တိုင်းပြည် တာဝန်ရှိသူများနဲ့ သမိုင်းစင်ကြယ်မှု

တိုင်းပြည် တာဝန်ရှိသူများနဲ့ သမိုင်းစင်ကြယ်မှု

အခုဆိုရင် မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်အဖြစ် ဒုသမ္မတများကို ရွေးချယ်ခဲ့ကြ ပြီးပါပြီ။ ဘယ်တုန်းကမှ လွှတ်တော်သတင်းတွေကို အခုလောက် စိတ်ဝင်တစား စောင့်ကြည့်ရိုး မရှိခဲ့ဘူးလို့ ယူဆရတဲ့ပြည်သူတွေဟာ ဒီတခါမှာတော့ စိတဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မကြည့်လိုက်ရတဲ့ သူတွေဆိုရင်လည်း ကြည့်လိုက်ရတဲ့သူတွေ ပြန်ပြော ပြတာကို ဘေးကနေပြီး တအံ့တသြ အားတက်သရော နားထောင်ခဲ့ကြတာကိုလည်း တွေ့ခဲ့ကြရပါ တယ်။

ဒုသမ္မတများအဖြစ် သို့မဟုတ် နိုင်ငံတော် သမ္မတလောင်းများအဖြစ် ရွေးချယ်ခံကြရသူများက တော့ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ ဖြစ်ကြပါတယ်။ ဦးထင်ကျော်နဲ့ ဦးဟင်နရီ ဗန်ထီးယူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဖြစ်ပြီး လွှတ်တော်နှစ်ရပ်မှာ အကြိတ်အနယ် ယှဉ်ပြိုင် ပြီးမှ မဲအပြတ်အသတ်နဲ့ အနိုင်ရ အရွေးခံခဲ့ကြရပါတယ်။ ဦးမြင့်ဆွေကတော့ လွှတ်တော် တပ်မတော် အစုအဖွဲ့က ကန့်ကွက်မယ့်သူမရှိ အရွေးခံခဲ့ရတာပါ။

အခုလို ဒုသမ္မတများအဖြစ် အောင်မြင်စွာ ရွေးချယ်ပြီးကြတဲ့အခါ အရွေးချယ်ခံကြရတဲ့ ပုဂ္ဂိုလ် များဟာ တိုင်းပြည်တစ်ခုဖြစ်တဲ့ သဘောၤတစ်စီးကို မာလိန်မှူးအဖြစ်နဲ့ ဦးဆောင်ပြီး ရွက်လွှင့်ကြရ တော့မယ့် သဘောဖြစ်လာပါတယ်။ ဒီတော့ကာ မိမိတို့ ပြည်သူများအနေနဲ့ ကိုယ်စီးရတဲ့သဘောၤ သို့မဟုတ် ကိုယ့်နိုင်ငံရဲ့ အကြီးအကဲတွေအပေါ် စိတ်ဝင်စားလာကြရပါတယ်။

အကြီးအကဲ လုပ်ကြမယ့် ဒီပုဂ္ဂိုလ်များရဲ့ ပညာအရည်အချင်း၊ ဖြတ်သန်းမှု အတွေ့အကြုံ၊ ပြီးတော့ စိတ်နေသဘောထား။ ဒါတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိအောင်ကြိုးစားကြတာ ရှိသလို သိသူများက ပြန်လည်ပြောပြတာကိုလည်း မျှော်လင့်တကြီးနဲ့ နားထောင်ကြရပါတယ်။

ထုံးစံအတိုင်း ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကို ရှေ့ကနေ ဦးဆောင်ပြီး ဖန်တီးကြမယ့် ပုဂ္ဂိုလ်တွေ ကို စံပြပုဂ္ဂိုလ်များ ဖြစ်စေချင်ကြမှာကလည်း မလွဲပါဘူး။ ပညာရေးအပိုင်း လုပ်ရည်ကိုင်ရည်အပိုင်း ဖြတ်သန်းမှု သမိုင်းအပိုင်းနဲ့ စိတ်ထားသဘောထားအပိုင်းဆိုတဲ့ အသီးသီးသော အနေအထားတွေမှာ စံပြပုဂ္ဂိုလ်တွေ၊ အရည်အချင်းပြည့်ဝသူတွေ၊ တိုင်းသူပြည်သားတွေအပေါ် ရင်ဝယ်သားလို သဘော ထား ကြင်နာတတ်သူတွေ၊ တိုင်းပြည်နဲ့ ပတ်သက်လာရင် ကိုယ်ကျိုးစီးပွားမကြည့်ဘဲ အနစ်နာခံ ဆောင်ရွက်ချင်တဲ့ စိတ်ရှိသူတွေအဖြစ် မြင်ချင်ကြမှာကလည်း မငြင်းနိုင်ပါဘူး။

အခု ပေါ်ပေါက်လာတဲ့ တိုင်းပြည်ဦးဆောင်အသစ်တွေအပေါ် အကောင်းဘက်က မျှော်လင့်နေ ကြတာပဲ ဖြစ်ပါတယ်။ နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်မကဲတဲ့ ပြည်သူကို ရိုးကျိုးစွာ အလုပ်အ ကျွေးပြုမယ့် မောင်ပုလဲ အသစ်တွေအဖြစ် မြင်ချင်ကြ ကြားချင်ကြမှာကလည်း မလွဲပါဘူး။

ပြီးတော့ ဒီကနေ့ ဒို့ကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ဟာ အထက်ကပြောခဲ့တဲ့ အရည်အချင်းတွေရှိ နိုင်တဲ့ ပုဂ္ဂိုလ် ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယနဲ့ အဲဒီ ပုဂ္ဂိုလ်များရဲ့သမိုင်းကို ပြန်လည်တူးဖေါ် သိချင်နေကြမှာကလည်း မလွဲပြန်ပါဘူး။ သမိုင်းကောင်းမှ ဦးဆောင်မှုကောင်းတဲ့သူတွေ ဖြစ်လာမှာမို့ ပြည်သူတွေဟာ အခုရက်ပိုင်းအတောအတွင်း လွှတ်တော်တွင်း သတင်းတွေကို မလွတ်တန်း စောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။

သမိုင်းဆိုတာကတော့ ဖျောက်လို့ဖုံးလို့ရတာ မဟုတ်ပါဘူး။ ဥပမာ တချိန်တုန်းက ကြုံဖူူးတာ လေးတချို့ ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ဖူးတဲ့ ကွတ်ဝေါ ဟိန်းဟာ အတွင်းရေးမှူးချုပ်ရာထူးက အချိန်တန်လို့ ပြန်ဆင်းပေးထားသည့် အချိန်ကြကာမှ တချိန် တုန်းက ကမ္ဘာ့ပြည်သူတွေကို ဒုက္ခကောင်းကောင်း ပေးခဲ့တဲ့ နာဇီတွေနဲ့ ပါဝင်ပတ်သက်ခဲ့ဖူးသူ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှု ခံခဲ့ရဖူးပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ဆုပ်လက်ကိုင် မပြနိုင်သော်ငြားလည်း နာဇီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ဖူးတယ်ဆိုတဲ့ သတင်းကြောင့် ကုလသမဂ္ဂနဲ့ ကာယကံရှင် ကွတ်ဝေါ ဟိန်းဟာ အတော်လေး ရှင်းလင်းကြရ သိက္ခာထိခိုက်ခဲ့ကြရပါတယ်။

တခါ စာပေနိုဗယ်လ်ဆုရှင် ဂျာမာန်ကဗျာဆရာကြီး ဂန်တာဂရပ်စ်ဆိုရင်လည်း တကမ္ဘာလုံးက လေးစားတဲ့ စာပေနိုဗယ်လ်ဆုအပါအဝင် အခြားစာပေဆုတွေ အများကြီး ရထားပြီးနောက်ပိုင်း အိုကြီး အိုမဖြစ်ကာမှ သူငယ်စဉ်က နာဇီအာဏာရှင် ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ထဲ ပါဝင်ခဲ့ဖူးတယ် ဆိုတဲ့ သမိုင်းကြီးက ပေါ်လာတော့ သူလည်းပဲ နောက်ဆုံးမှာ ဝန်ခံတောင်းပန်ရတဲ့ကိန်း ဆိုက်ခဲ့ပါ တယ်။

ဒါကြောင့်မို့ နိုင်ငံကို ခေါင်းဆောင်ကြမယ့် မိမိတို့ရဲ့ခေါင်းဆောင်များအနေနဲ့ သမိုင်းကောင်း သူများ ဖြစ်ကြပါစေ၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အကြင်နာတရား ထားနိုင်ကြပါစေ၊ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်တဲ့ တကယ်ကြွယ်ဝချမ်းသာပြီး ပညာညာဏ်ကြီးမားတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးဆောင်မှု ပေးနိုင်ကြပါစေကြောင်း ပြည်သူများကိုယ်စား မဇ္ဈိမက နှိုးဆော်လိုက် ပါရစေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly