မဇ္စျိမရဲ့ အလှဆုံးပွဲ(မန်ယူ - ၀က်စ်ဟမ်း)

12 March 2016
မဇ္စျိမရဲ့ အလှဆုံးပွဲ(မန်ယူ - ၀က်စ်ဟမ်း)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ အက်ဖ်အေဖလားကွားတားပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူ - ဝက်စ်ဟမ်း တို့ရဲ့ ပွဲစဉ်ကို သုံးသပ်ဖော်ပြပေးသွားမှာဖြစ်ပါ တယ်။

မန်ယူ - ဝက်စ်ဟမ်း (တနင်္ဂနွေနေ့ည ၁၀း၃၀)

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

မန်ယူ ဝ-၀ ဝက်စ်ဟမ်း (၂၀၁၅၊ ပရီးမီးယားလိဂ်)

ဝက်စ်ဟမ်း ၁-၁ မန်ယူ (၂၀၁၅၊ ပရီးမီးယားလိဂ်)

မန်ယူ ၂-၁  ဝက်စ်ဟမ်း (၂၀၁၄၊ ပရီးမီးယားလိဂ်)

မန်ယူ

မန်ယူက ပူပူနွေးနွေး ပရီးမီးယားလိဂ်မှာ ဝက်စ်ဘရွန်းကို ရှုံးခဲ့တယ်။ ဒါပေမဲ့ ဒီပွဲက ခြေစွမ်းကြောင့် ဆိုတာထက် ပွဲအလှည့်အပြောင်းကြောင့် ရှုံးခဲ့ရတာ။ အဓိက ကွင်းလယ်လူ မာတာထုတ်ခံခဲ့ရလို့ ရှုံးခဲ့တာလို့ ပြောလို့ရတယ်။ ဝက်စ်ဘရွန်းနဲ့ ပွဲမတိုင်ခင် နောက်ဆုံးလေးပွဲမှာ အနိုင်ရထားလို့ ခြေတက်နေတယ်လို့ ပြောလို့ရတယ်။

ဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားကို ရရှိဖို့ ရည်မှန်းနေတယ်။ အမှတ်ပေးပြိုင်ပွဲမှာတော့ ချန်ပီယံဖြစ်ဖို့ မလွယ်တော့ပဲ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပဲ ကြိုးစားနေတယ်။ ဒါကြောင့် သူတို့ အက်ဖ်အေဖလားပြိုင်ပွဲမှာ အမှားခံမယ့် ပုံစံမရှိဘူး။

ပရီးမီးယားလိဂ်မှာက ထိပ်ဆုံးက လက်စတာနဲ့ ၁၃ မှတ်ပြတ်ပြီး အဆင့်ခြောက်ကို ရောက်နေလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က တော်တော်လေးရုန်းရမယ့် အနေအထားမျိုး။ ဒါကြောင့် အက်ဖ်အေဖလားကို အာရုံစိုက်ရမယ့် သဘောမျိုးသက်ရောက်နေတယ်။

ဒါပေမဲ့ လက်ရှိမှာ မန်ယူက အဓိက ကစားသမားတွေ ဒဏ်ရာရ ပွဲပယ် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ဗန်ဟားလ်က လူငယ်တွေကို အားကိုးနေရတယ်။ မန်ယူပရိသတ်တွေ ချီးကျူးနေကြတဲ့ ရက်ရှ်ဖို့ဒ်၊ မန်ဆာ၊ ဗာရီလာတို့လို လူငယ်ကစားသမားတွေကို မာရှယ်တို့ ဒီပိုင်းတို့လို ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး အသင်းကို အကောင်းဆုံးဖြစ်အောင် သွားနေတာတော့ တွေ့ရတယ်။

အက်ဖ်အေဖလားဖြတ်သန်းမှုမှာတော့ မန်ယူတို့ ကံကောင်းတယ်လို့ ပြောရမယ်။ သုံးဆင့် ပြိုင်ခဲ့ရာမှာ ရှက်ဖီးယူနိုက်တက်ကို ၁-ဝ၊ ဒါဘီကောင်တီကို ၁-၃၊ ရှရူးဘူရီကို ဝ-၃ နဲ့ အနိုင်ရပြီးနောက်တစ်ဆင့်တက်လာတာ ဖြစ်တယ်။

ဝက်စ်ဟမ်း

ဝက်စ်ဟမ်းကတော့ ဒီရာသီမှာ ချီးကျူးရမယ့် အသင်းတစ်သင်းပဲ။ ဒီရာသီမှာဆိုရင် giants killer. အခုအထိလည်း အသင်းကြီးတွေကို ဒုက္ခပေးနေတုန်းပဲ။ ပူပူနွေးနွေးပဲ အက်ဖ်အေဖလားမှာဆို လီဗာပူးလ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ သူတို့ကတော့ မန်ယူနဲ့ ပြောင်းပြန်။ အက်ဖ်အေဖလားမှာ တော်တော်လေးခြေစွမ်းပြတဲ့ အသင်းတစ်သင်းလို့ ပြောရမယ်။

ဝုဗ်အသင်းကို ၁-ဝ၊ လီဗာပူးလ်ကို ပထမအကျော့မှာ သရေကျလို့ ဒုတိယအကျော့ကစားရာမှာ ၂-၁ နဲ့နိုင်တယ်။ ဘလက်ဘန်းကိုလည်း ၅-၁ နဲ့နိုင်ပြီး နောက်တစ်ဆင့်တက်လာတာဆိုတော့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက ချီးကျူးစရာပဲ။ နောက်တစ်ခုက လက်ရှိ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၅ နေရာရောက်နေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လည်း မျှော်မှန်းနိုင်နေတယ်။ ဝက်စ်ဟမ်းရဲ့ အနေအထားကတော့ တော်တော်လေးကောင်းမွန်တဲ့ အနေအထားလို့ ပြောရမယ်။

မာဆေးက ပြောင်းလာတဲ့ ပေယက် ခြေစွမ်းပြနေတယ်။ ပြီးတော့ အန်တိုနီယိုရှိတယ်။ နိုဘယ်ရှိတယ်။ တိုက်စစ်ပိုင်းက ဂိုးဒီလောက်မရပေမယ့် ကွင်းလယ်ပိုင်းက အကောင်းဆုံးစုဖွဲ့မှုနဲ့ ဂိုးတွေရနေတာလည်း တွေ့ရတယ်။ ခံစစ်ကိုရော၊ တိုက်စစ်ကိုရော ကွင်းလယ်က ချိန်ညှိပေးနိုင်လို့ ဝက်စ်ဟမ်းက rhythm မပျက်ပဲ ခြေစွမ်းပြနေတယ်။ အခုဆိုလည်း နောက်ဆုံးခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိဘူး။ နောက်ဆုံးလေးပွဲဆက်တိုက်လည်း နိုင်ထားတယ်။ ဒီလိုရလဒ်ကို ကြည့်ရင် ဝက်စ်ဟမ်းက မန်ယူကို ကောင်းကောင်းခံကစားနိုင်တယ်ဆိုတာ တွေ့ရတယ်။

သုံးသပ်ချက်

ထိပ်တိုက်တွေ့ဆုံမှုအရ ဒီရာသီ ပရီးမီးယားလိဂ် မန်ယူကွင်းမှာ ဂိုးမရှိသရေကျခဲ့တယ်။ ၂၀၁၄-၁၅ ဝက်စ်ဟမ်းကွင်းမှာ ၁-၁။ မန်ယူကွင်းမှာတော့ မန်ယူက ၂-၁ နဲ့ အနိုင်ရထားတယ်။

ထူးခြားတာတစ်ခုကတော့ နောက်ဆုံး အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုးပွဲမှာ ဝက်စ်ဟမ်းက အိမ်ရှင်မန်ယူကို တစ်ပွဲမှ အနိုင်မရထားဘူး။ တစ်ပွဲသရေကျပြီး ရှစ်ပွဲအထိ ရှုံးခဲ့တယ်။ သရေကျတာကလည်း ဒီရာသီမှာပေါ့။ အစဉ်အလာအရတော့ မန်ယူတော်တော်လေးသာတယ်။

လက်ရှိအနေအထားက မန်ယူက ကြားရက်မှာ လီဗာပူးလ်နဲ့ ယူရိုပါလိဂ်ကစားထားရလို့ ပွဲကျပ်နေတယ်။ ဒါပေမဲ့ အက်ဖ်အေဖလားကို ရဖို့အတွက်က လက်တစ်ကမ်းအလိုကိုရောက်နေပြီ။ ကွာတားကို ရောက်နေပြီဆိုတော့ အက်ဖ်အေဖလားကို သူတို့ လက်လွတ်ခံမှာ မဟုတ်ဘူး။ ပြီးတော့ လူငယ်တွေနဲ့လည်း ခြေစွမ်းပြနေတယ်။ အိမ်ကွင်းမှာလည်း အကောင်းဆုံး စုဖွဲ့မှု ပုံစံကို ရအောင်ကြိုးစားလာမှာ။

ဝက်စ်ဟမ်းကတော့ ရှင်းတယ်။ သရေခံကစားမယ်။ နောက်တစ်ကျော့သူ့အိမ်ကွင်းမှာ ကန်လို့ ရအောင်ပေ့ါနော်။ မန်ယူကတော့ အပြတ်ကန်မယ့် သဘောမျိုးတွေ့ရတယ်။ ဂိုးပြတ်သွားဖို့တော့ မရှိဘူး။ မပြတ်သားတဲ့ရလဒ် ၂-၁ နဲ့ မန်ယူက နိုင်သွားမယ်လို့ ခန့်မှန်းချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly