ပြည်သူတို့ စိတ်မချမ်းမြေ့ဖွယ်ဖြစ်စေသည့် နေ့စဉ်သတင်းများ

ပြည်သူတို့ စိတ်မချမ်းမြေ့ဖွယ်ဖြစ်စေသည့် နေ့စဉ်သတင်းများ

ယခုတလော နေ့စဉ်ထုတ်သတင်းများ၊ အပတ်စဉ်ထုတ် စာစောင်များတွင် သတင်းတချို့မှာ လူတွေ ပိုပြီး စိတ်ဝင်စားမှုဖြစ်စေသည်ဟု ဆိုရပါမည်။ ဥပမာအနေနှင့် ပြောရလျင် ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းတို့ ပိုင်ဆိုင်ထားသည့် မြေကွက်ပေါင်း တစ်ထောင်ကျော် ပဲခူးတိုင်းအတွင်းမှာ ရှိတယ်ဟူသောသတင်းနှင့် တရုတ်က မြစ်ဆုံရေကာတာစီမံကိန်းအတွက် တရုတ်က မြန်မာတာဝန်ရှိသူတွေကို  ဒေါ်လာဘီလီယံချီ လာဘ်ထိုးခဲ့သလားဟူသော သတင်းဆောင်းပါးမျိုး ဖြစ်သည်။

အမှန်စင်စစ် စာနယ်ဇင်းတို့တွင် ပြည်သူတို့ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ ပညာပေးမှုများနှင့် ပြည်သူတို့ သိချင်နေသည့် သတင်းများကို ဖော်ပြတင်ပြပေးရသည့်အလုပ်ကို လုပ်ကိုင်ရသည့် မဟာတာဝန် ရှိပါသည်။ ထို့ကြောင့်ပင် တိုင်းပြည်အကျိုးစီးပွား ထိခိုက်စေပြီး လူတစ်စု အကျိုးစီးပွားကို ဖြစ်ထွန်းစေသည့် သည်လိုသတင်းမျိုးကို မချွင်းမချန် ထုတ်ဖော်တင်ပြရမည့် တာဝန်မှာ စာနယ်ဇင်းတို့၏ တာဝန်ဖြစ်သည်။ ထို့ပြင် ပြည်သူများအနေဖြင့်လည်း သည်လိုသတင်းမျိုးကို မလွဲမသွေ သိချင်ကြ သိသင့်ကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။

သည်ကြားထဲ မူးယစ်ဆေးဝါးဟာ လက်နက်ကိုင်အားလုံးရဲ့ အသက်သွေးကြောတစ်ခုဖြစ်တယ်ဆိုတဲ့ သတင်းမျိုးကလည်း ပြည်သူတွေကို စိတ်မချမ်းမြေ့စေသည့် သတင်းမျိုး ဖြစ်သည်။ ခြုံငုံပြီးပြောရလျင် ယခုတလော ကြားကြရ ဖတ်ကြရသည့်သတင်းများမှာ ပြည်သူတို့ရဲ့စိတ်ကို ညစ်ညူးစေ စိတ်မချမ်းမြေ့စေသည့် သတင်းများက အများစု ဖြစ်နေလေသည်။

သည်လိုသတင်းများ ထွက်ပေါ်နေသည့် တချိန်တည်းမှာပင် မိမိတို့တိုင်းပြည်၏ အခြေအနေမှာ အဘက်ဘက်မှ ယိမ်းယိုင်ယိုယွင်းနေသည့် အချိန်ဖြစ်နေသည်။ အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် ရှေ့ဆုံးတန်းမှ ရပ်နေသည်။ ကျန်းမရေး အညံ့ဖျင်းဆုံး တိုင်းပြည်များစာရင်းတွင် ဒုတိယ ဖြစ်နေသည်။ ဘိန်းစိုက်ပျိုးမှု အများဆုံးစာရင်းတွင် အာဖဂန်နစ်စတန်နိုင်ငံပြီးလျှင် မိမိတို့ တိုင်းပြည်က ဒုတိယလိုက်နေသည်။

သည်လို တိုင်းပြည်၏ အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေများမှာ အထက်ပြောခဲ့သည့် သတင်းအချက်အလက်များနှင့် ဆက်စပ်လျက်ရှိပါသည်။ ထိုနည်းတူ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံတနိုင်ငံအဖို့ ယခုလို ဆင်းရဲဒုက္ခနှင့် ပြဿနာပေါင်းစုံ လုံးထွေးနေရခြင်း ကိစ္စမှာလည်း အထက်ပါ စာနယ်ဇင်းများတွင် ပါရှိသည့် ပြည်သူတို့ စိတ်မချမ်းမြေ့စေသည့် သတင်းများနှင့် ဆက်စပ်လျက်ရှိပါသည်။

မြစ်ဆုံရေကာတာ စီမံကိန်းရယ်လို့ မဟုတ်ပါ။ နိုင်ငံခြားရင်းနီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံရပ်ခြား လုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်သည့်လုပ်ငန်းများ၊ နိုင်ငံခြားမှ တင်သွင်းသော သွင်းကုန်လုပ်ငန်းများ အစရှိသည့် အင်မတန် ထုထည်ပမာဏကြီးလှသည့် တိုင်းပြည်နှင့်ချီသည့် လုပ်ငန်းကြီးများတွင် တိုင်းပြည် တာဝန်ရှိသူများ အဂတိလိုက်စား ဖောက်ပြန်ကြသည့် သတင်းမျိုးမှာ ဒီမိုကရေစီနိုင်ငံများထက် အာဏာရှင်နိုင်ငံများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အာဏာရှင်နိုင်ငံများမှ အာဏာအလွဲသုံးစား ပြုလုပ်သူနှင့် အဂတိလိုက်စားသူများသည် သူတို့၏ တာဝန်မဲ့မှုနှင့် အဂတိ လိုက်စားမှုများကို အာဏာဖြင့်ပင် အကာအကွယ် ယူထားလို့ ရသောကြောင့် ဖြစ်သည်။ သူတို့လုပ်သမျှ ပွင့်လင်းမြင်သာဖို့မလိုပဲ ပြည်သူတို့ လက်လှမ်းမမီသော နေရာများမှတဆင့် ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြသည်။

ဒီမိုကရေစီနိုင်ငံများတွင်မူ အရာရာ အထူးသဖြင့် တိုင်းပြည်နှင့်ပတ်သက်သော သတင်းများမှာ ကြာရှည်ထိမ်ချန်ထားလို့ မရသလို မိမိရဲ့ အခွင့်အာဏာကို ခုတုံးလုပ်ကာ တိုင်းပြည်နှင့်ချီသော အဂတိလိုက်စားမှု ပြုကြသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လို့ ရပါသည်။ ဤဖြစ်ရပ်နှင့် ဤလုပ်ရပ်များ မဖြစ်ရလေအောင်လည်း ဥပဒေဖြင့်ပင် တားဆီးထားလို့ ရပါသည်။

ယခုမူ မိမိတို့နိုင်ငံမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းကာစ အချိန်ဖြစ်သဖြင့် အထူးသဖြင့် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်တည်းဟူသော စနစ်နှစ်ခုစလုံးကို ရောထွေး ကိုင်စွဲရှေ့တိုးသွားနေရသော အချိန်ဖြစ်သဖြင့် တိုင်းပြည်နှင့်ချီသော အဂတိလိုက်စားမှုများ၊ တာဝန်မဲ့မှုများကို ထိရောက်စွာ ဥပဒေအရ အရေးမယူနိုင် မကာကွယ်နိုင်သေးဟူ၍ ယူဆနိုင်ပါသည်။

သို့သော်ငြားလည်း ယင်းအနိဌာရုံသတင်းများ အဖြစ်အပျက်များ သို့မဟုတ် ပြည်သူတို့ စိတ်မချမ်းမြေ့စေသည့် သတင်းများ အဖြစ်အပျက်များမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာသည်နှင့် တပြိုင်နက် လျှော့ပါးသေးငယ်သွားစေမည်မှာ သေချာကြောင်း မဇ္ဈိမက လုံးဝဥဿုံ ယုံကြည်မိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly