ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် အာဆင်နယ်သို့ ပီတာချက် တရားဝင်ရောက်ရှိ

ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် အာဆင်နယ်သို့ ပီတာချက် တရားဝင်ရောက်ရှိ

လန်ဒန်၊ ဇွန် ၃၀။ ။ ချယ်လ်ဆီးအသင်းမှ ချက်လက်ရွေးစင်ဂိုးသမား ပီတာချက်သည် ပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဖြင့် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းသို့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

ပီတာချက်သည် ပြီးခဲ့သည့် သောကြာနေ့က အာဆင်နယ်အသင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီးနောက် လေးနှစ်စာချုပ်ဖြင့် အသင်းပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ အာဆင်နယ်အသင်းတွင် တစ်ပတ်လုပ်ခ လစာငွေ ပေါင် ၁ သိန်း ရရှိမည် ဖြစ်သည်။

ပီတာချက်သည် ၂၀၀၄ ခုနှစ်က ရင်းနက်စ်အသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးနှင့်အတူ အဓိက ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၂၀၁၃ ခုနှစ်ကတည်းက ပီတာချက်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယခုမှ ခေါ်ယူနိုင်ခြင်း ဖြစ်သည်။ ပီတာချက်ကို လက်လွှတ်ခဲ့ရပြီးနောက်တွင် ချယ်လ်ဆီးအသင်းသည် စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်ကို ပေါင် ၆ သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက်တွင် ပီတာချက်က ချယ်လ်ဆီးအသင်းကို စွန့်ခွာရန် မည်သည့်အခါကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်း ဆိုခဲ့သည်။

'ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုတော့ ချယ်လ်ဆီးကို နှုတ်ဆက်ရမယ့်အချိန် ကျရောက်လာခဲ့ပါပြီ။ ၂၀၀၄ ခုနှစ်ကတည်းက ချယ်လ်ဆီးနဲ့အတူ မိနစ်တိုင်း ရှင်သန်ခဲ့တာပါ။ ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ရလိမ့်မယ်လို့ ထင်ခဲ့တာပါ။

ဒါပေမဲ့ ဘဝဆိုတာ ကိုယ်ထင်ထားသလို ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ ချယ်လ်ဆီးနဲ့အတူ မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရပ်တည်နိုင်ခဲ့ပြီး အံ့အားသင့်ဖွယ်ရာအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အတူတကွ သမိုင်းတွေ ရေးထိုးခဲ့ကြတာပါ။ ဒါမေပဲ့ ပြီးခဲ့တဲ့ နှစ်နွေရာသီက စတင်ပြီး ပြောင်းလဲမှုတွေဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ပထမဦးစားပေး ဂိုးသမား ဖြစ်မလာနိုင်တော့ဘူးဆိုတာ ကျွန်တော်နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းက ထွက်ခွာဖို့ အချိန်ကောင်းလို့ မထင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ အဖြေက ရှင်းရှင်းလင်းလင်းဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို အရန်ခုံမှာ အချိန်မဖြုန်းချင်ပါဘူး။ ဒါကြောင့် စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းက ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ နည်းပြတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အလုပ်အတူတူ တွဲဖက်လုပ်ကိုင်ခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ချယ်လ်ဆီး ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးအသင်းအတွက် အရာရာပေးဆပ်ခဲ့သလို ပရိသတ်တွေကလည်း သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်ပေးခဲ့ပါတယ်။ ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရင်ထဲမှာ အမြဲ ရှိနေမှာပါ' ဟု ပီတာချက်က ပြောဆိုခဲ့သည်။

ထို့အပြင် ပီတာချက်က အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်စီမံကိန်းများနှင့် ပထမကစားသမားနေရာ အာမခံချက်များကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly