ချယ်လ်ဆီးအသင်းမှ ကစားသမားကိုးဦးခန့် ထွက်ခွာဖွယ်ရှိနေ

ချယ်လ်ဆီးအသင်းမှ ကစားသမားကိုးဦးခန့် ထွက်ခွာဖွယ်ရှိနေ

မတ် ၁၁၊ လန်ဒန် ။         ။ လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံရှုံးခဲ့ပါက ကစားသမားကိုးဦးခန့် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့် ၁၀ တွင်ရပ်တည်နေပြီး အဆင့်လေးနေရာမှအသင်းနှင့် ၁၀ မှတ်ကွာဟလျက်ရှိသည်။ ပြီးခဲ့သည့်ကြားရက်ကလည်း ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းမှာ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရမည့်အရေးနှင့် ရင်ဆိုင်ရလျက်ရှိပြီး အသင်း၏ အဓိက ကစားသမားများဖြစ်သော ဟက်ဇက်၊ အော်စကာ၊ မာတစ်နှင့် ရီမီတို့မှာ အသင်းမှ ထွက်ခွာရန် သေချာသလောက်ရှိနေသည်ဟု သတင်းများက ဆိုသည်။

ထို့အပြင် ချယ်လ်ဆီးအသင်း၏ အဓိက တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ စပိန်သို့ပြန်ရန် ဆန္ဒရှိနေပြီး ဒဏ်ရာများနှင့် ရုန်းကန်နေရသည့် ဖယ်လ်ကာအိုကိုလည်း ချယ်လ်ဆီးက စာချုပ်သက်တမ်း တိုးမည့် အခြေအနေတွင် မရှိသည်ကို တွေ့ရသည်။

အသင်းခေါင်းဆောင် တယ်ရီကိုလည်း ယခုအချိန်အထိ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းမရှိသေးသည့်အတွက် ရာသီအကုန်တွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသလို ပက်ဒရိုနှင့် ပါတိုတို့မှာလည်း လန်ဒန်ကလပ်တွင် ဆက်ရှိနေရန် မသေချာပေ။

ယခုနှစ်ရာသီတွင် ခြေစွမ်းပြနေသည့် ဝီလျံကို ချယ်လ်ဆီးက စာချုပ်သက်တမ်းတိုးလိုသော်လည်း ဘရာဇီးတောင်ပံကစားသမားက အသင်းမှ ထွက်ခွာရန်သာ ရွေးချယ်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း၊ Daily Express

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly