ဇီကာဗိုင်းရပ်စ် ချေမှုန်းရန် အစီအမံများ ဖိလစ်ပိုင် ချမှတ်

ဇီကာဗိုင်းရပ်စ် ချေမှုန်းရန် အစီအမံများ ဖိလစ်ပိုင် ချမှတ်

မနီလာ၊ မတ်၊ ၁၄ ။              ။ တိုင်းပြည်အတွင်း ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တိုက်ဖျက်ချေမှုန်းရန် စီမံချက်တစ်ရပ် ချမှတ်ပြီးပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး ဂျန်းနက်ဂါရင်းက သတင်းထောက်များကို ယနေ့ပြောကြားလိုက်သည်။

လက်ရှိအချိန်ထိ ဇီကာဗိုင်းရပ်စ်အတွက်ကာကွယ်ဆေးမရှိသေးသော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စောင့်ကြည့် ထိန်းချုပ်ခြင်း၊ ကုသခြင်း၊ ဗိုင်းရပ်စ်သယ်ဆောင်သောခြင်များပေါက်ဖွားမှုထိန်းချုပ်ခြင်း နှင့် ကျန်းမာရေးအသိပညာပေး မြှင့်တင်ခြင်းများ အပါအဝင် ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ချေမှုန်းနိုင်မည့်အစီအမံများကို တစ်ဆင့်ချင်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း မစ္စတာဂါရင်း က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၄ နှစ်တာအတွင်းပထမဆုံး ဇီကာဗိုင်းရပ်စ်ကူးစက်မှုတစ်ခုကို ပြီးခဲ့သောတစ်ပတ်ခန့်က တွေ့ရှိခဲ့သည်။

ဇန်နဝါရီလအတွင်းက ဖိလစ်ပိုင်နိုင်ငံသို့လာရောက်လည်ပတ်သွားသောအမေရိကန်သူတစ်ဦး အမေရိကသို့ ပြန်ရောက် သည့်အချိန်တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသော နိုင်ငံများသို့သွားပါက ထပ်ဆောင်းအကာ အကွယ်အစီအမံများ လုပ်ဆောင်ကြရန် ကျန်းမာရေးဝန်ကြီးက တိုက်တွန်းထားသည်။

ယခုတစ်ကြိမ်ဇီကာဗိုင်းရပ်စ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် တောင်နှင့် ဗဟိုအမေရိကတွင်စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇီကာဗိုင်းရပ်စ်ကူးစက်မှုဟု သံသယရှိပါက ကျန်းမာရေးဌာနသို့ ၂၄ နာရီအတွင်းသတင်းပို့ရန် ဖိလစ်ပိုင်နိုင်ငံတဝမ်းတွင် ကြေညာထားရာ လက်ရှိအချိန်ထိ သတင်းပေးပို့မှုပေါင်း ၈၂၇ ကြိမ်အထိရှိပြီဖြစ်သော်လည်း စစ်ဆေးကြည့်ရာတွင်မူ ဇီကာ၊ သို့မဟုတ် အခြားအန္တရာယ်ရှိဗိုင်းရပ်စ်တစ်မျိုးမျိုးကူးစက်ထားခြင်းမျိုး တစ်ခုမှမတွေ့ရှိသေးချေ။

ဇီကာသည် ခြင်မှတဆင့်ဖြစ်ပွား၊ကူးစက်သောဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များတွင် ကူးစက်ခံရပါက မွေးလာသည့်ကလေးတွင် ဦးနှောက်မဖွံ့ဖြိုးခြင်းနှင့် အခြားအာရုံကြော ပုံမမှန်မှုများဖြစ်ပွားစေနိုင်သည်။

ပထမဆုံးဇီကာဗိုင်းရပ်စ် ကူးစက်မှုကို ၁၉၄၇ ခုနှစ်က ယူဂန်ဒါနိုင်ငံတွင် တွေ့ရှိခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly