ပြည်တွင်း ဆန်စျေးမြင့်၊ ပြည်ပ ပို့ဆန် စျေးထိုုးကျ

ပြည်တွင်း ဆန်စျေးမြင့်၊ ပြည်ပ ပို့ဆန် စျေးထိုုးကျ

ပြည်တွင်းဆန်ဈေးနှုန်းတွေ မြင့်တက်ခဲ့သော်လည်း  ပြည်ပမှ ဝယ်ယူသည့် ဈေးနှုန်းများမှာ ဆန်တစ်တန်လျှင် ဒေါ်လာ ၆၀ နီးပါးထိကျဆင်းသွားသည့်အတွက် ပြည်ပတင်ပို့မှု   လျော့ကျသွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဘဏ္ဍာရေးမှူး ဦးအောင်မြင့်က ပြောသည်။

“ပြည်ပကို ဆန်တင်ပို့မှုလျော့ကျရတဲ့ အကြောင်းရင်းထဲမှာ ပြည်တွင်းဆန်ဈေးတက်တာအပြင် ပြည်ပက ဈေးနှုန်း လျော့ပေးလိုက်တာကြောင့်လည်းပါတယ်။ မနှစ်က ၂၅ မှတ်တန်ဆန်တစ်တန်ကို   ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၈၀ ထိ ရတယ်။ အခုတော့ တစ်တန်ကို ဒေါ်လာ ၃၂ ၀ ပဲပေးတယ်”ဟု ပြောသည်။

တစ်ဆက်ထဲမှာပင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် ၃သိန်းကျော်ခန့် လျော့ကျသွားကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌက ဆိုသည်။

ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ပြည်ပသို့ဆန်တန်ချိန် ၁ ဒသမ ၈၃ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်ကုန်ရန် ရက်ပိုင်းအလိုထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့်သာ တင်ပို့နိုင်သေးကြောင်း ၎င်းက ပြောသည်။
 
“ကျွန်တော်တို့ ဒီနှစ်ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၂ သန်းနီးပါး တင်ပို့နိုင်ဖို့ ခန်မှန်းထားပေမယ့် ပြီးခဲ့တဲ့နှစ်က ပြည်တွင်းမှာ မိုးရွာသွန်းတာရော၊ ရေကြီးတာတွေရော ဖြစ်တော့ ပြည်တွင်း ဆန်ဈေးတွေတက်တဲ့အပြင် နွေစပါးအထွက်နှုန်း လျော့နည်းသွားတဲ့အတွက် တင်ပို့မှုလျော့ကျသွားတာပါ”ဟု ပြောသည်။
 
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ဆန် ၇၀ ရာခိုင်နှုန်းခန့်သည် တရုတ်သို့ မူဆယ်မှတစ်ဆင့် တင်ပို့နေတာဖြစ်ပြီး အာဖရိက၊ ဥရောပနိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့ကို  ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေလမ်းကြောင်းမှ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ဒသမ၄ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ဒသမ၂ သန်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁ဒသမ၈သန်း တင်ပို့နိုင်ခဲ့သည်။

လက်ရှိ ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ချောအမျိုးအစားဖြစ်သည့် ပေါ်ဆန်းဆန်များမှာ တစ်အိတ်လျှင် ၅,၀၀၀ ဝန်းကျင် နှင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး ဆန်ကြမ်းအမျိုးအစားများဖြစ်သည့် ဧည့်မထဆန်များမှာ နွေစပါးများသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာပြီးဖြစ်သဖြင့် ယခင် တစ်အိတ်လျှင် ကျပ် ၂၃၀၀၀ ခန့်မှ လက်ရှိတွင် ကျပ် ၂၀,၅၀၀ ခန့်သို့ လျော့ ကျသွားကြောင်း
ဝါးတန်းကုန်စည်ဒိုင်မှ သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly