“ ရန်ကုန်မြို့တော်ဝန်လုပ်နိုင်ဖို့ အခုကတည်းက အဆင်သင့်ဖြစ်နေပါပြီ”

14 March 2016
“ ရန်ကုန်မြို့တော်ဝန်လုပ်နိုင်ဖို့ အခုကတည်းက အဆင်သင့်ဖြစ်နေပါပြီ”

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်ရုံး (၇)မှ ဦးခင်လှိုင်နှင့် တွေ့ဆုံခြင်း-အပိုင်း-၂

၁၃.၃.၂၀၁၆ တနင်္ဂနွေနေ့တွင် မဇ္ဈိမသတင်းမီဒီယာမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၇) ဦးခင်လှိုင်နှင့် ရန်ကုန်မြို့တွင်း အဆောတလျင်လုပ်ကိုင်ခွင့်ပြုနေသည့်   ဆောက်လုပ်ရေးစီမံကိန်းတစ်ချို့နှင့်ပတ်သတ်ပြီး မေးမြန်းထားသည်များကို ဖော်ပြခဲ့ပြီး ယခုတင်ပြမည့် အကြောင်းအရာများသည် ရန်ကုန်မြို့၊ မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်းရှိ   ဆောက်လုပ်ဆဲလုပ်ငန်းများရပ်ဆိုင်းရန်ကိစ္စများနှင့် ပတ်သတ်ပြီး နောက်ဆက်တွဲအခြေအနေများကို ဦးခင်လှိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအနေနှင့် တင်ပြလိုက်သည်။

မဇ္ဈိမ။  ။ ဦးခင်လှိုင်ခင်ဗျာ၊ ကျွန်တော်တို့ မြကျွန်းသားအပန်းဖြေဥယျာဉ်အတွင်းမှာရှိတဲ့ ဆောက်လုပ်ဆဲလုပ်ငန်းတွေ ရပ်ဆိုင်းမှာနဲ့ပတ်သတ်ပြီးဆက်ပြီးမေးမြန်းချင်ပါတယ်။ ဦးခင်လှိုင်တို့ ပြောတာကအဲဒိမှာရှိတဲ့ ကုမ္ပဏီ (၈)ခုရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ဆက်စပ်ပြီးတော့ပေါ့….

ဦးခင်လှိုင်။  ။ မြကျွန်းသာဆိုတဲ့ ဥယျာဉ်ဆိုတဲ့ကိစ္စ စီမံခန့်ခွဲခွင့်ရှိတာက ကျွန်တော်တို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး က စီမံခန့်ခွဲခွင့်ရှိတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းဟာဆိုရင် ၂၀၁၀ မတိုင်ခင်တုန်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကိုင်ထားတာ။ အားလုံးပေါင်း (၄၄) ဧကကျော်ရှိတယ်။ အဲဒီဟာကို ကျွန်တော်တို့ စည်ပင်ကို ၂၀၁၀ခုနှစ်မှာလွှဲတယ်။ ဒီကျွန်းက ကမ္ဘာအေးဘုရားလမ်းမှာလည်း ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အင်လျားကန်နဲ့လည်း ဆက်စပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်လျားကန်ကြီးကမြေကြီးတွေ ကျုံးပြီးတော့ ဒီကျွန်းကြီး ဖြစ်လာခဲ့တာ။ အဲတော့ ဒီကျွန်းကြီးရဲ့ ထူးခြားချက်က မျက်နှာစာတစ်ဖက်တည်းရှိတာ။ ကန်တော်ကြီးလိုမဟုတ်ဘူး။ ကမ္ဘာအေးဘုရားလမ်းမှာ မျက်နှာစာတစ်ဖက်တည်းရှိတာ။ အဲတော့ အဲကျွန်းကြီးရဲ့ အတွင်းကိုပေးတဲ့အခါကျတော့ ကုမ္ပဏီ (၈) ခုကိုပေးထားတယ်။ ဒါပေမယ့် ရှေ့က ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ပါ.. ဒါတွေကိုမပြောပါဘူး။ ဒါပေမယ့် အခုလက်ရှိလုပ်နေတဲ့ အနေထားကိုဝင်စစ်လိုက်တဲ့ အခါကျတော့ ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့  သက်ဆိုင်ရာလုပ်ငန်းရှင် တွေ ချုပ်ဆိုထားတဲ့ စည်းကမ်းချက် စာချုပ်ဆိုတာရှိပါတယ်။ အဲဒီသဘောတူစာချုပ်ထဲမှာပါတဲ့ အချက်တွေ ချိုးဖောက် ထားတာတွေ့ရပါတယ်။ ဥပမာအားဖြင့် ပြောပြရမယ်ဆိုရင် ကန်ရဲ့ ရေပြင်ကိုပိုင်ခြားထားတာရှိတယ်။ ရေထိန်းနံရံလို့ ရှိတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ရေစပ်ပေါ့ဗျာ။ ရေအစပ်နဲ့ ပေသုံးဆယ်အကွာမှာပဲ ကျွန်တော်တို့ကအဆောက် အဦးကိုဆောက်ခွင့်ပေးတာ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ကနောက်လာမယ့် အခါကျရင် ကျွန်တော်တို့ရဲ့ အင်လျားကန်ရဲ့ ရေပြင်ကိုပေါ့နော်။  မြကျွန်းသာဘက်က ကြည့်လိုက်ရင် လမ်းသဖွယ် စီစဉ်ပေးထားတာ။ ဒါပေမယ့် သူတို့ က အဲလိုမဟုတ်ဘူး။ အဲနားမှာကပ်ပြီးတော့ (၅)ပေကွာဆောက်တာနဲ့ လုံးဝဝင်ဆောက်တာနဲ့ အဲတာမျိုးတွေ့ရတယ်။ တစ်ချို့ကျပြန်တော့လည်းအဲရေပြင်ထဲကိုပေ (၅၀) လောက်ဆောက်ထားတာ။ အဲဒိထဲမှာဘီယာတွေသွန်ချ၊ တစ်သျူး တွေပစ်ချ စုံနေတာပဲ၊နောက်ပြီးတော့လည်း Service Tankတွေရှိတယ်၊ မိလ္လာကန်တွေပေါ့၊ အဲဒီနားမှာကပ်ထားတယ်၊ ဒီရေဘယ်လိုလုပ်ဖြစ်တော့မလဲ၊ အဲဒီလိုမျိုးမြောက်များစွာ   ဖြစ်နေတယ်၊   နောက်ပြီးတော့လည်း ကျွန်တော်တို့သတ်မှတ်ထားတဲ့ အမြင့်ပေကို ကျော်လွန်နေတာကိုလည်း တွေ့ရတယ်၊ တစ်ချို့ဆိုခွင့်ပြုချက်လည်းမရှိဘူး၊ ဒါမျိုးတွေ တွေ့ရတယ်၊ ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေမှာလည်း အဲဒီလိုလုပ်ရင် ဖျက်သိမ်းမယ်လို့ ပါထားပါတယ်။

မဇ္ဈိမ။  ။ ဒီအပေါ်မှာ အရေးယူဆောင်ရွက်မှုတွေအနေနဲ့ မြေငှားပြီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီ (၈)ခုထဲကမှ ကုမ္ပဏီ (၄)ခုကိုလုပ်ငန်းတွေရပ်ဆိုင်းဖို့ဆိုပြီး အသိပေးခဲ့တယ်လို့ သိရတယ်ခင်ဗျ။ အခြေအနေတစ်ချို့လောက် ပြောပြပါလား။

ဦးခင်လှိုင်။  ။ ဒီကုမ္ပဏီတွေကခွင့်ပြုချက်ယူတယ်၊ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းနဲ့ ဆောက်လုပ်ထားတာမဟုတ်ဘူး။ နောက်ကုမ္ပဏီတွေကခွင့်ပြုချက်တော့ တောင်းတယ်။ ခွင့်ပြုချက် မကျဘူး။ မကျရတဲ့ အကြောင်းရင်းကဘာလဲဆိုတော့ ကန်တော်ကြီးရေပြင်နားမှာ သူကဆိုင်ဖွင့်ထားလို့ တစ်လျောက်လုံးပဲ။ အဲတာကြောင့် ခွင့်ပြုလို့ မရဘူး။ အဲဒီ (၄)ခုကမရဘူး။ ကျွန်တော်တို့ စည်းကမ်းတိုင်းမလုပ်ထားလို့။

မဇ္ဈိမ။  ။ နောက်ဆက်တွဲအခြေအနေကရော..

ဦးခင်လှိုင်။  ။ နောက်ဆက်တွဲအခြေအနေကရပ်ပစ်လိုက်ပါပြီ။ အကုန်လုံးရပ်နေပါပြီ။ ကျွန်တော်တို့ကစာထုတ်လိုက် ပါတယ်၊ စာထုတ်ပြီးတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်ရန်ဆိုပြီး ကျွန်တော်ပြောခဲ့ပါတယ်။ သူတို့လည်းလိုက်နာပါတယ်။ ပြီးတော့ တစ်ချို့ကုမ္ပဏီတွေလည်းရှိပါသေးတယ်၊ သူတို့တွေက အခုထိဆောက်လုပ်ရေးလုပ်ငန်းတွေ မလုပ်သေးတာတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီးပြောချင်ပါတယ်။ သူတို့က ၂၀၁၆ ခုနှစ်၊ မတ်လကုန်တဲ့အထိ ဆက်ပြီးမလုပ်ရင် ချုပ်ထားတဲ့စာချုပ်တွေ အလိုအလျောက်ပျက်ပြယ်ရပါတယ်။ ကျွန်တော့ ဆန္ဒကတော့ ဒီကောင်ကြီးကို Master Plan ပြန်ဆွဲပါ့မယ် ၊ပြန်ဆွဲပြီးရင်တော့ ထိုက်သင့်သလို ပြန်လုပ်ပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိတွေ့နေရတဲ့ အားနည်းချက်ကဒီပန်းဥယျာဉ်ကြီးရဲ့ ဧရိယာအကုန်လုံးကို ခွဲခြမ်းစိတ်ဖြာပြီး ကုမ္ပဏီတွေကိုငှားလိုက်တာဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ သဘာဝဥယျာဉ်ကြီးတို့ ၊ အများပြည်သူ အပန်းဖြေစရာနေရာ မဖြစ်နိုင်တော့ ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးကိုသူ့ဟာနဲ့ သူသိမ်းလိုက်တာဖြစ်တဲ့အတွက် သွားစရာနေရာမရှိတော့ဘူး၊ အဲဒီအတွက် ကျွန်တော်တို့က ဘာလုပ်ပေးသလဲဆိုတော့ လက်ရှိငှားရမ်းထားတဲ့ မြေဧရိယာ (၃၀) ရာခိုင်နှုန်းကိုပဲ အဆောက် အဦးဆောက်လုပ်ခွင့်ပေးတယ်၊ ကျန်တဲ့ (၇၀) ရာခိုင်နှုန်းကို ပြည်သူတွေအတွက် ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာဖြစ်ပါ တယ်။

မဇ္ဈိမ။  ။ ကုမ္ပဏီတွေနဲ့ကျတော့ မြကျွန်းသာမှာရှိတဲ့ တစ်ဧကကိုပေါ့နော်၊ တစ်လကိုဆယ်သိန်းဆိုတဲ့ သတ်မှတ်ချက်ကအစိုးရဝင်ငွေအတွက် ထိုက်သင့်တယ်လို့ မြင်လာခင်ဗျ။ ဒီဟာနည်းနေတယ်လို့ မြင်လား။

ဦးခင်လှိုင်။  ။ ပထမတစ်ခုပြောချင်ပါတယ်။ ကျွန်တော်တု့ိဒီစာချုပ်တွေ ချုပ်တဲ့အခါမှာ (၅) နှစ်တစ်ကြိမ်ချုပ်လို့ရပါတယ်။ အဲတော့ (၅) နှစ်တစ်ကြိမ်ချုပ်တာဖြစ်တယ်။ သူတို့ကတည်ဆောက်ဆဲ ကာလဖြစ်တဲ့အတွက်..  ဒီနေရာမှာတစ်ခုရှိတာကသူတို့က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ သူတို့ကတင်ထားတာမရှိဘူး။ အဲဒီမှာတစ်ခုပဲတင်ထားတာတွေ့တယ်။ ဘာလဲဆိုတော့ ဒေါက်တာကျော်ဝင်းပိုင်တဲ့ Magic Land၊ သူကဂိမ်းစီးတီးအုပ်စုက၊ သူကတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာတင်ထားတယ်။ တစ်ချို့ကပြောတယ်၊   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ တင်ထားတာဘာကြောင့်လဲဆိုတော့ အဲဒါကျွန်တော်တို့အတွက် မဟုတ်ဘူး၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအတွက်၊ သူကသက်သာခွင့်ရတယ်၊ အခွန်ကင်းလွတ်ခွင့်ရတယ်။ တစ်ချို့ကုမ္ပဏီကရင်းနှီးမြှုုပ်နှံမှု ကော်မရှင်မှာ မပါပါဘူး။ မတင်ထားတာ ဖြစ်တဲ့အတွက် သူတို့ကသက်သာခွင့်အနေနဲ့ လိုအပ်တာပေါ့။ မဆောက်ဘဲနဲ့ ဒီအတိုင်းထားတယ်။ အဲတော့ ငှားရမ်းခတစ်ခုအနေနဲ့  သတ်မှတ်ပြီးဆောင်ရွက်နေတယ်။ တစ်ချို့ဆိုလုံးဝကိုမဆောက်ဘူးခင်ဗျာ။ မဆောက်ဘဲနဲ့ အခြေအနေ ကြည့်ပြီးတော့ အဲလိုစောင့်နေတဲ့သူတွေလည်းရှိတယ်။

မဇ္ဈိမ။  ။ ၂၀၁၆ခုနှစ်၊ မတ်လအကုန်မှာဆိုရင် ပြည့်ပြီနော်။ မလုပ်ဘူးဆိုရင်..

ဦးခင်လှိုင်။  ။ မလုပ်ရင် ပြန်အပ်ပေါ့။

မဇ္ဈိမ။  ။ ကျွန်တော့်အနေနဲ့ မေးခွန်းတွေကိုနိဂုံးချုပ်ချင်ပါတယ်၊ အခုလိုမျိုးဦးခင်လှိုင်အနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၇) ရုံးအနေနဲ့ ဒီလိုမျိုး ရန်ကုန်မြို့တွင်း စီမံကိန်းတွေနဲ့ ပတ်သတ်ပြီးဆောင်ရွက်နေတာကြောင့် ရန်ကုန်မြို့တော်ဝန်ဖြစ်လာနိုင်တယ်ဆိုတာမျိုး၊ ဒီအတွက် ဆုတောင်းပေးနေတယ်ဆိုတာမျိုးကို လူမှုကွန်ရက်တွေကနေတစ်ဆင့် ကြားရတယ်ခင်ဗျ။ ဦးခင်လှိုင်အနေနဲ့ ဒီအပေါ်မှာဘယ်လိုခံစားရလဲဗျ။ ရန်ကုန်မြို့တော်ဝန်ဖြစ်ချင်လားခင်ဗျ။

ဦးခင်လှိုင်။  ။ကျွန်တော် ဒီကိုရောက်လာတာ ကော်မတီဝင်တစ်ယောက်အနေနဲ့ ဝင်လာတာပါ။ ကျွန်တော့်အနေနဲ့ ဒီကိုရောက်လာကတည်းကိုကစီမံခန့်ခွဲရေးကိုလုပ်ချင်တာပါ၊ ဒီဟာကလည်း ကျွန်တော့်ရဲ့ ပိုင်နိုင်တဲ့ အဓိက Subject ဖြစ်ပါတယ်။ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ပါတယ်၊ ဥပဒေရေးရာရော၊ စီမခန့်ခွဲရေးတွေကိုရော၊ HR Management တွေကိုရော၊ ပြီးတော့ ဘတ်ဂျတ်နဲ့ ငွေစာရင်းရော. .မြောက်များစွာသောလုပ်ငန်းတွေကို ကျွန်တော်လုပ်နိုင်ပါတယ်၊ အဲဒီလုပ်ငန်းတွေ အကုန်လုံးက ဟောဒီစည်ပင်ကြီးမှာရှိတယ်ဗျ၊ အဲလိုမျိုးရှိတာဖြစ်တဲ့အတွက် စည်ပင်ရဲ့လိုအပ်ချက်က တစ်ထပ်တည်းကျသွားတာဖြစ်တဲ့ အတွက် ယနေ့ကျွန်တော် အောင်မြင်လာတာဖြစ်ပါတယ်၊ တကယ်တော့ ရန်ကုန်မြို့တော်ဝန်ဆိုတာ စီမံခန့်ခွဲရေးကိုဦးဆောင်ရတာဖြစ်ပါတယ်၊ အုပ်ချုပ်ရေးလိုင်းမှာမပါပါဘူး၊ တစ်ခုထူးခြားတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာသူကလည်း Cabinet အဖွဲ့ဝင်ဖြစ်တဲ့အတွက် ပြည်သူ့အတွက်လည်း ပိုအဆင်ပြေသွားပြန်တယ်၊ အဲတော့ ရန်ကုန်မြို့တော်ဝန်တစ်ယောက်က နိုင်ငံရေးတစ်ခုတည်းမဟုတ်ဘဲနဲ့ ဒီလိုမျိုးစီမံခန့်ခွဲရေးမှာ အရမ်းကျွမ်းကျင်ဖို့လိုပါတယ်၊ စီမံခန့်ခွဲရေးကောင်းမယ်ဆိုရင် အုပ်ချုပ်ရေးယန္တရားကို ဘာမှပြောစရာအကြောင်း မရှိတော့ပါဘူး၊ ဒါကို ကျွန်တော်မြင်ပါတယ်။ အဲဒါကြောင့် အခု ကျွန်တော်လုပ်နေတဲ့ အလုပ်တွေဟာ စီမံခန့်ခွဲရေးလမ်းစဉ်ဖြစ်သလို ဥပဒေသမားတစ်ယောက်လည်း   ဖြစ်တာကြောင့် Cabinet အဖွဲ့မှာလည်း ကျွန်တော်အကောင်းဆုံးလုပ်နိုင်ပါလိမ့်မယ်၊ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့ဗျာ၊ ကျွန်တော်ကလည်းအကောင်းဆုံးလုပ်တာက မြို့တော်ဝန်တစ်ယောက်   ဖြစ်ချင်တာရယ်ကြောင့်တော့ မဟုတ်ပါဘူး၊ ရှိနေတဲ့တာဝန်ဝတ္တရားကို အပြည့်ထမ်းဆောင်တာဖြစ်ပါတယ်။   ပြည်သူတွေကနေ အခုလိုပြောကြားပေးတဲ့အတွက်  ကျေးဇူးတင်ပါတယ်။ တကယ်လိုများ ပြည်သူ့ဆန္ဒအတိုင်းတစ်နေ့နေ့ တစ်ချိန်ချိန်မှာများ ဒီအချိန်ကိုတော့ မပြောတတ်ပါဘူး၊ ပြောလည်းမပြောရဲပါဘူး၊ အဲတော့ တစ်နေ့နေ့တစ်ချိန်ချိန်များ   ဖြစ်လာခဲ့လိုရှိရင် ကျွန်တော်လုပ်ဖို့ အဆင်သင့်ပါပဲ။ အခုကတည်းကအဆင်သင့်ဖြစ်နေပါတယ်။ ဒါကိုတော့ ကျွန်တော်ပြောချင်ပါတယ်။ ပြည်သူ့ရဲ့ဆန္ဒပဲဖြစ်ပါတယ်၊ ကျွန်တော်ကတော့ မမျှော်မှန်းရဲပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly