GE က မိခင်နှင့် ကလေးစောင့်ရှောက်မှုနှင့် အရေးပေါ်လူနာ စောင့်ရှောက်မှုများအတွက် ဆေးရုံသုံး စက်များလှူဒါန်း

GE က မိခင်နှင့် ကလေးစောင့်ရှောက်မှုနှင့် အရေးပေါ်လူနာ စောင့်ရှောက်မှုများအတွက် ဆေးရုံသုံး စက်များလှူဒါန်း

ရန်ကုန် (မဇ္ဈိမ) ။ ။ GE ကုမ္ပဏီနှင့် GE ဖောင်ဒေးရှင်းတို့က ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရန်ကုန်မြို့ရှိ ဆေးရုံကြီး သုံးခုတွင် မိခင်နှင့် ကလေးစောင့်ရှောက်မှုနှင့် အရေးပေါ်လူနာ စောင့်ရှောက်မှုများတွင် သုံးနိုင်သော ဆေးရုံသုံး စက်ပစ္စည်းများကို လှုဒါန်းခဲ့ကြောင်း GE က ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဆေးရုံသုံးစက်ပစ္စည်းများ တပ်ဆင်ပြီးစီးခြင်း အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၇ ရက်တွင် ဗဟိုအမျိုးသမီး ဆေးရုံကြီး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

လှူဒါန်း တပ်ဆင်ပြီးသော ဆေးရုံသုံး စက်ကိရိယာများမှာ မိခင်နှင့် ကလေးစောင့်ရှောက်မှုနှင့် အရေးပေါ်လူနာ စောင့်ရှောက်မှုများတွင် အရေးပါသည့် လမစေ့မီ မွေးဖွားသော ကလေးငယ်များအတွက် အပူပေးစက်များ၊ ကလေး နွေးစက်များ၊ LED မီးရောင်ကုထုံးပေးစက်များ၊ အရေးပေါ်လက္ခဏာ စောင့်ကြည့် မော်နီတာများ၊ အာထရာဆောင်း စက်များ အစရှိသော ပစ္စည်းများဖြစ်သည်။

၎င်းဆေးရုံသုံးပစ္စည်းများကို၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်ခရိုင်ဆေးရုံ၊ တောင်ဥက္ကလာပမိခင်နှင့် ကလေးဆေးရုံနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့တွင် GE ကုမ္ပဏီနှင့် GE ဖောင်ဒေးရှင်းတို့က တပ်ဆင်လှူဒါန်းပေးခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းအောင်က “ကျန်းမာရေးစနစ် အားကောင်းခြင်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးပါတယ်။ နိုင်ငံတော်ကလည်း ကျန်းမာရေးစနစ် ဖွံဖြိုးတိုးတက်အောင် အစဉ်အမြဲလုပ်ဆောင်နေပြီး GE ကုမ္ပဏီ နှင့် GE ဖောင်ဒေးရှင်းရဲ့ အကူအညီများအတွက် ကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။ ယင်းအပြင် ခေတ်မီနည်းပညာနှင့် ဆေးပညာပိုင်းဆိုင်ရာ စက်ကိရိယာ အသုံးပြုပုံသင်တန်းများကို ပြည်သူ့ဆေးရုံများနှင့် ဆေးခန်းများတွင် ပို့ချပေးခဲ့သည်။

GE ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်ဒါရိုက်တာနှင့်ဆေးပညာပိုင်းဆိုင်ရာဌာနအကြီးအကဲဖြစ်သူဒေါက်တာ David M Barash က “အခုလိုမျိုးစက်ပစ္စည်းတွေနဲ့ စနစ်တကျ စီစဉ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အသုံးပြုပြီး ဒေသခံဆရာဝန်တွေကို နည်းပညာဖြန့်ဝေမှု၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုနှင့် ဒေသတွင်း အလုပ်အကိုင် ဖန်တီးနိုင်မှုတွေဟာ GE၏ အဓိက ရည်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။

၂၀၁၂မှ စတင်ပြီး ဒီဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးချဲ့နိုင်ဖို့ မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းကို ကျေနပ်မိပါတယ်’ ဟု ဆိုသည်။ GE ရန်ကုန်ရုံးခန်းကို ၂၀၁၃ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly