လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် နေရှင်နယ်လိဂ် ကလပ်အသင်းဟောင်း နှစ်သင်း ဦးဆောင်နေ

လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် နေရှင်နယ်လိဂ် ကလပ်အသင်းဟောင်း နှစ်သင်း ဦးဆောင်နေ
Horizon အသင်းနှင့် ဆောက်သမ်းတို့ အကြိတ်အနယ်ကစားစဉ်  (ဓာတ်ပုံ - သောကြာ)

ရန်ကုန် (မဇ္ဈိ)။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် -၂ ဘောလုံးပြိုင်ပွဲ ဒုတိယ အကျော့ပွဲစဉ်များကို ပြန်လည် စတင်နေပြီဖြစ်ပြီး ပွဲစဉ် ၁၀ အပြီးတွင် အမှတ်ပေးဇယားကို မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဟောင်း နှစ်သင်းဖြစ်သော
ဆောက်သမ်းအသင်းနှင့် GFA အသင်းတို့က ဦးဆောင်နေသည်။

ပွဲစဉ် ၁၀ တွင် GFA အသင်းက Best United အသင်းကို ၅-၀ ဂိုး၊ ဖုန်ဂန်အသင်းက ငွေကြယ်ပွင့်အသင်းကို ၃-၀ ဂိုး၊ မောရဝတီအသင်းက တက္ကသိုလ် လက်ရွေးစင်အသင်းကို ၃-၁ ဂိုးတို့ဖြင့် အနိုင်ရခဲ့ကြသည်။

မြဝတီအသင်းနှင့် ဒဂုံအက်ဖ်စီအသင်း တို့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သလို Horizon အသင်းနှင့် ဆောက်သမ်းအသင်းတို့မှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ပြိုင်ခဲ့သော အသင်းသစ် ဖုန်ဂန်အသင်းမှာ ပထမအကျော့ ၉ ပွဲ ကစားပြီးချိန်တွင် နိုင်ပွဲ မရခဲ့သော်လည်း ဒုတိယအကျော့ ပွဲစဉ် ၁၀ တွင် ငွေကြယ်ပွင့်အသင်းကို အနိုင်ရခဲ့သော ကြောင့် လိဂ်-၂ ပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ် ၁၀ ပွဲစီ ကစားပြီးချိန်တွင် ဆောက်သမ်းအသင်းက ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး GFA အသင်းက ရမှတ် ၂၀ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည် နေသည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄ နေရာများတွင် Horizon အသင်းနှင့် မောရဝတီအသင်းတို့က ရမှတ် ၁၉ မှတ်စီ ဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာတွင် ဒဂုံအက်ဖ်စီအသင်းက ၁၆ မှတ်ဖြင့် ရပ်တည်နေသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ၁၀ ပွဲကစားပြီးချိန်တွင် ရှုံးပွဲမရှိ စံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသော ဆောက်သမ်းအသင်းမှာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ရန် ရေပန်းအစားဆုံးဖြစ်နေသည်။ GFA အသင်း၊ Horizon အသင်း၊ မောရဝတီ အသင်း၊ ဒဂုံအက်ဖ်စီအသင်း၊ မြဝတီအသင်းတို့မှာ တန်းတက်ရန် လက်ကျန်တစ်နေရာအတွက် အကြိတ်အနယ် ကစားရမည် ဖြစ်သည်။

ပွဲစဉ် ၁၀ ရလဒ်များ
---------------------
GFA  ၅-ဝ  Best United
ဖုန်ဂန် ၃-ဝ   ငွေကြယ်ပွင့်
မောရဝတီ  ၃-၁  တက္ကသိုလ်လက်ရွေးစင်
မြဝတီ  ၁-၁  ဒဂုံအက်ဖ်စီ
Horizon  ၁-၁  ဆောက်သမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly