထပ် ပုဒ်မများဖြင့် ထပ်တိုးတရားစွဲဆိုမှုများလည်း ပြုခံနေကြရပြန်သည်။

သည်အလိုအခြေအနေမှာပင် ဖမ်းဆီးချုပ်နှောင်ခံရသည့်ကျောင်းသားများ ရုံးထုတ် တရားရင်နေ စဉ်အတွင်း တရားသူကြီးများ၊ တရားလိုပြသက်သေများနှင့် တာဝန်ရှိသူများရဲ့ ပြောစကားဆိုစကားနှင့် ထွက်ဆိုချက်များမှာလည်း တခါတရံ လူရယ်စရာပင်ဖြစ်ရလောက်အောင် အားနည်းလှသည် ကိုတွေ့ကြရပါသည်။

တရားဥပဒေဘက်မှရပ်ကာ လူကို တရားစွဲဆို အကျဉ်းချထားရလောက်အောင် ပြင်းထန်မြင့်မားသည့် အမှုကိစ္စမျိုးတွင် ယခုလို လူရယ်စရာဖြစ်အောင် ထွက်ဆိုကြသည်မှာ တကယ် တော့ ဥပဒေစိုးမိုးမှုကို လူတွေပျက်ရယ်ပြုရလေအောင် လမ်းခင်းပေးသလို ဖြစ်သည်။ ဥပမာ ကျောင်းသားများက ရေဗူးနှင့်စပေါက်လို့ တုတ်နှင့် ရိုက်နှက်ရပါသည်ဟူသည့် ထွက်ဆိုချက်သတင်း မျိုး၊ တရားသူကြီးက စိတ်ကောက်ပြီး စစ်ဆေးလက်စကို ရပ်တန့်ပစ်ခြင်းဟူသည့်သတင်းမျိုးကို ပြည်သူတွေ ကြားကြရသောအခါ မိမိတို့နိုင်ငံရဲ့ တရားရေးမဏ္ဍိုင် အခြေအနေကို ပျက်ရယ်ပြုစရာ ဖြစ်ကြရတော့သည်။

သည်ကြားထဲ တရားလိုပြသက်သေ ၄၀ ကျော်ရှိသည့်အနက် အမှုရင်ဆိုင်နေရစဉ် တစ်နှစ်သာ ကျော်လွန်လာခဲ့သည် ယင်းတရားလိုပြသက်သေများထဲမှ ၄ ဦးကိုသာ စစ်ဆေးပြီးစီးသည့် သတင်း များကိုလည်း ကြားကြရသည်။

မည်သို့ပင်ဖြစ်စေ ကျောင်းသားများသည် အကြမ်းဖက်သူများမဟုတ်ကြပါချေ။ ငယ်ရွယ်နုပျို သော ကျောင်းသားများသာဖြစ်ခြင်းနှင့် ယင်းတို့လိုလားသည့် ပညာရေးပြုပြောင်းလဲရေးကို ငြိမ်းချမ်း စွာ တောင်းဆိုကြသူများသာဖြစ်ပါသည်။ ထို့ကြောင့် ယခုလို အချိန်ဆွဲပြီးစစ်ဆေးသလိုဖြစ်နေခြင်း၊ တရားရုံးများ တရားရေးဌာနတာဝန်ရှိသူများနှင့် တရားလိုများဘက်က ချို့ယွင်းအားနည်းချက်များမှာ လူသိထင်ရှားပေါ်ထွက်လာနေခြင်းများကြောင့် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ထိထိရောက် ရောက် မှန်မှန်ကန်ကန်ဖြစ်ရေး ဖြေရှင်းပေးကြရန်သင့်ပါကြောင်း မဇ္ဈိမက အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly