“ တရုတ်လွှတ်တော်မှာ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရရဲ့လား ”

“ တရုတ်လွှတ်တော်မှာ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရရဲ့လား ”

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောခဲ့သလိုပါပဲ။ ကြီးကျယ်ခန်းနားလှတဲ့ တရုတ်လွှတ်တော်တွင်း သတင်း ယူတဲ့အကြောင်း ပြောပြချင်ပါတယ်။ တကယ်ဆို ကျွန်တော်က ဂျာမန်လွှတ်တော်၊ ဗြိတိန်နိုင်ငံ ဝေးလ် လွှတ်တော်၊ ဥရောပသမဂ္ဂ လွှတ်တော်နဲ့ အခြားလွှတ်တော် တစ်ချို့ကို ရောက်ဖူး၊ လေ့လာဖူးပါတယ်။ ဒါပေမယ့်လည်း တရုတ်ဟာ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံဖြစ်တာ၊ နောက် နေပြည်တော်က ကျွန်တော်တို့ လွှတ်တော်မှာလည်း သတင်းယူရေးနဲ့ ပတ်သက်ပြီး ပြဿနာတစ်ချို့ တက်ခဲ့တာ အဲဒါတွေကို တွေးမိပြီး ကျွန်တော်တို့ ဗဟုသုတ ရယူနိုင်တဲ့ အခြေအနေလေး ရှိတာမို့ တရုတ် လွှတ်တော်အကြောင်းကို ပြောပြမှာ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်နိုင်ငံဟာ ကွန်မြူနစ်ပါတီက အာဏာရ အုပ်ချုပ်နေတဲ့ နိုင်ငံ ပါ။ ဒီလိုနိုင်ငံမျိုးမှာ လွှတ်တော်ဆိုတာကလည်း အနောက်တိုင်း ဒီမိုကရေစီနိုင်ငံက လွှတ်တော်မျိုးနဲ့ မတူတဲ့ လွှတ်တော်မျိုးပဲ ဖြစ်မယ်ဆိုတာ အားလုံး နားလည်နိုင်ကြပါတယ်။ ပြောရရင် စိတ်ဝင်စားဖို့ မကောင်းဘူးပေါ့နော ကိုမျိုးသန့်ရေ။ ကြိုတင်တိုင်ပင် ဆွေးနွေးထားပြီးသားတွေကို လွှတ်တော်မှာ လာပြီး ဖတ်ပြ၊ အတည်ပြုချက်ရယူတဲ့ အခန်းအနားဆန်တဲ့ လွှတ်တော် အမျိုးအစား ဖြစ်လို့ပါ။ နောက်ပြီး အဲဒီလွှတ်တော်မှာ ပြောတာဆိုတာတွေကိုလည်း တရုတ် အစိုးရပိုင် မီဒီယာတွေက လွှင့်ထုတ်တာ ရှိသလို၊ တိုင်းရင်းသား ဘာသာစကားပေါင်း များစွာနဲ့ တိုက်ရိုက် ဘာသာပြန် ထုတ်လွှင့်ပေးတာ ရှိနေပါတယ်။ ဒါဆို သတင်းဌာနတွေက ဘာကြောင့် သတင်းသွားယူဖို့ လိုမလဲ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

ကျွန်တော့် အမြင်ပြောရရင် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရဟာ အဲဒီလွှတ်တော် အစည်းအဝေးမှာပဲ သူတို့ရဲ့ အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ စီးပွားရေးဆိုင်ရာ ကိစ္စတွေကို ထုတ်ပြန် ကြေငြာလေ့ ရှိတာကြောင့် သတင်းကို ကိုယ့်သတင်းဌာန အပိုင်ဖြစ်အောင် သွားယူဖို့လိုတယ် ယူဆ ပြီး သတင်းသွားယူကြတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အစည်းအဝေး မတိုင်ခင်နဲ့ အစည်းအဝေးပြီးတဲ့ အချိန်တွေမှာ တရုတ်နိုင်ငံရဲ့ တကယ့် ကွန်မြူနစ်ပါတီနဲ့ အစိုးရအဖွဲ့ အကြီးအကဲ တွေကို အဲဒီ လွှတ်တော်အစည်းအဝေးမှာ တွေ့နိုင်၊ အနည်းဆုံး မေးခွန်း တစ်ခုခုဖြစ်ဖြစ် မေးနိုင်လို့ပါပဲ။ ဒါက ထိပ်သီးတွေနဲ့ တွေ့ဆုံနိုင်တဲ့ အခွင့်အရေးရရှိလို့ပါ။ နောက်တစ်ခုကတော့ ထိပ်သီးတွေ အဆင့် မဟုတ်ပေမယ့်လည်း အတိုင်ပင်ခံ တွေဖြစ်တဲ့၊ လွှတ်တော်အမတ်တွေဖြစ်တဲ့ ဒေသန္တရဆိုင်ရာ အကြီး အကဲတွေ၊ စစ်တပ် အကြီးအကဲတွေကိုလည်း ဒီအစည်းအဝေးကာလမှာ တွေ့နိုင်၊ အဆင်ပြေရင် မေးခွန်း တစ်ခွန်းနှစ်ခွန်း မေးနိုင်လို့လည်း ဖြစ်ပါတယ်။ အဲလို အကြောင်းကြောင်းကြောင့် ဒီလွှတ်တော် အစည်းအဝေးမှာ သတင်းလာယူသူတွေ များတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း အဲဒီ လွှတ်တော် အစည်းအဝေးကို လာပြီး သတင်းယူဖို့၊ လာပြီးလေ့လာဖို့ နိုင်ငံတကာက မီဒီယာတွေကို ဖိတ်ခေါ်လိုက်တဲ့အခါ သတင်းလာယူသူနဲ့ လေ့လာသူ သုံးလေးထောင် ဖြစ်သွားပြီး အများကြီး သတင်းလာယူတဲ့ အခြေအနေ ရောက်သွားစေပါတယ်။ အဲဒီအတွက်လည်း တရုတ် အစိုးရ တာဝန်ရှိသူတွေဟာ ဒီလောက် များပြားတဲ့ သတင်းထောက်တွေ၊ လေ့လာသူတွေ လွှတ်တော်တွင်းလာနိုင်၊ သတင်းယူနိုင်၊ သွားနိုင်အောင် စနစ်တကျ ပြင်ဆင်ပေးရပါတော့တယ်။

လွှတ်တော်တွင်း သတင်းယူမယ်၊ လေ့လာမယ် ဆိုရင် ဝင်ခွင့် ကိစ္စတွေကို တရုတ်မီဒီယာ စင်တာက ဆောင်ရွက်ပေးပါတယ်။ ဘယ်သူမဆို၊ ဘယ်နိုင်ငံကမဆို အဲဒီမှာသွားပြီး မှတ်ပုံတင်၊ ဝင်ခွင့်ကဒ်ပြားတွေ ထုတ်ယူကြရပါတယ်။ အဲဒီ ဝင်ခွင့်ကဒ်ပြားတွေဟာ ဒီဂျစ်တယ် နည်းစနစ်နဲ့ စနစ်တကျ လုပ်ထားတာကြောင့် သက်ဆိုင်ရာ လွှတ်တော် လုံခြုံရေးဌာနကို အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်တွေ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်မီဒီယာ စင်တာကနေ လွှတ်တော်တွင်း သတင်းယူခွင့် ဒီဂျစ်တယ် ကဒ်ပြားတွေကို အမျိုးအစား အမျိုးမျိုးခွဲပြီး လုပ်ပေးပါတယ်။ နိုင်ငံခြား သတင်းထောက်၊ ပြည်တွင်း သတင်းထောက်၊ နိုင်ငံခြားက လေ့လာသူ၊ တရုတ်ဘာသာ သတင်းဌာန၊ နိုင်ငံခြားဘာသာ သတင်းဌာန စသဖြင့် အမျိုး မျိုး ခွဲခြားထားပါတယ်။ လွှတ်တော်ကျင်းပမယ့် အချိန်မတိုင်ခင် ၂ နာရီလောက် ကြိုပြီး လွှတ်တော် အဆောက်အဦရှိရာ တီအင်မင်စကွဲကို သွားရပါတယ်။ ရင်ပြင်ကို စဝင်ဝင်ခြင်းမှာပဲ လုံခြုံရေးကစ စစ်ပါတယ်။ သူတို့မှာ ဒီဂျစ်တယ် စကင်ဖတ်စက် ရှိတာမို့ မှန်မမှန် စစ်ပါတယ်။ ကဒ်ပြား ရရှိ လည်ပင်း မှာ ဆွဲထားသူဟာ မှတ်ပုံတင်ထားသူ ဟုတ်မဟုတ် အသေအခြာ ကြည့်ပါတယ်။ အဲလို နောက်ထပ် တစ်နေရာ ဖြတ် အစစ်ဆေးခံပြီးရင် လွှတ်တော်ထဲဝင်ဖို့ တန်းစီရပါတယ်။ ဝင်မယ့်သူတွေ အလွန်များ တော့ တန်းစီသူကလည်း ရာထောင်ချီပါပဲ။ လွှတ်တော် တံခါးဂိတ်မှာ နောက်ထပ် တစ်ကြိမ် စစ်ပြီးရင် လွှတ်တော် တံခါးဝ ရောက်ပါတယ်။ အဲဒီမှာ နောက်တစ်ခါ စက်နဲ့ စစ်ပါတယ်။ စက်နဲ့ စစ်ပြီးတာနဲ့ စက်ကိုဖြတ်ဝင်သွားတဲ့ သတင်းထောက် ပုံအကြီးကြီး မော်နီတာမှာ သွားပေါ်သလို၊ ဘယ်နှစ်ယောက် လွှတ်တော်တွင်း ရောက်နေပြီးဖြစ်တယ် ဆိုတာလည်း သွားပေါ်ပါတယ်။ လွှတ်တော် တံခါးအတွင်း ရောက်တော့ လေဆိပ်ထဲ ရောက်သွားသလို ကင်မရာတွေ၊ အိတ်တွေကို X- Ray စက်တွေနဲ့ စစ်ပါ တယ်။ လူကိုလည်း သေချာစစ်ပါတယ်။ အဲဒီ အဆင့်ဖြတ်ပြီးရင်တော့ လွှတ်တော် အဆောက်အဦ တွေ့ဆုံရာ ခန်းမ ကိုရောက်ပါပြီ။

သတင်းထောက်တွေဟာ လွှတ်တော်ဝင်းအပြင်မှာ စောင့်ဆိုင်းပြီးဖြစ်စေ၊ အတွင်း တွေ့ဆုံ စားပွဲဝိုင်းတွေမှာ ဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အမတ်တွေကို တွေ့ဆုံမေးမြန်းမှု လုပ်နိုင်ကြပါ တယ်။ အမတ်အရေအတွက်ကလည်း ထောင်ချီ၊ သတင်းထောက်တွေကလည်း ထောင်ချီ၊ ဒါပေမယ့် စီစဉ်ပေးမှု စနစ်ကျတာကြောင့် အားလုံး အဆင်ပြေပြေ တွေ့ဆုံမေးမြန်းမှု လုပ်နိုင်ကြပါတယ်။ သတင်းထောက်တွေကို မတွေ့ချင်သူတွေကတော့ ထုံးစံအတိုင်း ဟိုရှောင် ဒီရှောင် ဆိုတာမျိုးလည်း တွေ့ကြရပါတယ်။ အဲဒီ တွေ့ဆုံခန်းမမှာ သတင်းထောက်တွေနဲ့ အမတ်တွေကို လဖက်ရည်ကြမ်းနဲ့ ဧည့်ခံပါတယ်။ ပြောရရင် သတင်းယူတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတဲ့ သဘောပါ။

ပြီးရင်တော့ အမတ်တွေက မြေညီထပ် အစည်းအဝေး ခန်းမကြီး၊ ကင်မရာမင်းတွေကတော့ ဒုတိယထပ်၊ သတင်းထောက်တွေကတော့ တတိယ ထပ်ကိုတက်ပြီး သတင်းယူကြရပါတယ်။ သတင်း မယူခင် လွှတ်တော် အစည်းအဝေးဆိုင်ရာ စာရွက်စာတမ်းတွေကို တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေပေးပြီး လွတ်လွတ်လပ်လပ် ရယူနိုင်ကြပါတယ်။

ကိုမျိုးသန့်ရေ

ခြုံပြီးပြောရရင်တော့ တရုတ် လွှတ်တော်ဆိုတာဟာ ဒီမိုကရေစီ လွှတ်တော်တော့ မဟုတ်ပါ ဘူး။ ဒါပေမယ့် လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးထားသလို၊ အားလုံး အဆင်ပြေအောင် စနစ်တ ကျ စီစဉ်ပေးထားနိုင်တာ တွေ့ခဲ့ရပါကြောင်းပါ။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly