စပါးကွင်းလယ်လူ ပေါ်လင်ဟို တရုတ်ကလပ် ကွမ်ကျိုးသို့ ပြောင်းရွှေ့

စပါးကွင်းလယ်လူ ပေါ်လင်ဟို တရုတ်ကလပ် ကွမ်ကျိုးသို့ ပြောင်းရွှေ့

(လန်ဒန်)။ ။ စပါးအသင်းမှ ဘရာဇီး ကွင်းလယ်ကစားသမား ပေါ်လင်ဟိုသည် တရုတ်ကလပ် ကွမ်ကျိုးအသင်းသို့
ပြောင်းရွှေ့ကြေး ပေါင် ၉ ဒသမ ၉ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

ကွမ်ကျိုးအသင်း၏ လက်ရှိနည်းပြမှာ ဘရာဇီးနည်းပြဟောင်း စကိုလာရီဖြစ်ပြီး ပေါ်လင်ဟိုကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း
ဖြစ်သည်။ စကိုလာရီသည် ယခုလအစောပိုင်းကမှ ထိုတာဝန်ကို လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ၂ နှစ်ခွဲ စာချုပ်သက်တမ်း ဖြစ်သည်။

ပေါ်လင်ဟိုသည် ၂၀၁၃ ခုနှစ်က ဘရာဇီးကလပ် ကိုရင်သီယန်မှ စပါးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။ အသင်းသို့ ရောက်ရှိစက ဦးစားပေးကစားသမားအဖြစ် ကစားခဲ့ရသော်လည်း နည်းပြ ပိုချက်တီနိုလက်ထက်တွင် ပထမပွဲထွက် ကစားသမားနေရာ ပျောက်ဆုံးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲတွင် ၂၇ ပွဲပါဝင်ကစားခဲ့ရသော်လည်း ၁၂ ပွဲမှာ အရန်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့ရခြင်း ဖြစ်သည်။

ပေါ်လင်ဟိုသည် ကွမ်ကျိုးအသင်းတွင် ကျောနံပါတ် ၄၈ ကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

လက်ရှိတွင် ကွမ်ကျိုးအသင်းမှာ တရုတ်အမှတ်ပေးပြိုင်ပွဲတွင် အဆင့်သုံးနေရာ၌ ရပ်တည်နေပြီး အဆင့်တစ်မှ ပေဂျင်းကူအန်အသင်းနှင့် နှစ်မှတ်ကွာဟလျက်ရှိသည်။

ရည်ညွှန်း - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly