လူထုပါတီ လူထုလွှတ်တော် လူထုအစိုးရ

လူထုပါတီ လူထုလွှတ်တော် လူထုအစိုးရ

မတ် ၁၀၊ ၁၁ ရက်များသည် မြန်မာပြည်သူအများစု စိတ်ချမ်းသာခဲ့ရသော သမိုင်းဝင်နေ့ရက် များ ဖြစ်ပါသည်။ ဤရက်ကို လူထုသည် မျှော်လင့်ခဲ့ရသည်မှာ ရာစုနှစ်ဝက်ကျော် ကြာမြင့်ခဲ့သည်။ အကြောင်းမှာ စစ်အာဏာရှင်များကသာ လူထုဆန္ဒကို ဂရုမစိုက်ဘဲ တိုင်းပြည်ကို အဆင့်ဆင့်လက်လွှဲ အုပ်ချုပ်ခဲ့သောကြောင့် ဖြစ်ပေသည်။

နှစ်ပေါင်း ၅၀ ကျော်ကြာအောင် မြန်မာလူထုသည် ငြိမ်ဝပ်ပိပြားစွာဖြင့် မသေရုံတမယ် ရှင်သန် နေထိုင်ခဲ့ရသည်။ စစ်အာဏာရှင်များအောက်တွင် မြန်မာနိုင်ငံ၏ အဆင့်အတန်းအားလုံး မြေခခဲ့ရသည်။ သို့သော်ငြား စစ်အာဏာရှင်များ၊ ၎င်းတို့၏ အနွယ်တော်များနှင့် ပေါင်းစားဖားစားသူ ခရိုနီများ၊ စစ်အာဏာရှင် နောက်မြီးဆွဲများကား မတရား ချမ်းသာခဲ့ကြသည်။

စစ်အာဏာရှင်များ မစိုးမိုးမီက မြန်မာသည် အာရှဒေသတွင်းတွင် လည်းကောင်း၊ ကမ္ဘာ့ အဆင့်အတန်းတွင်လည်းကောင်း ဂုဏ်သိက္ခာ မြင့်မြင့်မားမားနှင့် ခေါင်းပေါင်းစတလူလူဖြင့် ရှင်သန် ခွင့်ရခဲ့ကြသည်။ ကုလသမဂ္ဂ၏ ပထမဆုံးအာရှသား အတွင်းရေးမှူးရေးချုပ်သည် မြန်မာ့ ဦးသန့်ဖြစ် သည်။

ဗြိတိသျှ ကိုလိုနီလက်အောက်ရှိ တက္ကသိုလ်ကျောင်းသား ကျောင်းသားသမဂ္ဂ ခေါင်းဆောင် များဖြစ်သော နောင်မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် နောင်ဝန်ကြီးချုပ် ဦးနု တို့သည် မြန်မာကိုကျော်၍ ဒေသတွင်း ခေါင်းဆောင်မှုစွမ်းရည်များကို ပြသနိုင်ခဲ့ကြသည်။

စစ်အာဏာရှင်များက မြန်မာကို အုပ်စီးခဲ့ပြီးနောက်တွင် မြန်မာ့ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး စသည်တို့သည် အဖက်ဖက်မှ ယုတ်လျော့ကျဆင်းခဲ့ပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ စာရင်းဝင်ခဲ့သကဲ့သို့ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်များစာရင်းသို့လည်း ရောက်ရှိခဲ့လေသည်။

တိုင်းပြည်၏ မျိုးစုံကြွယ်ဝသော သဘာဝသယံဇာတများသည် ထင်သလို စီမံခန့်ခွဲခြင်းခံခဲ့ရပြီး စစ်အာဏာရှင်များနှင့် အဆက်အနွယ်များသာ ရယူသုံးစွဲနိုင်ခဲ့ကြသည်။ မိဘပြည်သူများကား ဆင်းရဲ တွင်းသို့ ကျရောက်ခဲ့ရသည့်အပြင် နှစ်ပေါင်းများစွာ မိမိတို့ လက်ငုတ် လုပ်ကိုင်စားသောက်ခဲ့ကြသော လယ်ယာမြေများမှာ စစ်အာဏာရှင်များနှင့် အပေါင်းပါများ၏ မတရားသိမ်းယူခြင်းကို ခံခဲ့ရသဖြင့် သေဆုံးခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ထောင်ကျခြင်း၊ ဘဝပျက်ခြင်း၊ လူစဉ်မမီခြင်း စသည့်ဒုက္ခများကို ခံစားနေကြရသည်။

ယခုတော့ မြန်မာများ ဝဋ်ကျွတ်ပေတော့မည်လားဟု ယုံကြည်ရသည်။ မျှော်လင့်ချက်ရောင် ခြည်များ တရက်ပြီးတရက် လင်းသထက် လင်းလာနေပုံရသည်။ လူထုပါတီ အင်န်အယ်လ်ဒီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် အင်န်အယ်လ်ဒီ လွှတ်တော်များကို ဖွဲ့စည်းနိုင်ခဲ့သည်။ မတ် ၁၀၊ ၁၁ တွင် အင်န်အယ်လ်ဒီ လွှတ်တော်များက ဒုတိယ သမ္မတနှစ် ဦးဖြစ်သော ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ကို အပြီးသတ် ရွေးချယ် တင်မြှေက်နိုင်ခဲ့သည်။

ပြည်သူများ မလိုလား လက်မခံဘဲ စစ်အာဏာရှင်များ အလိုကျ အချိန်ယူ ရေးဆွဲပြီး အတင်း အဓမ္မ အတည်ပြု ပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသော အခွင့်အရေးများကို မလွတ်တမ်း အရ အမိရယူကြမည့် စစ်တပ်သည် စစ်တပ်ကိုယ်စားပြု ဒုတိယသမ္မတတဦး (ဗိုလ်ချုပ်ကြီးဟောင်း)ကိုလည်း တင်မြှောက်လိုက်ကြသည်။

မည်သို့ဆိုစေ လူထုပါတီသည် လူထုလွှတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ပြည်သူ့အသံကို ထပ်ဟပ်နိုင်မည့် ပြည်သူ့လွှတ်တော်အသွင် ပီပြင်စေရန် တဆင့်ချင်း ကြိုးပမ်းဖော်ဆောင်နေသည်ကို လေ့လာတွေ့ရှိရသည်။ လူထုအအစိုးရကိုသာ လိုအပ်ပေတော့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကာ အခွင့်အရေး ရယူကြမည့် စစ်တပ်ကို ထည့်သွင်း၍ အစိုးရသစ်ကို ဖွဲ့စည်းရသည့်တိုင် ပြီးခဲ့သည့် နှစ်ပေါင်း ၅၀ ကျော် က ထွက်ပေါ်ခဲ့ဖူးသည့် စစ်အာဏာရှင် အစိုးရများနှင့် မတူသော (စစ်တပိုင်းအစိုးရဟု ခေါ်ချင်ခေါ်ပါ လေ) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အားပေး၊ ကူညီ၊ ပံ့ပိုး၊ ဖြည့်ဆည်းပေးမှုနှင့်အတူ သမ္မတဦးထင်ကျော် ဦးဆောင်သည့် လူထု အစိုးရတရပ်ကိုသာ မကြာမီရက်ပိုင်း၌ ဖွဲ့စည်းနိုင်ခဲ့မည် ဆိုလျှင် လူထုပါတီ၊ လူထုလွှတ်တော်နှင့် လူထုအစိုးရများကို ပိုင်ဆိုင်ခွင့်ရကြတော့မည့် လူဖြစ်ကျိုးနပ်သော မြန်မာလူထုကို တွေ့မြင်လာရဖွယ် ရှိသည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly