"ကျွန်မတို့က အကြံပြုပေးတာပဲ လုပ်လို့ရတယ်"

"ကျွန်မတို့က အကြံပြုပေးတာပဲ လုပ်လို့ရတယ်"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တွင် အပြစ်ပေး အရေးယူနိုင်သည့်အာဏာရှိသည်ဟု မယူဆစေလိုကြောင်း  ကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ပြောသည်

ရန်ကုန် (Myanmar Now) – ဒေါ်ခိုင်ခိုင်ဝင်းသည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက စတင်ပေါ်ပေါက်လာသော ထိုကော်မရှင်တွင် တာဝန်ယူလိုသောကြောင့် ဝင်ငွေကောင်းသော ဂျပန်ဘာသာပြန်အလုပ်၊ ပြည်ပအဖွဲ့အစည်း အလုပ်အကိုင်တို့ကို စွန့်လွှတ်ခဲ့သည်ဟု ဒေါ်ခိုင်ခိုင်ဝင်းက ပြောသည်။

အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာပါရဂူဘွဲ့ ရရှိခဲ့သူ၊ စာနယ်ဇင်းနှင့်ရင်းနှီးကျွမ်းဝင်သူ ၄၁နှစ်အရွယ် ဒေါ်ခိုင်ခိုင်ဝင်းက မကြာသေးမီ ရက်ပိုင်းအတွင်း Myanmar Now နှင့် တွေ့ဆုံစဉ် ပြည်တွင်း လူ့အခွင့်အရေးအခြေအနေ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု၊ ပဋိပက္ခဒေသ အနေအထားတို့ အကြောင်းကို ပြောပြထားသည်။ Myanmar Now သတင်းအဖွဲ့ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။
 

မေး -ဌာနဆိုင်ရာ မှတ်တမ်းမှတ်ရာတွေက ကန့်သတ်ထားတာတွေ များတယ်။  ကော်မရှင်ရဲ့ စုံစမ်းမှုမှာ လိုအပ်ချက်အရ အစိုးရဌာနကို  စာရွက်စာတမ်း တောင်းယူတဲ့အခါ အခက်အခဲတွေ့ရပါသလား။

ဖြေ - လက်ရှိအထိတော့ အဲဒီလိုအနေအထားမျိုး လုပ်ရမယ့်အမှု မရှိသေးဘူး။ ဥပမာအုပ်ချုပ်ရေးမှူး တစ်ယောက်ကို လာတိုင်တယ်ပေါ့။ သူ့ကြောင့် လူ့အခွင့်အရေးဆုံးရံှူးတယ်ဆိုရင်… ကျွန်မတို့ကလိုက်တယ်၊ အထောက်အထားတွေနဲ့ ဥပဒေပညာရှင်တွေက သုံးသပ်ပြီး နောက်ဆုံးထွက်လာတဲ့ သုံးသပ်ချက်တွေကို အဲဒီ အထွေထွေအုပ်ချုပ်ရေးရုံးထက်မြင့်တဲ့ ပြည်ထဲရေးကိုပို့တယ်၊ ဘယ်နေ့က၊ ဘယ်မြို့က၊ ဘယ်သူဟာ ဘာလုပ်ခဲ့တာကို ကော်မရှင်တွေ့ရှိချက်က ဒီလိုဖြစ်နေတယ်၊ ဒီလိုဖြစ်သင့်ပါတယ်လို့ အကြံပြုလိုက်တယ်၊ ဘယ်လိုလုပ်ပါလို့မပြောဘူး။ ဟိုဘက်ကလည်း ကော်မရှင်ဥပဒေအတိုင်း ရက်ပေါင်း၃ဝအတွင်းမှာ အကြောင်းပြန်ရမယ်။ အဲဒီအကြောင်းအရာကို ဌာနအနေနဲ့ရတယ်၊ စုံစမ်းလိုက်တာမှန်တယ်၊ သူ့ကိုအရေးယူပြီးသွားပြီဆိုတဲ့ စာပြန်လာတယ်။ ပြန်စာရတဲ့အခါ ကျွန်မတို့ဆီ တိုင်ခဲ့တဲ့သူကို ဒီစာပြန်ပို့ပေးတယ်၊ တိုင်ထားတဲ့ကိစ္စ ဒီလိုဖြစ်သွားတယ်ပေါ့။ နောက် ရှေ့နေလိုင်စင် အသိမ်းခံရတယ်ပေါ့၊ ဒါဟာသူ့ရဲ့လူ့အခွင့်အရေးကိုချိုးဖောက်တာ။ ကျွန်မတို့ကလိုက်တယ်၊ မှန်ကန်တယ်ဆိုရင် ရှေ့နေလိုင်စင် ပြန်ရသွားတဲ့သူတွေရှိတယ်။ ဒီနေ့ဒီအချိန်အထိတော့ နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စဘယ်ဌာနနဲ့မှ မရှိသေးဘူး။ (မွန်ပြည်နယ်ရှိ တပ်မတော် စခန်းတစ်ခုတွင် ထိန်းသိမ်းခံရစဉ် ပစ်ခတ်ခံရပြီး သေဆုံးသူ) ကိုပါကြီးအမှုမှာ ဗိုလ်ချုပ်တွေကပါလာ အစစ်ခံတယ်။ ဒီနေ့အထိကတော့ ကန့်သတ်ဆိုတဲ့ဟာတွေနဲ့ မတွေ့ဖူးသေးဘူး။

မေး -၂ဝ၁၅ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲတစ်ခုမှာ လက်ပတ်နီဝတ်  စွမ်းအားရှင်ဆိုတဲ့သူတွေက ဝင်ပြီး အကြမ်းဖက် ကိုင်တွယ်ခဲ့တယ်။ ဒီဖြစ်ရပ်အကြောင်း ကော်မရှင်က  ကိုင်တွယ်စုံစမ်းခဲ့တာရှိပါသလား။

ဖြေ - ကျွန်မသိသလောက်တော့မလုပ်ဘူးရှင့်။ စောင့်တော့စောင့်ကြည့်တာပေါ့။

မေး -  ကော်မရှင်ဥပဒေမှာပါတဲ့ တချို့အချက်တွေက ကော်မရှင်ရဲ့ အလုပ်တွေကို အဟန့်အတားဖြစ်နေတာမျိုး ရှိပါသလား။ ပမာဆိုရရင် တရားရုံးမှာ စီရင်ဆဲနဲ့ စီရင်ချက်ချပြီးသား အမှုတွေကို ကော်မရှင်က ကိုင်တွယ်ပေးလို့မရဘူး။

ဖြေ - ဆုံးဖြတ်ပြီးသား အမှုတွေကို မကိုင်ရဘူးဆိုရင် ဒီတရားရုံးက ဆုံးဖြတ်တာဟာ တရားမျှတမှုဖြစ်ပါတယ်လို့ ဘယ်သူပြောနိုင်မလဲ၊ တရားသူကြီးက တရားမျှမျှတတနဲ့ အမှုကိုကိုယ်တွယ်ပါတယ်လို့ ကော်မရှင်က ဆိုနိုင်မလားဆိုတာမျိုး ရောက်တဲ့နေရာတိုင်းမှာ အမေးခံရတယ်။ ကော်မရှင်က လူကြီးပိုင်းတွေ သုံးသပ်ထားတာရှိတယ်၊ နောက်ပိုင်း ဒါမျိုးတွေသိပ်များလာလို့ လိုအပ်လာရင် ဥပဒေပြင်တဲ့ လမ်းကြောင်းအတိုင်း တစ်မျိုးတစ်ဖုံလုပ်ကြဖို့ပေါ့။ ဆုံးဖြတ်ထားပြီးသား အမှုတိုင်းမှာလည်း တရားမျှတပါတယ်လို့ ပြောလို့မရဘူးရှင့်။ အခုလွှတ်တော်ထဲမှာ ကော်မတီတွေရှိပါတယ်၊ ဥပဒေတိုင်းကို သုံးသပ်ပြီးအားနည်းတယ်ထင်ရင် ပြင်လို့ရတဲ့ အပိုင်းတွေရှိတော့ လူ့အခွင့်အရေးကော်မရှင်မှာ ဒါမျိုးတွေ ဖြစ်နေသေးတယ်(ဆိုပြီး) ပြည်သူတွေရဲ့အားနဲ့၊ ပြည်သူတွေရဲ့ အသံတွေနဲ့သွားရင် ဖြစ်လာနိုင်ပါတယ်။

မေး - အစိုးရကို အကြံဉာဏ် ပေးလို့ရတယ်ဆိုတော့ ဘာအကြံဉာဏ်တွေ ပေးထားပြီးပြီလဲ။

ဖြေ -ဥပဒေတစ်ခုဟာ ထွက်လာပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကျွန်မတို့က အကြံဉာဏ်တွေ ပေးလို့ရတယ်။ ဥပဒေအားလုံးတော့ ကျွန်မတို့ မလုပ်နိုင်သေးပါဘူး။ တစ်လင်တစ်မယားစနစ် ဥပဒေထွက်လာချိန်မှာ ကျွန်မတို့မှာ ရာဇသတ်ကြီးဥပဒေရှိပြီးသား၊ အဲဒီထဲက ပုဒ်မ၃၉၄၊ ၃၉၅ဆိုတာနဲ့ ထိပ်တိုက်ဖြစ်မနေဘူးလား၊ အဲဒီရာဇသတ်ကြီးထဲကဟာကိုပဲ ခေတ်နဲ့လျော်ညီအောင် လုပ်လို့မရဘူးလားပေါ့။ ကျွန်မတို့က လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး၊လူမှုရေးက ခေါင်းဆောင်တွေနဲ့တွေ့တယ်။ သူတို့တင်ပြတဲ့ အချက်တွေကိုလည်း လွှတ်တော်ဆီကို တင်ပေးလိုက်တယ်။

မေး - ကော်မရှင်ရဲ့  အောင်မြင်မှုတချို့ကို ပြောပြပါဦး။

ဖြေ - အောင်မြင်မှုဆိုတာ ကျွန်မအမြင်နဲ့ပဲ ပြောလို့ရမယ်ရှင့်။ ကျွန်မဒီကော်မရှင်ကို ၂ဝ၁၄ကတည်းက ဝင်လုပ်တဲ့နေရာမှာ နံပါတ်တစ်အနေနဲ့ ပြောရရင် ကိုပါကြီးကိစ္စပေါ့။ ကိုပါကြီးက ဒီလိုဒီလိုဖြစ်ပြီး သေသွားတယ်။ ဟိုးအရင် အချိန်တွေကဆိုရင် ဒီလိုအဖြစ်မျိုးဘ ယ်သူမှအနားတောင် ကပ်လို့ရမှာမဟုတ်ဘူး။ ကိုပါကြီးရဲ့အမျိုးသမီးလည်း အဲဒီလို အလောင်းဖော်တာတို့လို အနားတောင်ကပ်လို့ရမှာမဟုတ်ဘူး။ သူ့ရဲ့အသံတွေလည်း မီဒီယာပေါ်တက်လာမှာမဟုတ်ဘူး။ ကျွန်မတို့ဘက်က ဒါလူ့အခွင့်အရေးချိုးဖောက်တာ၊ နိုင်ငံသားတစ်ယောက်က ဒီလိုမဖြစ်သင့်ဘူးလို့ ကျွန်မတို့ ဒုတိယဥက္ကဋ္ဌကြီးကိုယ်တိုင် စုံစမ်းမယ်ဆိုတဲ့ အချိန်မှာပဲ သမ္မတဦးသိန်းစိန်က ဒီကိစ္စကိုလိုက်ပါ၊ ဒါလူ့အခွင့်အရေးချိုးဖောက်တာ၊ မင်းတို့အဖွဲ့တွေသွားသင့်တယ်လို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ကျွန်မတို့ ဥပဒေမှာလည်းပါတယ်၊ လိုအပ်တဲ့အချိန်မှာ သမ္မတကခိုင်းခွင့်ရှိတယ်လို့။ ဒါပေမဲ့ ဒီကိစ္စမှာ သူ့ဘက်ကိုယ့်ဘက် အမြင်မတူတာတွေ ရှိတယ်၊ ပြောမှလုပ်တယ်လို့ ကျွန်မတို့ကို ထောက်ပြဝေဖန်တဲ့သူတွေ၊ မီဒီယာတွေလည်းရှိတယ်။ တကယ်တော့ နိုင်ငံတော်ကို အုပ်ချုပ်တဲ့သမ္မတကိုယ်တိုင်က ဒီလူ့အခွင့်အရေးကိစ္စကို စိတ်ဝင်တစားနဲ့ ဖုန်းဆက်တယ်ဆိုကတည်းက ကျွန်မတို့ဘက်က အနိုင်လို့ ကျွန်မတော့တွက်တယ်။ သူမဆက်လည်းရတာပဲ။

မေး - သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို စုံစမ်းခိုင်းလို့ ရပါလျက်နဲ့  ဘာဖြစ်လို့ ကော်မရှင်ကို အားကိုးရတာလဲ။

ဖြေ - သမ္မတတစ်ယောက်မှာ လမ်းကြောင်းတွေအများကြီး ပိုင်ထားတာပဲလေ။ ဒါပေမဲ့ ဥပဒေမှာ သမ္မတလိုအပ်ရင် သမ္မတပြောတဲ့ကိစ္စ သွားလို့ရတယ်ဆိုတော့ လူ့အခွင့်အရေးရှုထောင့်ကနေ သွားရင်ပိုမြန်မယ်လို့ သူသုံးသပ်လို့နေမှာပေါ့။ ကျွန်မတို့စုံစမ်းတယ်၊ အလောင်းဖော်တဲ့ဆီမှာလည်း တောက်လျှောက်ပါတယ်။ ကိုပါကြီးအမျိုးသမီးရော၊ သူ့ရှေ့နေရောပါတယ်။ တိုင်တဲ့သူက အမျိုးသမီးဖြစ်တော့ သူ့ရဲ့လုံခြုံရေးအရ နောက်တစ်ယောက်ကို ခေါ်ခွင့်ရှိတယ်။ ဒါပေမဲ့သူနဲ့ပါလာတဲ့ အဖွဲ့တစ်ဖွဲ့လုံးဝင်လို့ရမှ သူဝင်မယ်ဆိုတော့ ကျွန်မတို့ရုံးရှေ့မှာ ဆန္ဒပြတာမျိုးဖြစ်တယ်။ ကျွန်မတို့ဘက်က သူ့ကိုဆက်သွယ်ပါတယ်။ ကျွန်မတို့အင်တာနက်စာမျက်နှာမှာ အသေးစိတ်ရေးထားတယ်၊ ကျွန်မတို့သွားတယ်၊ အလောင်းပြန်ဖော်တယ်။ အလောင်း ပြန်သယ်လာတော့ ဖြတ်ရမယ့်မြို့၊ ရွာတိုင်းကအများအားဖြင့် ဖြတ်သန်းဖို့ သဘောမတူဘူး။ မြန်မာ့ထုံးစံအရ သေပြီးတဲ့အလောင်းကို လုံးဝမြို့ထဲအဝင်မခံဘူး။ နည်းနည်းရုတ်ရုတ်ဖြစ်သွားတာမှာ လူ့အခွင့်အရေး ကော်မရှင်ကနေဆိုပြီး ကျွန်မတို့ဆိုင်းဘုတ်တင်ပြီး ပေးသွားပါပြောပြီးတော့ ရှေ့ဆုံးကနေ ကျွန်မတို့ကားထွက်တယ်၊ ကျွန်မတို့ကားထွက်မှ လူအုပ်ကဖယ်ပေးပြီး အလောင်းကိုရန်ကုန်သယ်၊ ကောင်းမွန်စွာနဲ့ လူသားတစ်ယောက် ပီသစွာနဲ့ သူသြင်္ဂိုဟ်ခွင့်ရသွားတယ်။ ဆုံးရှုံးသူဘက်ကကြည့်ရင် အများကြီးဆုံးရှုံးတယ်လို့ ပြောလို့ရပေမဲ့ လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင် ကော်မရှင်က အကောင်းဆုံး လုပ်ပေးနိုင်ခဲ့တာပဲ။ ပြည်သူတွေနဲ့ ကျွန်မတို့နဲ့ နည်းနည်းသဘောထားချင်း မတိုက်ဆိုင်တာက သူတို့က ကျွန်မတို့ကို တရားစီရင်ချက်ချလို့ရတဲ့ အဖွဲ့အစည်းထင်နေတယ်။ ကျွန်မတို့က အကြံပြုပေးတာပဲ လုပ်လို့ရတယ်။ လိုက်ပြီးမလုပ်တာ၊ လုပ်တာက ဟိုဘက်အဖွဲ့အစည်းကလူတွေရဲ့ လူ့အခွင့်အရေးပေါ် နားလည်မှု၊ လေးစားမှုပေါ် မူတည်တာ။ သူတို့ရဲ့ လူ့အခွင့်အရေးပေါ်နားလည်တဲ့ သဘောတရား၊ စိတ်ခံယူချက်ပြောင်းသွားတဲ့အပေါ် ကျွန်မတို့အ လုပ်လုပ်ရတာအရမ်းလွယ်တယ်။ ဟိုတလောက မိုးညှင်းမြို့က အချုပ်ထဲမှာရိုက်နှက်တာကို ဗီဒီယိုရိုက်ထားပြီးနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လာတိုင်တယ်။ အဲဒီကိစ္စကို ကျွန်မတို့စုံစမ်းပြီး မှန်ကန်တဲ့အတွက် အထက်ကိုစာပို့လိုက်တာဘယ်နေ့၊ ဘယ်ရက်ကအဲဒီလုပ်တဲ့သူကို ဖြုတ်လိုက်ပါပြီလို့ တကူးတကနဲ့ တလေးတစားစာပြန်လာတယ်။ ဆိုလိုချင်တာက ဟိုဘက်ကအရေးယူတဲ့ အပိုင်းတိုးတက်လာပြီ။ အကျဉ်းထောင်၊ အကျဉ်းစခန်းတွေ သွားစစ်တာမှာလည်း အခုနောက်ပိုင်းလူ့အခွင့်အရေးရှိလာပြီဆိုတဲ့ အသိနဲ့ အကျဉ်းသားတွေရဲ့ အခြေအနေကောင်းလာပြီ။ ကျွေးမွေးတာကအစ အဆင်ပြေလာတယ်။ ၁၉၄၈ကနေ ၂ဝ၁၁အထိ လူ့အခွင့်အရေးမပြောနဲ့၊ ဘာမှတောင်ပြောလို့မရတဲ့ အခြေအနေကနေ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရမယ်။ ကျွန်မတို့ဆီကိုလည်း တိုင်တန်းမှုတွေအရမ်းများလာတယ်။ များလာလို့ ဂုဏ်ယူပြီးပြောတာမဟုတ်ဘူး။ လူ့အခွင့်အရေးကော်မရှင်ကို အားကိုးလာတယ်။

မေး - တိုင်တန်းရာမှာ မအောင်မြင်တာ၊  စစ်ဘက် အရပ်ဘက် နိုင်ငံတော်ထိပ်တန်းခေါင်းဆောင်တွေနဲ့ ပက်သက်နေတာတွေ  ရှိလား။

ဖြေ - တိုင်တန်းတဲ့ကိစ္စက ဥပဒေပါ အချက်တွေ မပြည့်စုံတာမျိုးဆိုရင်တော့ ကျွန်မတို့ ကိုင်တွယ်လို့မရဘူး။ တိုင်တန်းတဲ့ ကိစ္စတွေမှာ တကယ့်ထိပ်တန်းလောက် အထိတော့မရှိဘူး။ တပ်ဘက်နဲ့ပတ်သက်တာမှာဆိုလည်း ဒီလူတစ်ယောက်ရဲ့ အခွင့်အရေးချိုးဖောက်တာထက် လယ်မြေသိမ်းတဲ့ ကိစ္စကများတယ်။ ကျွန်မတို့လုပ်လိုက်တဲ့အခါတပ်ဘက်က တော်တော်များများလည်း ပြန်ပေးပြီးပြီ။ တချို့ဟာတွေကျတော့လည်း မြေ (ပြန်) မပေးနိုင်တဲ့အခါမှာ လျော်ကြေးပေးတာမျိုးရှိတယ်။၂ဝ၁၅ခုနှစ်မှာပဲ တိုင်တန်းချက်ပေါင်းက၁,၇ဝဝ ကျော်သွားပြီ။ စဖွဲ့တဲ့၂ဝ၁၁ခုနှစ်နဲ့ဆိုရင် တစ်သောင်းကျော်ပြီ။ ကျွန်မတို့နှစ်စဉ် အစီရင်ခံစာထဲမှာတော့ အသေးစိတ်ရှိတယ်။ ရန်ကုန်ကဘယ်နှမှု၊ ဧရာဝတီကဘယ်နှမှု၊ အထွေထွေအုပ်ချုပ်ရေး ကိုယ်တိုင်တာက ဘယ်နှမှုဆိုပြီးတော့။

 

မေး - မြန်မာပြည် နေရာအတော်များများမှာ မြေမြှုပ်မိုင်းထောင်နေကြတာနဲ့ ပတ်သက်ပြီး ကော်မရှင်က ဘာတွေ လုပ်နေပါသလဲ။

ဖြေ - မြေမြှုပ်မိုင်းက  ဘာမှတော့ ကျွန်မတို့ဘက်က အထူးတလည်လုပ်ထားတာမရှိဘူး။  ဒါဟာမဖြစ်သင့်ဘူး။ ဒါဟာလူသားတွေ၊  ဘယ်လိုပဲဖြစ်ဖြစ် လူသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးဟာတွေမလုပ်သင့်ပါဘူးဆိုတာ ကြေညာချက် ထုတ်ထားတယ်။  ခက်တာက ကျွန်မတို့စကားက ဘယ်လောက်အထိ တာသွားသလဲ၊ စစ်တိုက်နေတဲ့သူတွေဆီသွားပြီး လူ့အခွင့်အရေးပြောမယ်၊ သူတို့ကရယ်တာပေါ့။ သူတို့တွေ့ကြုံလာတာက လူ့အခွင့်အရေးလာမပြောနဲ့ သူသတ်ရင်ငါသတ်မယ်၊ ငါမသတ်ရင်သူင့ါကိုသတ်မှာပေါ့၊ သူထောင်ရင်ငါထောင်မှာပေါ့ ဆိုတဲ့ဟာမျိုး။ သူနဲ့ငါဒီလိုတွေဖြစ်နေတဲ့အခါမျိုးမှာ အချိန်တစ်ခုကိုစောင့်ပြီးတော့ တဖြည်းဖြည်းကျွန်မတို့သွားရမှာပဲ။

 

မေး - ပဋိပက္ခဒေသတွေမှာ လက်နက်ကိုင်တဲ့ နှစ်ဖက်စလုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့က ထုတ်ပြန်ထားတာနဲ့ ပက်သက်လို့ ရော ကော်မရှင်က ဘယ်လိုဆောင်ရွက်နေပါသလဲ။

ဖြေ - ကျွန်မတို့ အဲဒီလို ပဋိပက္ခဖြစ်နေတဲ့နေရာကို မသွားဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့အဖွဲ့ကို လုံခြုံရေးဘယ်ဘက်ကမှ မပေးနိုင်ဘူး။ အဲဒီလိုနေရာတွေမှာ နှစ်ဖက်စလုံးက ကျူးလွန်တာတွေရှိတယ်။ ကျွန်မတို့လုပ်နိုင်တာက ဒါမျိုးတွေကို သတင်းထုတ်ပြန်ချက်တွေနဲ့ ထုတ်ပြန်တယ်။ ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကိုသွားတယ်။ အမျိုးသမီးတွေ၊ ကလေးတွေဘာဖြစ်နေလဲ၊ ဘယ်မှာနေနေရလဲ၊ စာသင်ရရဲ့လား၊ ကျန်းမာရေးဆေးပေးခန်းရောရှိလား၊ ကျန်းမာရေးမှူးတွေ လာလားစသဖြင့်ပေါ့။ ကျွန်မတို့သွားတိုင်း မတွေ့တာက အမျိုးသားတွေပဲ။ သူနာပြုကတစ်ယောက်တည်း မဖြစ်ဘူးဆိုရင် ကျွန်မတို့ကအဲဒီမြို့က အရာရှိကိုခေါ်၊ ဒီမှာနည်းနေတယ်၊ ဘယ်လိုဖြစ်တာလဲပေါ့။ ကျွန်မတို့က ဝန်ကြီးချုပ်ကနေတစ်ဆင့် သွားတာဆိုတော့ ဒီလိုဖြစ်တာလေးဘယ်တော့လောက်ကို အကြောင်းပြန်ပေးပါဆိုရင် သူတို့သူနာပြုပြန်ထားပေးတယ်။ ဆိုလိုချင်တာက လူ့အခွင့်အရေးရှုထောင့်ကနေပဲ ကျွန်မတို့ ပြောလို့မရဘူး၊ စစ်ဖြစ်တဲ့နေရာကို ကျွန်မတို့သွားပြီးနင်မပစ်နဲ့၊ နင်မပစ်နဲ့ဆိုဝင်ပြောလို့မရဘူး။ ကျွန်မတို့လုပ်ပေးနိုင်တာပဲ လုပ်ပေးလို့ရတယ်။ စစ်ဖြစ်တာမကောင်းဘူး ၊ငြိမ်းချမ်းရေး ရအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာ နှစ်ဦးနှစ်ဖက်လုံးမှာ အတွေးအမြင်ရှိမှ ဒီပြဿနာက ပြေလည်မှာ။

မေး - ကော်မရှင်ရဲ့ လုပ်ကိုင်မှုတွေမှာ အကန့်အသတ်တွေ ဖြစ်တာမျိုးရောရှိလား။

ဖြေ - အစိုးရပိုင်းနဲ့ ကျွန်မတို့ ဥပဒေအရဆိုရင် ရက်၃ဝအတွင်း အကြောင်းပြန်ပေးရမယ်လို့ ပြောထားတယ်။ အကြောင်းမပြန်ရင် ဘာလုပ်မယ်ဆိုတာ မပါဘူး။ ပဲခူးက ထွေအုပ်ကိုတိုင်တဲ့ကိစ္စ။ ကျွန်မတို့က ပြည်ထဲ ရေးကိုပို့တယ်။ ပြည်ထဲရေးက ပဲခူးတိုင်းကို ချပေးတယ်။ တိုင်းကနေသက်ဆိုင်ရာ မြို့နယ်မှူးကို မင်းလုပ်တဲ့ဟာ ကော်မရှင်က စာလာနေပြီဆိုလုပ်တယ်။ ဆက်သွယ်ရေးစနစ်ကလည်း မကောင်းတော့တချို့နေရာမှာ အကြောင်းကြောင်းကြောင့် ကြာတာတွေရှိတယ်။ တချို့ကလည်း ထားလိုက်စမ်းပါကွာ။ ကော်မရှင်ကဘာ အမှုမှန်းမသိရှုပ်နေတယ်၊ ငါတို့လည်း ငါတို့ဘက်က ငါတို့လုပ်တာပဲဆိုတဲ့ အဖွဲ့လည်းရှိတယ်။ တချို့လူ့အခွင့်အရေးကို အသိအမှတ်ပြုလေးစားတယ်ဆိုတဲ့ အစိုးရဌာနတွေကျတော့ တစ်လအတွင်းစာပြန်လာတယ်။ ဟုတ်ပါတယ်၊ လုပ်ပြီးပါပြီ၊ မှန်ကန်ကြောင်း တွေ့ရပါတယ်ပေါ့။ လူ့အခွင့်အရေးကို လေးစားရကောင်းမှန်းတောင်မသိဘူး၊ ကော်မရှင်လည်း ဘာမှန်းမသိဘူး၊ မလုပ်တော့ရောဘာဖြစ်လဲဆိုတဲ့ ဌာနမျိုးရောက်သွားရင်တော့လည်း ဘာမှကို လုပ်လို့မရဘူး။ လက်ပံတန်း (ကျောင်းသား သပိတ်စခန်း) ကိစ္စမှာ ပဲခူးတိုင်းဝန်ကြီးချုပ်က အစစ်ဆေးမခံဘူး၊ အဲဒီကိစ္စတွေကို နှစ်စဉ်အစီရင်ခံစာမှာထည့်ရေးနေတယ်၊ နောက်နှစ်လွှတ်တော်မှာ ဒီအစီရင်ခံစာတင်ပြရင်ပါသွားမှာပါ။ လူ့အခွင့်အရေးကို လေးစားတယ်၊ အသိအမှတ်ပြုတယ်ဆိုတဲ့ အစိုးရဖြစ်လာမယ်ဆိုရင် ဒါဟာသူတို့အတွက် ဖိအားဖြစ်လာမှာပဲ၊ အစိုးရနဲ့ကျွန်မတို့နဲ့ အလုပ်လုပ်ရတာ ပိုမြန်လာမယ်။

မေး - ဌာနဆိုင်ရာတွေကို အကြံပြုပေမဲ့ အရေးယူဆောင်ရွက်တာမရှိဘူးဆိုရင်  အလုပ်ပိုဖြစ်ဖို့  ကော်မရှင်ဥပဒေကို ပြင်ဆင်မှာလား။ ဘယ်လိုနည်းလမ်းတွေရှိလဲ။

ဖြေ - ဒါကိုတော့ နိုင်ငံတကာန ဲ့ပြောရမယ်။ ထိုင်းမှာ ကော်မရှင်ရှိတယ်။ အိန္ဒိယမှာရော ကျွန်မတို့မှာရောရှိတယ်။ ဒါပေမဲ့သက်ဆိုင်ရာ နိုင်ငံကသူတို့ပေးချင်တဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာကို ပေးထားတာ။ ထိုင်းဆို ကျွန်မတို့လိုပဲ ဆုံးဖြတ်ချက်မရဘူး။ အိန္ဒိယကျတော့ ကော်မရှင်က ဆုံးဖြတ်လို့ရတယ်။ အစိုးရပေါ်မူတည်တယ်။ အဲဒီလိုလေး ဆုံးဖြတ်ပိုင်ခွင့်ပေးထားရင် ကျွန်မတို့မှာလုပ်ပိုင်ခွင့်ပိုများသွားမယ်။ ပိုအဆင်ပြေမယ်။ ပိုပြီးတော့သြဇာလည်းရလာမယ်။ အဲဒီအချက်လေးတွေကို မြင်တဲ့သူတွေက ထောက်ပြနိုင်မယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့။ ဥပမာလူတစ်ယောက်က လူ့အခွင့်ရေးကော်မရှင် ဥပဒေကပုဒ်မ ဘယ်လောက်ကဘယ်လိုဖြစ်နေတယ်၊ ဒါကိုဒီလိုလေးပြင်လိုက်ရင် ဌာနဆိုင်ရာတွေအတွက်ပါ ဖိအားလေးဖြစ်လာနိုင်မယ်၊ ပိုကောင်းသွားမယ်လို့ ထောက်ပြလာရင် ဥပဒေပြင်တာဖြစ်ကောင်းဖြစ်လာမှာပေါ့။ ကျွန်မတို့ဘက်ကဒါကို ပြင်သင့်ပါတယ်လို့တော့ သွားပြောလို့မရဘူးလေ။

မေး - ပြည်ပရောက်နေတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခု အကြောင်း ထုတ်ပြောထားတာရှိတယ်။ အခြေခံဥပဒေက နောက်ကြောင်းပြန် အရေးယူတာမျိုးမလုပ်ရဘူးလို့  ပြဋ္ဌာန်းထားတော့ အဲဒီလို အမှုမျိုး တိုင်တန်းလာရင ်စုံစမ်းတာမျိုး လုပ်မလား။

ဖြေ - ဒါက အခြေခံဥပဒေအရ နောက်ကြောင်းပြန်လို့မရတဲ့ အမှုမျိုးဖြစ်နေတာပေါ့။ ကျွန်မက ပေါ်လစီချမှတ်တဲ့ ကော်မရှင်၁၁ဦး အဖွဲ့ထဲကမပါတော့ သူတို့ဆုံးဖြတ်၊ မဆုံးဖြတ်ကိုမသိဘူး၊ တကယ်လို့ အဲဒီလိုကိစ္စမျိုးတက်လာရင် သူတို့ဆုံးဖြတ်ချက်ပေါ် မူတည်မယ်။ ကိစ္စရပ်တစ်ခု ကျွန်မတို့ဆီရောက်လာရင် အရင်ဆုံးကြည့်တာက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရလား၊ မခံရလားပဲ။ ဥပဒေမှာ အချိန်ကန့်သက်ချက်မပါတဲ့အတွက် ဘယ်သူမဆိုဘယ်တုန်းကဖြစ်ခဲ့ ဖြစ်ခဲ့၊လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ထင်ရင်တိုင်လို့ရတယ်။ ကိုယ်တိုင်မှမဟုတ်ဘူး၊ သူများအတွက်လည်း လိုက်ပြီးတိုင်လို့ရတယ်။     ။

Mizzima Weekly