မြေသိမ်းတိုက်ပွဲဆင်နွဲကာ ပြန်သိမ်းထားသည့် မြေများ သပိတ်ကျင်းတောင်သူများ စတင်စိုက်ပျိုး

မြေသိမ်းတိုက်ပွဲဆင်နွဲကာ ပြန်သိမ်းထားသည့် မြေများ သပိတ်ကျင်းတောင်သူများ စတင်စိုက်ပျိုး
ဓာတ်ပုံ - အောင်ကိုဦး

မန္တလေး၊ မတ် ၁၂ ။               ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိတွင် ဝန်ကြီးဌာနအသီးသီးက  သိမ်းယူခဲ့သော လယ်ယာမြေများက မြေသိမ်း တိုက်ပွဲဆင်နွဲကာ ပြန်သိမ်းထားသည့် မြေများကို တောင်သူများက ယနေ့ နံနက်တွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရသည်။

"ဥပဒေဘောင်အတွင်းကတောင်းနေတာလဲကြာပြီ မထူးခြားဘူး။ထူးခြားတာဆို့လို့ ကျွန်တော်တို့တောင်သူတွေ အရေးယူဖမ်းဆီးခံရတာပဲရှိတယ်။ဒါကြောင့် ကျွန်တော်တို့ တောင်သူတွေ စုပေါင်းတိုင်ပင်ပြီး အခုလိုစုပေါင်းတိုက်ပွဲဝင်တာပဲ။ “ဟု မတ္တရာမြို့နယ်မှ လယ်သိမ်းခံတောင်သူ ဦးကျော်စိုး ကပြောသည်။

အဆိုပါ သုံးမြို့နယ်တွင် ဌာနဆိုင်ရာအသီးသီးမှ သိမ်းဆည်းထားသည့် လယ်ယာမြေများအနက် ပိုလျှံနေသည့်မြေ ဧက ၅၀၀၀ ကျော်ကို ဝင်ရောက်ထွန်ယက်စိုက်ပျိုးခြင်းဖြစ်ကာ လယ်ယာမြေ ထွန်ယက်ခြင်းကို နေ့စဉ်ပြုလုပ်သွားမှာဖြစ်ပြီး ရာသီလိုက်သီးနှံများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူများက ဆိုသည်။

“ပြီးသလောက်ထွန်ယက်သွားမယ်။ရသလောက်စိုက်ပျိုးသွားမယ်။ဘယ်နှစ်ရက်၊ဘယ်နှစ်လ ကြာမယ်ဆိုတာကိုတော့ မပြောနိုင်သေးဘူး။လောလောဆယ်တော့ တားဆီးတာမရှိသေးဘူး။ တားဆီးလာရင် လည်းစုပေါင်းပြီး ဖြေရှင်းသွားမယ်၊ “ဟု စဉ့်ကူမြို့နယ်မှ လယ်သိမ်းခံတောင်သူ ဦးသိန်းအောင် ကပြောသည်။

အဆိုပါသုံးမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊သမဝါယမဦးစီးဌာနနှင့် စက်မှု(၁)ဝန်ကြီးဌာနတို့မှ အများဆုံးသိမ်းယူထားခဲ့ပြီး အများစုသည် ၁၉၉၅ ခုနှစ်တွင် စတင်သိမ်းဆည်းခံခဲ့ရသည်ဟု ထွန်ယက်စိုက်ပျိုးသူများကဆိုသည်။ လယ်ယာမြေများအား သိမ်းဆည်းခဲ့ပြီး တစ်ချို့မှာယနေ့အချိန်ထိ မည်သည့်စီမံကိန်းမှ ဆောင်ရွက်ခြင်းမရှိဘဲ ပိုလျှံမြေများဖြစ်နေသည်ဟု ထွန်ယက်စိုက်ပျိုး သူများကဆိုသည်။

“အခုကရေလေးလည်းရနေပြီဆိုတော့ ထွန်ယက်ပြီး စိုက်ပျိုးသွားရုံပါပဲ။ “ဟု မသန္တာအေး ကပြောသည်။

သိမ်းဆည်းထားသောလယ်မြေများအတွင်း ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေကြသော မူလပိုင်ရှင်ဒေသခံတောင်သူများသည် အဆိုပါလယ်ယာမြေများ ပတ်ပတ်လည်တွင် ဘိုးဘွားပိုင်မြေ မကျူးကျော်ရ ဟုစာသားများပါသောဆိုင်းပုတ်များ စိုက်ထူးထားသည်ကိုတွေ့ရသည်။

ထိုသို့ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေမှုနှင့်ပတ်သက်၍ မြို့နယ်သုံးမြို့နယ်မှ အုပ်ချုပ်ရေးမှူးများကို ဆက်သွယ်မေးမြန်းရာတွင် ဥပဒေဘောင်ကျော်လွန်လုပ်ကိုင်လာပါက ဥပဒေနှင့်အညီ အရေယူေဆောင်ရွက်သွားမည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly