သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် မဲပေးမမှားကြရန် NLD အမတ်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် မဲပေးမမှားကြရန် NLD အမတ်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

နေပြည်တော် ၊ မတ် ၁၄ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ အမတ်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်၌ မတ် ၁၅ ရက်တွင်ပြုလုပ်မည့် နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးမမှားကြစေရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း NLD အမတ်များထံမှသိရသည်။

NLD အမတ်များတည်းခိုနေထိုင်သည့် နေပြည်တော်စည်ပင်ရိပ်သာအဆောင်များရှိရာသို့ ယနေ့ ညနေပိုင်းက ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်မှာကြားခဲ့ခြင်းဖြစ်သည်။

“နောက်ဆက်တွဲတွေရှိသေးတယ် အဓိက ဥက္ကဌပြောတာကတော့ ပြည်သူကိုစိတ်ချမ်းသာစေချင်တယ် မနက်ဖြန်မဲပေးတဲ့အခါမှာ အမှားအယွင်းမဖြစ်စေဖို့ အဲ့ဒါပါပဲ ” ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် အမတ်တစ်ဦးကပြောသည်။

ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် တပ်မတော်သားလွှတ်တော်အမတ် များမှ တင်သွင်းခဲ့သည့် ဒုတိယ သမ္မတ သုံးဦး နှင့် ပက်သက်၍ နိုင်ငံတော်သမ္မတအရည်အချင်း နှင့် ကိုက်ညီကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ကကြေငြာခဲ့သည်။

မတ် ၁၅ ရက်နေ့တွင် ကျင်းပမည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ဒုတိယသမ္မတသုံးဦးဖြစ်သည့် ပြည်သူ့လွှတ်တော်မှ တင်သွင်းသည့် ဦးထင်ကျော် ၊ အမျိုးသားလွှတ်တော်မှတင်သွင်းသည့် ဦးဟန်နရီဗန်ထီးယူ ၊ တပ်မတော် မှတင်သွင်းသည့် ဦးမြင့်ဆွေတို့သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly