ဘန်ကောက်မီးလောင်မှုတွင် မီးဘေးသင့်သည့် မြန်မာလုပ်သားများ ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေ

ဘန်ကောက်မီးလောင်မှုတွင် မီးဘေးသင့်သည့် မြန်မာလုပ်သားများ ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေ
(ဓာတ်ပုံ- မြန်မာပြည်ဖွားဂေါ်ရ်ခါးလူငယ်အစည်းအရုံး)

ချင်းမိုင်၊ မတ် ၁၄ ။        ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ် ဘန်ထပ်ထောင်ဒေသရှိ Royal Courts Apartment တိုက်ခန်းတစ်ခု မီးလောင်မှုထဲတွင် ဒဏ်ရာ ရရှိခဲ့သော   မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်လခါးလူငယ်များ အစည်းအရုံးမှ ကိုဂျွန်းနီက ပြောသည်။

မတ်လ ၇ ရက်က မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦး အပါအဝင် ထိုင်းနိုင်ငံသားများ စုစုပေါင်း ၁၅၀ ကျော် နေထိုင်နေသည့် လေးထပ် တိုက်ခန်းတွင် ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ရာမှ အောက်သို့ ခုတ်ချခဲ့ရကာ ခါးရိုးကြိုးခဲ့သဖြင့် ဆေးဝါးကုသစရိတ် လိုအပ်နေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ခါးကျိုးသွားတဲ့ကလေးမကြတော့ ဆရာဝန်ရဲ့ ပြောဆိုချက်အရဆိုရင် ပိုက်ဆံမရှိရင် ဆေးကုသလို့ မရဘူးဆိုတဲ့ အဆင့် တစ်ခုမှာ ရောက်နေတယ်။ လက်ရှိ ကူညီထောက်ပံ့နေတဲ့အဖွဲ့ကလည်း စဘော်တသိန်းတင်ရမယ်ဆိုတော့ တစ်သိန်း တင်ပြီးတော့ လောလောဆယ် ကုန်ကျစရိတ်ကိုတော့ ပေးထားတယ်။ နောက်ထိ ၃ သိန်းလောက် ကုန်ကျမယ်ဆိုတဲ့ အခါကြတော့ အဲဒီငွေက မရှိတော့ ကျနော်တို့ ထိုင်းနိုင်ငံရောက် ဂေါ်လခါးလူငယ်တွေကနေတဆင့် အကူအညီတွေ တောင်းပြီး ဝိုင်းစုနေကြတယ်”ဟု ကိုဂျွန်နီက မဇ္ဈိမကို ပြောသည်။

လက်ရှိ ဘန်ကောက်မြို့ရှိ ကလန်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

“သူက မီးအရှိန်က သူ့အခန်းထဲ တန်းဝင်လာတော့ ပြေးဖို့ အချိန်မရလိုက်ဘူး။ ည တစ်နာရီမှာ ဖြစ်တဲ့အခါကြတော့ အားလုံးက အိပ်နေတဲ့ အချိန်ဖြစ်နေတာ။ ရှေ့ပေါက်က မီးတဝုန်းဝုန်းနဲ့ ဝင်လာတော့ အနောက်က ပါးတင်းပေါက်ကနေ ခုန်ချခဲ့ရတယ်။ အဘွားကလည်း မီးလောင်ထားတယ်။ သူ့ရဲ့ အကိုတွေ၊ အမတွေလည်း အကုန်လုံး မီးလောင်ထားတယ်”ဟု သူက ဆက်ပြောသည်။

ခါးရိုးကျိုးသူ၊ တစ်နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး၊ အသက် ၁၀ နှစ်အရွယ် တစ်ဦး၊ အသက် ၈၀ အရွယ် အဖွား အပါအဝင် ၆ ဦးအတွက် ဆေးဝါးကုသရန် တိုက်ခန်းပိုင်ရှင်ကလည်း တစ်စုံတစ်ရာ အကူအညီပေးခြင်း မရှိသဖြင့် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။

ထို့ပြင် မီးဘေးသင့်သူ မိသားစုအတွက် အထောက်အထား စာရွက်စာတမ်းရရှိရန်အတွက် မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံအလုပ်သမားဆိုင်ရာရုံးတို့ သွားရောက်၍ ဝိုင်းဝန်းကူညီပေးရန် ပြင်ဆင်နေသည်ဟု သူက ပြောသည်။

“တိုက်ပိုက်ရှင်ကလည်း ကူညီမဲ့လူ မရှိဘူး။ သူတို့ ပတ်စပို့တွေ၊ စာရွက်စာတမ်းတွေကလည်း အကုန်လုံး မီးလောင်သွားတဲ့ အခါကြတော့ သူတို့မှာ အထောက်အထားမဲ့ ဖြစ်နေတယ်။ မီးလောင်ပြီးတော့ ပစ္စည်းတွေ၊ ငွေ အကုန်လုံး မီးထဲပါသွားတော့ သူတို့မှာ စားဖို့ သောက်ဖို့ နေထိုင်ဖို့ အခက်အခဲတွေကလည်း တဖက်မှာ ပြန်ရင်ဆိုင်နေရတယ်”ဟု ကိုဂျွန်းနီက မဇ္ဈိမကို ပြောသည်။

မီးဘေးသင့် မြန်မာ မိသားစုများအား ကူညီလိုသူများအတွက် ထိုင်းနိုင်ငံရောက် ဂေါ်လခါးလူငယ်များ အစည်းအရုံးက အလှူငွေများ ကောက်ခံနေပြီး A/C (004-8-17250-4) Name: Sam Sangkham, Rachoo Boogadee , K- Bank Sakha Night Bazer Chiangmai, Thailand စသည့် ဘဏ်အကောက်သို့ တိုက်ရိုက်လှူဒါန်းနိုင်သည်ဟု မြန်မာပြည်ပွား ဂေါ်လခါးလူငယ်များ အစည်းအရုံးက ဖေ့ဘုတ်စာမျက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly