မိုးခေါင်မှုကြောင့် ရေချွေတာသည့် အနေဖြင့် ထိုင်းသင်္ကြန် ရက်လျှော့ ကျင်းပဖွယ်ရှိ

မိုးခေါင်မှုကြောင့် ရေချွေတာသည့် အနေဖြင့် ထိုင်းသင်္ကြန် ရက်လျှော့ ကျင်းပဖွယ်ရှိ

ဘန်ကောက်၊ မတ် ၁၂ ။           ။ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးဆုံး မိုးခေါင်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ၂၀၁၆ ခုနှစ် ဆွန်ခရန်ရေကစားပွဲအား လေးရက်မှ သုံးရက်သို့ လျှော့ချကျင်းပရရန် ရှိနေသည်။

ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးရုံး ရေသဘင်ပွဲကျင်းပရေးကော်မတီသို့ လာမည့်သီတင်းပတ်တွင် တင်မည့် အဆိုပြုချက်၌ ယခုနှစ် ဆွန်ခရန်ပွဲတော်အား ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပရန် အဆိုပြုမည်ဖြစ်သည်။ နှစ်စဉ် ဆွန်ခရန်ရေသဘင်ပွဲအား ဧပြီ ၁၂ ရက်၌ ကျင်းပခြင်းဖြစ်သည်။

ရေရှားပါးမှု ပြဿနာကြောင့် ယခုနှစ်တွင် ဆွန်ခရန်ပွဲတော်ကို ရက်လျှော့ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ ဒုတိယမြို့တော်ဝန် အမွန်းကစ်ချာဝန်ကူက ပြောသည်။ ဘန်ကောက်မြို့၏ အနီးနားရှိ ပြည်နယ်များအနေဖြင့်လည်း ဆွန်ခရန်ရေကစားပွဲတော်တွင် ရေချွေတာသုံးစွဲရေးအတွက် ဘန်ကောက်မြို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဘန်ကောက်မြို့၏ တစ်နေ့လျှင် ရေသုံးစွဲမှု ပမာဏသည် ရေလီတာ ၂ ဘီလီယံ ခန့်ရှိပြီး မိုးခေါင်မှုပြဿနာကြောင့် ၂၀ ရာခိုင်နှုန်း ရေသုံးစွဲမှု  လျှော့ချသွားရမည်ဖြစ်ကြောင်း အမွန်းက ပြောသည်။

မိုးခေါင်မှုများ ပြင်းပြင်းထန်ထန် ကြုံတွေ့၍ ထိုင်းနိုင်ငံတွင် နိုင်ငံတွင်းရှိ အကြီးဆုံး ရေလှောင်တမံများတွင် သိုလှောင်ရေမှတ်သည် ၁၉၉၄ နောက်ပိုင်း အနိမ့်ဆုံးမှတ်သို့ ရောက်နေသည်။ ပြည်နယ် ၁၂ ပြည်နယ်မှ ခရိုင် ၄၆ ခရိုင်ကိုလည်း မိုးခေါင်မှုဘေးကြုံရာ နယ်မြေများအဖြစ် ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly