နေရပ်စွန့်ခွာ ပြောင်းရွှေ့နေသူများ အရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမှုအားနည်း

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေသူများ အရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမှုအားနည်း
ကချင်ပြည်နယ် လိုုင်ဇာမြို့ရှိ ကချင်စစ်ပြေးဒုုက္ခသည်စခန်းဖြစ်သည့် ဂျေးယန်းဒုုက္ခသည်စခန်းရှိ ဒုုက္ခသည်ကလေးငယ်အားဇူလိုုင်လ ၂၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံု - မင်းမင်း (မဇ္စျိမ)

ချင်းမိုင်၊ မတ် ၉ ။               ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေလုပ်ငန်းကော်မတီ(UPWC)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့ သဘော တူညီချက်များတွင် ပါဝင်သော နေရပ်စွန့်ခွာ ပြောင်းရွှေ့နေသူများ(IDP's)နှင့် ပတ်သက်၍ ယခုထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးသလို၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမှု အားနည်းနေသည်ဟု KIO က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

၂၀၁၃ ခုနှစ်အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်ထိ UPWC မှ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် KIO မှ ဆရာကြီး ဦးဆွမ်းလွှတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက်များ အပြည့်အစုံကိုလည်း ထုတ်ပြန်ခဲ့ပြီး ယင်းသဘောတူညီချက်ထဲမှ IDP's များ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ လိုင်ဇာမြို့တွင် မတ် ၉ ရက်က လူထုရှင်းလင်းပွဲ ပြုလုပ်၍ သဘောထားထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“IDP တွေ နေရပ်ပြန်ဖို့ကိစ္စ ပူပန်နေကြတယ်။ ကျနော်တို့ကို မေးချင်တာ အများကြီးရှိတာပေါ့လေ။ အဲဒါကြောင့် နေရပ် စွန့်ခွာတဲ့ လူထု ပြန်ဖို့ကတော့ ကျနော်တို့ ကေအိုင်အိုတစ်ဖွဲ့တည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ နိုင်ငံတော် အစိုးရနဲ့ သဘောတူ ညီချက်ရရမယ်။ နှစ်ဖက် သဘောတူမှဘဲ နေရပ်ပြန်ဖို့ ကိစ္စက စဉ်းစားလို့ရတယ်။ ဆွေးနွေးလို့ ရတယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြည်သူလူထုကို အသိပေးတာပါ”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူက ပြောသည်။

နယ်မြေ လုံခြုံရေး အခြေအနေအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာအရပ်သို့ ပြန်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အခြေခံရမည့် မူများနှင့် စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရန် နှစ်ဖက် အဖွဲ့များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့် သက်ဆိုင်ရာဌာနများက ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန်နှင့် အနည်းဆုံး ရွာ ၄ ရွာကို ရွေး ချယ်ပြီး ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်းအကောင်အထည် ဖေါ်သွားရန် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က သဘောတူညီခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ ၁ သိန်းကျော်(၁၀၀၃၇၂) ဦး ရှိပြီး ဒုက္ခသည်စခန်းပေါင်း (၁၂၃)ခုတွင် ခိုလှုံနေသည်ဟု KIO က ထုတ်ပြန်ထားသည်။

လက်ရှိ KIO မှ ဖွဲ့စည်းထားသော နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများကူညီစောင့်ရှောင်ရေးကော်မတီ (IDP's and Refugee Relief Committee -IRRC)မှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လိုအပ်သည့် ကိစ္စများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags