ဘန်ဂလူရူအသင်းကို အိမ်ကွင်းတွင်အနိုင်ကစားရန် ကစားသမားများ ယုံကြည်နေဟု ဧရာဝတီနည်းပြဆို

ဘန်ဂလူရူအသင်းကို အိမ်ကွင်းတွင်အနိုင်ကစားရန် ကစားသမားများ ယုံကြည်နေဟု ဧရာဝတီနည်းပြဆို
AFC Cup အုပ်စုပွဲစဉ်အဖြစ် ဧရာဝတီအသင်းနှင့် လာအိုတိုယိုတာအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။ (ဓါတ်ပုံ AUFC)

မတ် ၁၀၊ ရန်ကုန်။             ။ ၂၀၁၆ AFC Cup အုပ်စုအဖွင့် ၂ပွဲတွင် ၁ပွဲနိုင်၊ ၁ပွဲရှုံးရလဒ်ရရှိထားသော မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက် အသင်းအနေဖြင့် အုပ်စုတတိယပွဲအဖြစ်ကစားရမည့် အိန္ဒိယကလပ် ဘန်ဂလူရူနှင့်ပွဲကို အနိုင်ကစားရန်ယုံကြည်နေသည်ဟု နည်းပြ ဦးကျော်လွင်ကပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းမှာ အုပ်စုအဖွင့်ပွဲတွင် မလေးရှားကလပ် ဂျိုဟိုးအသင်းကို အဝေးကွင်း၌ ၈-၁ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့သော်လည်း ဒုတိယပွဲတွင်လာအိုတိုယိုတာအသင်းကို အိမ်ကွင်း၌ ၄-၂ဂိုးဖြင့်အနိုင်ကစားနိုင်ကာ အုပ်စုဒုတိယနေရာတွင်ရပ်တည်နေသည်။ “ကစားသမားတွေအားလုံး လက်ရှိအချိန်မှာယုံကြည်မှုမြင့်တက်နေပါတယ်။ ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ အိမ်ကွင်းနှစ်ပွဲအနိုင် ကစားနိုင်ဖို့ကို ပြင်ဆင်နေပါတယ်။ လာအိုတိုယိုတာနဲ့ပွဲကစားပုံအရဆိုရင် ဘန်ဂလူရူကိုအနိုင်ရဖို့ မခက်ပါဘူး။”ဟု ဧရာဝတီနည်းပြ ဦးကျော်လွင်ကပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းနှင့်ဘန်ဂလူရူတို့ပွဲကို ဧပြီလ ၁၆ရက်တွင်ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲအနိုင်ရခဲ့ပါက ဧရာဝတီအသင်း   နောက်တစ်ဆင့်တက်ရန်   မျှော်လင့်ချက်ပိုမိုအားကောင်းလာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly