နောက်ခံလူ ဖေးဂျူံးစ်ကို လေးနှစ်သက်တမ်းတိုးစာချုပ် မန်ယူ ချုပ်ဆို

နောက်ခံလူ ဖေးဂျူံးစ်ကို လေးနှစ်သက်တမ်းတိုးစာချုပ် မန်ယူ ချုပ်ဆို

(မန်ချက်စတာ)။ ။ မန်ယူအသင်းသည် အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ဖေးလ်ဂျူံးစ်ကို လေးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ ဖေးဂျူံးစ်သည် မန်ယူအသင်းတွင် ၂၀၁၉ ခုနှစ်အထိ ဆက်လက် ကစားခွင့် ရရှိသွားပြီ ဖြစ်သည်။

ဖေးဂျူံးစ်သည် ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် ဘလက်ဘန်းအသင်းမှ မန်ယူအသင်းသို့ ရောက်ရှိလာသူ ဖြစ်သည်။ လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် မန်ယူအသင်းက ဖေးလ်ဂျူံးစ်ကို သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

ဖေးလ်ဂျူံးစ်သည် မန်ယူအသင်းတွင် ကစားခဲ့သည့် ကာလတစ်လျှောက် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ၁၂၈ ပွဲ ကစားပေးထားသည်။ ဂျူံးစ်သည် ပြီးခဲ့သည့်ရာသီကလည်း မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် မန်ယူနည်းပြ ဗန်ဟားလ်က 'ဂျူံးစ်ဟာ ငယ်ရွယ်တဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး အချိန်တိုင်း တိုးတက်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာကြောင့် အချို့ပွဲစဉ်တွေကို လွဲချော်ခဲ့ရပေမယ့် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကြိုးစားမှုက ကျွန်တော့်စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်' ဟု ပြောသည်။

ဂျူံးစ်ကလည်း 'မန်ယူအသင်းမှာ ကစားခဲ့ရတဲ့ ကာလတစ်လျှောက်လုံးကို ကျေနပ်မိပါတယ်။ အနာဂတ်မှာလည်း ဒီထက် ပိုကောင်းတဲ့ ကစားသမားဖြစ်လာအောင် ကြိုးပမ်းသွားမှာပါ' ဟု ပြောသည်။

ဂျူံးစ်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက အင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ၁၇ ပွဲ ပါဝင်ကစားခဲ့ပြီး ဖြစ်သည်။

ရည်ညွှန်း - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly