အိန္ဒိယအာဏာရပါတီ၏ အမျိုးသမီးဝန်ကြီးလေးဦး အပြင်းအထန်ဝေဖန်ခံနေရ

အိန္ဒိယအာဏာရပါတီ၏ အမျိုးသမီးဝန်ကြီးလေးဦး အပြင်းအထန်ဝေဖန်ခံနေရ

နယူးဒေလီ၊ ဇွန်-၂၉ ။         ။ အိန္ဒိယတွင် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၏ အစိုးရကို မတည်မငြိမ်ဖြစ်စေသည့် ပထမဆုံးသော ကြီးမားသည့် အကျပ်အတည်းမှာ ၎င်း၏ပါတီတွင် အမျိုးသမီးခေါင်းဆောင် ၄ဦး ပါဝင်နေခြင်းပင်ဖြစ်သည်။

အမျိုးသမီးနိုင်ငံရေးသမားများကို ဗဟိုပြုဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရန် အာဏာရ ဘရာတိယ ဇနတပါတီ (BJP)အပေါ် ဖိအားမှာ ကြီးထွားလာနေလျှက်ရှိသည်။

 အမျိုးသမီးခေါင်းဆောင် ၄ယောက်စလုံးမှာ ယောကျ်ားလွှမ်းမိုးသည့် လူ့ဘောင်တစ်ရပ်တွင် အရေးပါသောနေရာများကို အတိုက် အခိုက်များကြားမှ ရအောင်ယူခဲ့ကြသည့် သတ္တိရှိသည့် နိုင်ငံရေးသမားများပင်ဖြစ်သည်။

ဆက်ရှမာ ဆွာရက်မှာ အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်ပြီး၊ ဝဆန်ဒါရာ ရာဂျေးမှာ အိန္ဒိယအနောက်ပိုင်း ရာဇက်သန်ပြည်နယ်၏ ဝန်ကြီးချုပ်တစ်ဦးပင် ဖြစ်သည်။

သူမတို့နှစ်ယောက်စလုံးကို အိန္ဒိယ ဝရမ်းပြေး လာလစ် မိုဒီအား ယူကေသို့ ခရီးသွားခွင့်စာရွက်စာတန်းများ ရရှိအောင် ကူညီပေး ခဲ့သည်ဟု မီဒီယာက စွပ်စွဲနေသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရကလည်း စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ခြင်းမရှိသကဲ့သို့ အမျိုးသမီးခေါင်းဆောင်နှစ်ယောက် စလုံးကလည်း လာလစ်မိုဒီနှင့် နီးစပ်မှုကို ငြင်းပယ်ခြင်းမရှိခဲ့ပေ။

''ဒါပေါ့ အဲဒီမိသားစုကို ကျွန်မသိတာပေါ့။ ဒီလိုနီးစပ်ကြောင်းကို ပြောဖို့ဝန်မလေးပေမယ့်လည်း ရှင်တို့ပြောနေကြတဲ့ စာရွက် စာတန်းတွေအကြောင်းတော့ ကျွန်မ မသိပါဘူး''ဟု ရာဂျေးက ပြောကြားခဲ့သည်။.

သူမတို့နှစ်ဦးစလုံး၏ ခုခံချေပချက်မှာ အားနည်းသော်လည်း အာဏာရ ဘီဂျေပီပါတီကမူ အမျိုးသမီးခေါင်းဆောင်နှစ်ယောက် စလုံးကို နှုတ်ထွက်ခိုင်းရန် (သို့မဟုတ်) ထုတ်ပစ်ရန် အကြောင်းမရှိဟု အပြည့်အ၀ ရပ်တည်ပေးပါသည်။ ''နှစ်ယောက်စလုံး အစွန်းအထင်းမရှိပါဘူး''ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီး အာရွန် ဂျိတ်တလေးက ပြောသည်။  

သီးခြားဖြစ်ရပ်တစ်ခုတွင်လည်း လူသားအရင်းမြစ်ဖွံ့ဖြိုးမှုဝန်ကြီး ဆမ်ရီတီ အီရန်နီမှာ ပညာရေးမှတ်တမ်း အချက်အလက်အမှား များ တင်သွင်းခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသည်။ ရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီ၏ ရာဟူး ဂန္ဒီကိုပင်လျှင် အန်တုဖက်ပြိုင်လာခဲ့သည့် ရဲရင့်ပြတ်သားသော အီရန်နီတွင် ဆင်းရဲသားနင်းပြားဘဝမှ ချမ်းသာလာခဲ့သည့် ဘဝနောက်ခံရှိခဲ့ရာ အိန္ဒိယဝန်ကြီးချုပ်နှင့် ဘဝတူဟုပင် သူမက ဂုဏ်ယူဝင့်ကြွား ပြောဆိုလေ့ရှိခဲ့သည်။  

နောက်ထပ် အပြင်းအထန်ဝေဖန်ခံနေရသည့် စတုတ္တမြောက် အမျိုးသမီးနိုင်ငံရေးသမားမှာ အိန္ဒိယအနောက်ပိုင်း မဟာရက်ရှ ထရပြည်နယ်မှ ပြည်နယ်ဘီဂျေပီဝန်ကြီးူ ပန်ကာဇာ မန်ဒီဖြစ်ပြီး၊ ဒေါ်လာ ထောင်ပေါင်းများစွာတန်သည့် လုပ်ငန်းတစ်ခုကို တင်ဒါ မခေါ်ပဲ ခင်မင်ရင်းနှီးရာ ပေးပစ်သည်ဟု စွပ်စွဲခံနေရသည်။

ပြိုင်ဘက် ကွန်ဂရက်ပါတီကမူ သူတို့ အပြစ်ကင်းကြောင်းကို သက်သေမပြနိုင်လျှင် ယောကျ်ားမိန်းမ မခွဲခြားဘဲ၊ အမျိုးသမီးခေါင်းဆောင်များကို အလုပ်ထုတ်ပစ်သင့်သည်ဟု ယူဆနေသည်။

''သူတို့က အမျိုးသမီးတွေဆိုတာထက်ပိုအရေးကြီးတာက ဝန်ကြီးတွေပါ။ ဝန်ကြီးတွေဆိုတော့ အမှားကျူးလွန်ရင် တရားဥပဒေနဲ့ အစိုးရက ထိုက်သင့်သလို အရေးယူရမှာပါ''ဟု ကွန်ဂရက်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှိုဘာ အိုဇာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly