ငြိမ်းချမ်းလို့ ပြန်လည်စိမ်းလန်းလာနေတဲ့ သံတောင်ကြီးမြို့ကလေးသို့

12 March 2016
ငြိမ်းချမ်းလို့ ပြန်လည်စိမ်းလန်းလာနေတဲ့ သံတောင်ကြီးမြို့ကလေးသို့

ဒီမြို့လေးဟာ ကိုလိုနီခေတ်က ဗြိတိသျှတွေ နွေရာသီအပန်းဖြေဖို့အတွက် တည်ထားခဲ့တဲ့မြို့ဖြစ်သလို ဗြိတိသျှတွေ မြန်မာနိုင်ငံက ဆုတ်ခွာသွားပြီးနောက်ပိုင်း နိုင်ငံခြားသားတွေ သွားလာမှုလုံး၀ မရှိတော့တဲ့မြို့လည်း ဖြစ်ပါတယ်။

 ဒေသခံတစ်ဦးရဲ့ပြောပြချက်အရဆိုရင် ဒါဟာ သံတောင်မြို့ဟောင်းဖြစ်တယ် သို့သော်လည်း ဒေသ မငြိမ်းချမ်းတဲ့အတွက်ကြောင့် သံတောင်ကြီးမြို့ဟောင်းမဟုတ်တော့ပဲ   ကျေးရွာအုပ်စုဆိုပြီး ဖြစ်သွားတယ်။ မြို့ကို အောက်သံတောင်ကြီးမှာ ပြန်တည်လိုက်တယ်။ ၁၉၅၈ ခုနှစ်မှာ အောက်သံတောင်မှာ မြို့ဆိုပြီးတော့ သတ်မှတ်ပေးလိုက်တယ်။ နောက်ပိုင်း သမိုင်းတွေပြန်ကြည့်လိုက်တော့ မြို့တကယ်တည်ထားတာ ဒီနေရာပဲဆိုပြီးတော့ မြို့ ပြန်ဖြစ်လာတယ်လို့ ဆိုပါတယ်။

အခုချိန်မှာတော့ သံတောင်မြို့ကို သံတောင်ကြီးနဲ့ သံတောင်လေးဆိုပြီး နှစ်ပိုင်း ခွဲခြားပြီး သတ်မှတ်ထားကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၄၀၅၀ မှာရှိတဲ့ တောင်ပေါ်မြို့လေးကတော့ သံတောင်မြို့ဟောင်းဖြစ်ပြီး သံတောင်ကြီးလို့လည်း ခေါ်ပါတယ်။ တောင်ငူမြို့ကနေ ၁၃ မိုင်အကွာမှာရှိတဲ့ မြေပြန့်ဒေသကတော့သံတောင်မြို့သစ်ဖြစ်ပြီး သံတောင်လေးလို့ခေါ်ကြပါတယ်။

ကျွန်တော်တို့အခုရောက်ရှိနေတဲ့ သံတောင်မြို့ဟောင်းလို့ခေါ်တဲ့ သံတောင်ကြီးဟာ အရင်တစ်ချိန်က ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေးရုံးတွေအပြင် ရဲစခန်းတွေ၊ ဟိုတယ်တွေ၊ စာတိုက်တွေ၊ အမျိုးသမီးဘော်ဒါဆောင်တွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ စည်ပင်ဖွံ့ဖြိုးခဲ့တဲ့မြို့လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အခုတော့ ဒီမြို့လေးဟာ ဒေသမငြိမ်းချမ်းမှုတွေကြောင့် ဖွံ့ဖြိုးမှုနောက်ကျတဲ့အနေအထား ဖြစ်နေပါပြီ။လူနေလည်း နည်းပါးပါတယ်။

<ရဲတိုက်ကဆရာတော်အင်တာဗျူး> သံတောင်ကြီးကတော့ လူဦးရေ အနည်းဆုံးမရှိဘူးဆိုရင် ၈ထောင်နဲ့ တစ်သောင်းမှာ ရှိပါတယ်။

ဘုရင့်နောင်တပ်မြို့ကို သွားတဲ့အခါ စစ်တပ်မြို့တွေမှာ တွေ့ရလေ့ရှိတဲ့အတိုင်းပါပဲ။ မြို့အဝင်မှာ လုံခြုံရေးဂိတ်ကို ဖြတ်သွားရမှာပါ။ ဒါ့အပြင် ရဲရင့်တဲ့စစ်သူကြီးရုပ်ထုကြီးတွေကိုလည်း တွေ့ရဦးမှာပါ။

တောင်စောင်းတွေမှာ စိုက်ပျိုးထားတဲ့ လက်ဖက်စိုက်ခင်းတွေကို တွေ့ရပါတယ်။ ဒီဒေသဟာ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၄ ထောင်ကျော်မှာ တည်ရှိတဲ့အတွက် လက်ဖက်နဲ့ကော်ဖီ စိုက်ပျိုးမှု ဖြစ်ထွန်းတဲ့အနေအထားမှာ ရှိနေပါတယ်။

ကျွန်တော်တို့ကို ဒေသခံတွေက လက်ဖက်ခင်းတွေရှိရာကို လိုက်ပို့ကြပါတယ်။ ထူးထူးခြားခြားပါပဲ။ သူတို့ဝတ်ထားတဲ့ ရိုးရာဝတ်စုံတွေက မတူညီကြတာကို တွေ့ရပါတယ်။ ပုံမှန်မြင်နေကျ ကရင်သင်ဒိုင်းအင်္ကျီပုံစံတစ်ခုထဲမဟုတ်ပဲ အရောင်အသွေးစုံလင်ပြီး လှပတဲ့ရိုးရာဝတ်စုံတွေပါ။

အခု ကျွန်တော်တို့အဖွဲ့တွေ ကရင်ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ ဒေသခံတွေနဲ့အတူတူ လက်ဖက်စိုက်ပျိုးမှုလုပ်ငန်းခွင်ကို ဆက်သွားရဦးမှာပါ။ တောင်စောင်းတစ်လျှောက်မှာ လက်ဖက်ပင်ပုပုလေးတွေ တန်းစီနေတာကို တွေ့မြင်နေရပါပြီ။ ဒီဒေသဟာ အမြင့်ပိုင်းမှာရှိတဲ့အပြင် အေးမြပြီး မိုးရေချိန်လည်းများတဲ့အတွက် အရှေ့တောင်အာရှရဲ့ အကောင်းဆုံးလက်ဖက်တွေထဲမှာ ပါဝင်တယ်လို့ မှတ်တမ်းတင်ထားတာ တွေ့နိုင်ပါတယ်။

လက်ဖက်ပင်တစ်ပင်ဖြစ်လာဖို့ ဘယ်လိုပျိုးထောင်ရလဲဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ကြည့်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုပုံစံမှာ တစ်စိတ်တပိုင်းပါဝင်နေတဲ့ လက်ဖက်တစ်ဇွန်းရဲ့ တန်ဖိုးကို နားလည်ခဲ့ရပါတယ်။

ကျွန်တော်တို့ရှေ့မှာ အဆုံးမရှိ လှမ်းမြင်နေရတဲ့ လက်ဖက်ခင်းထဲမှာ အလုပ်လုပ်နေကြတဲ့ တိုင်းရင်းသူကြီးတွေကလည်း ရိုးသားပြီး သဘောကောင်းလှပါတယ်။ ကွမ်းတဖတ်ဖတ်စားရင်း စကားပြောနေကြတာကလည်း ပွင့်ပွင့်လင်းလင်း ရှိလှပါတယ်။

ဒီက ဒေသခံတွေဟာကွမ်းကြိုက်တဲ့သူတွေလည်းဖြစ်ပါတယ်။ သူတို့တွေ ပြုံးပြလိုက်တိုင်းမှာ ကွမ်းချေးတွေအထပ်ထပ်နဲ့ သွားရဲရဲတွေကို မြင်တွေ့ရပါတယ်။ ဒါတွေကို တိုင်းရင်းသားတွေရဲ့အလှတစ်ခုလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။

သံတောင်ကြီးမြို့ဟာ ဗြိတိသျှတွေတည်ထောင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် တခြားတောင်ပေါ်စခန်းမြို့တွေမှာ တွေ့ရသလို ကိုလိုနီခေတ်လက်ကျန် အဆောက်အဦးတွေကို တွေ့ရပါတယ်။ အခု ကျွန်တော်တို့ ရောက်နေတဲ့ ရဲတိုက်ကြီးဟာဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်ပါတယ်။ ကိုလိုနီခေတ်ကတည်းကစပြီး ခေတ်အဆက်ဆက် အသုံးပြုလာလိုက်တာ ခုဆိုရင် ဘုရားရှိခိုးကျောင်း ဖြစ်နေပါပြီ။

အရင်တစ်ချိန်က ဒီဒေသလေးမှာ ဗြိတိသျှတွေ နေထိုင်ခဲ့ကြဖူးပါတယ်။ သူတို့ဟာ သူတို့နဲ့အတူ နီပေါလ်လိစ်လို့ခေါ်ကြတဲ့ ဂေါ်ရခါးလူမျိုးတွေကိုပါ ခေါ်လာခဲ့ကြပါတယ်။ အခုတော့ ဒီတောင်ပေါ်မြို့လေးမှာ ဒီဂေါ်ရခါးလူမျိုးတွေရဲ့ မျိုးဆက်တွေဟာ ဒေသခံ ကရင်လူမျိုးတွေနဲ့ အတူနေထိုင်ရင်း ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီညမှာတော့ ကျွန်တော်တို့အဖွဲ့တွေ သံတောင်ကြီးမှာပဲ ညအိပ်ရပ်နားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမြို့လေးမှာ ကျွန်တော်တို့ တည်းခိုဖို့ တည်းခိုခန်းတို့ ဟိုတယ်တို့ မရှိပါဘူး။ ဒါကြောင့် ဒေသခံတွေလမ်းညွှန်ပေးတဲ့ ဘုရားကျောင်းဧည့်ရိပ်သာတစ်ခုဆီကိုပဲ ကျွန်တော်တို့ သွားရောက်တည်းခိုရတော့မှာပါ။

ဒီမြို့လေးမှာ တည်းခိုခန်းတွေ ဟိုတယ်တွေ မရှိသလို စားသောက်ဆိုင်တွေ ထမင်းဆိုင်တွေလည်း မရှိပါဘူး။ ဒီက အမိုးကပဲ ကျွန်တော်တို့ကို ညစာချက်ကျွေးမှာပါ။ ကျွန်တော်တို့တော့ တောင်ပေါ်ကရင်လူမျိုးတစ်ဦးက ချက်ကျွေးတဲ့ ကရင်ရိုးရာအစားအစာစစ်စစ်ကို မြည်းစမ်းခွင့် ရခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly