ခယောင်းလမ်းအလွန်က အမျိုးသမီး ဒေသန္တရအုပ်ချုပ်ရေးမှူးများ

09 March 2016
ခယောင်းလမ်းအလွန်က အမျိုးသမီး ဒေသန္တရအုပ်ချုပ်ရေးမှူးများ

ပညာတတ်တစ်ယောက်လို့ဆိုရလောက်အောင် အတန်းပညာ မြင့်မြင့်မား တက်ရောက်ခဲ့ဖူးသူလည်း မဟုတ်၊ ငွေကြေးချမ်းသာသူလည်း မဟုတ်တဲ့ အမျိုးသမီးတစ်ဦးကို ဒေသန္တရ အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်လိုက်တယ်ဆိုတာမျိုးက မဖြစ်နိုင်ဘူးလို့ တွေးကောင်း တွေးနေကြပါလိမ့်မယ်။ ဒါပေမယ့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ညှင်းမော်ရွာက ဒေါ်ချိုချိုစန်းကတော့ ဒီအတွေးတွေကို ရိုက်ချိုးပစ်လိုက်ပါပြီ။ ညှင်းမော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ချိုချိုစန်းက  အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့အလုပ်ကို အခုလို စတင်ရှင်းပြပါတယ်။

အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက်ဆိုရင် ကိုယ့်ရပ်ရွာ ကိုယ့်လူထု ကိုယ့်အသိုင်းဝိုင်းထဲက လူတွေက ဘယ်လိုနေထိုင်သလဲ၊ ဘယ်လို စားသောက်နေသလဲ ၊ ဘယ်လောက်ထိ အနစ်နာခံနေရသလဲ ဆိုတာကို ကိုယ်တိုင်ဆင်းပြီးတော့ ကြည့်စေချင်တယ်။ ခုံပေါ်မှာထိုင်ပြီးတော့ နင်တို့ သွားကြည့်လာခဲ့ ငါ့ကိုတင်ပြ ဆိုတာမျိုး ကျွန်မ မဖြစ်စေချင်ဘူး။ ကျွန်မ လိုချင်တာကတော့ တိတိကျကျပေါ့၊ ကိုယ့်မျက်စိနဲ့ မြင်တာထက်ကတော့ ဘာမှ တိတိကျကျ ပြောလို့မရနိုင်ဘူးလေ။ အဲဒီတော့ သေသေချာချာ ဆင်းပြီးတော့ ကွင်းဆင်းပြီး လေ့လာစေချင်တယ်။   သေသေချာချာလိုက်ပြီးတော့ ကြည့်သင့်တယ်လို့ ကျွန်မ အဲလိုလူမျိုးကို အုပ်ချုပ်ရေးမှူးကောင်းလို့ ကျွန်မ သတ်မှတ်ပါတယ်ရှင့်။

အဲတုန်းကတော့ ကျွန်မ ရိုးရိုး သာမန်လူတစ်ယောက်ပေ့ါ့နော်။ ကျွန်မတို့ရွာမှာ အဲဒီလိုမျိုးရေနံချက်စက်ရုံလုပ်မယ်ဆိုတာနဲ့ အသက်ကြီးပိုင်းတွေကဆို သေတဲ့သူကသေတယ်။ နေမကောင်းဖြစ်တဲ့သူက   နေမကောင်းဖြစ်တယ်။ အရမ်းစိတ်ထိခိုက်နေတဲ့ အချိန်မှာ ကျွန်မ ဘယ်လိုမှ မခံစားနိုင်ဘူး။ ဘယ်သူကမှလည်း ရှေ့ထွက်ရဲတဲ့သူ သတ္တိရှိတဲ့သူလည်း မရှိခဲ့ဘူး။ ရှေ့မထွက်ရဲကြဘူး။ အဲလိုနေလို့ကတော့ ငါတို့က မျိုးပြုတ်သွားလိမ့်မယ်ပေါ့။ အဲတော့ ကျွန်မ မားမားမတ်မတ် ရှေ့ကိုထွက်သွားတယ်။ တိုက်ထုတ်မှပဲ ရတော့မယ်ဆိုပြီးတော့ ကျွန်မတို့ တိုက်ရခြင်းဖြစ်တာပေါ့နော်။

ကျွန်မ ပညာအရည်ချင်းကတော့ လေးတန်း ငါးတန်းပေါ့နော်။ ပညာအရည်အချင်းကတော့ အဲလောက်ရှိပါတယ်။ ဒါပေမယ့် ကျွန်မက မိသားစုထဲက အကြီးဆုံးဆိုတော့ ကျွန်မ ဦးစီးပြီးတော့ ယိုးဒယားမှာ အလုပ်ထွက်လုပ်ရတယ်။ ယိုးဒယားပြီးတာနဲ့ ကျွန်မ မလေးရှားထိ အလုပ်ဆက်လုပ်ရတာပေါ့နော်။ အဲမှာ မိဘအတွက် ကိုယ့်မောင်နှမတွေ အတွက်ဆိုတော့ သူတို့ရဲ့ ပညာရေးတွေ ကြည့်ရှုရတာလေ။

ဒေါ်ချိုချိုစန်းရဲ့လုပ်ရည်ကိုင်ရည်နဲ့ပတ်သက်ပြီး ကျေးရွာသူတစ်ဦးကလည်း သူ့ကိုအားကျတဲ့အကြောင်း သူနဲ့တွဲပြီး အလုပ်လုပ်တဲ့အကြောင်း အခုလို ရှင်းပြပါသေးတယ်။

ကျွန်မ အားကြိုးမာန်တက် မချိုစန်းတို့နဲ့ သွားလုပ်တဲ့ အချိန်မှာပေါ့နော်။ ကျွန်မယောက်ျားက ကျွန်မကို တားတာပေါ့။ မနွဲ့ရေ အဲအလုပ်က နင်တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ တစ်ရွာလုံး နင်တစ်ယောက်တည်း အဲလို ဖြစ်လို့မရဘူးပေါ့။ ကျွန်မကပြောတယ် အဲအချိန်မှာ ကျွန်မမှာ ယောက်ျားလည်းမရှိဘူး။ ဆွေမျိုးလည်းမ ရှိဘူးပေါ့။ ကျွန်မ ရဝက ဝင်မယ့်အရာ ကျွန်မ သေချင်သေပါစေပေါ့။ ကျွန်မ အဲလို ကျွန်မ ချတယ်။ မချိုစန်း လည်း အခု ရပ်ရွာလူကြီးမင်း ဖြစ်တဲ့ အချိန်မှာ ဓမ္မစကူးတွေ ရပ်ရွာမှာ လမ်းတွေ နောက်ပြီးတော့ ကျန်းမာရေးတွေ ကူညီစောင့်ရှောက်တယ်။

နောက်တော့ ဒေါ်ချိုချိုစန်းဟာ ကျေးရွာလူထုဆန္ဒနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာတဲ့အကြောင်း ဒေါ်ချိုချိုစန်းကပဲ ပြောပြပါတယ်။

ကျွန်မရဲ့ လုပ်ရည်ကိုင်ရည် ကို ရွာကလူတွေက သိတယ်လေ။ ကျွန်မက ရဲရင့်တယ်။ ပြတ်သားတယ်။ မှန်မှန်ကန်ကန်လုပ်တတ်တယ်ဆိုတော့ သူတို့ရှေ့မှာလဲ အလုပ်တွေ က အမြဲတမ်း လုပ်မိတယ်။ ဒီလိုအလုပ်မျိုးတွေက ပရဟိတတွေနဲ့ အားလုံးက ဒွန်တွဲနေတာပေါ့နော်။ လိုအပ်တဲ့ဟာတွေက ဘယ်လမ်းကဖြစ်ဖြစ် အပေါက်ဖာပေးတတ်တဲ့ အကျင့် တွေ ရှိတယ်။ ကျွန်မတို့ရွာ ပြဿနာဖြစ်တော့မယ့် ဆဲဆဲမှာ လက်လှမ်းမီသွားတာ ပေါ့နော်။ အဲမှာ ရွာကနေပြီးတော့ အုပ်ချုပ်ရေးမှူးအဖြစ်ကို မဲဆန္ဒနဲ့ ရွေးလိုက်ခြင်း ဖြစ်ပါတယ်။

အဲဒီ မဲရွေးပြီးသွားတဲ့ အချိန်မှာပဲ ကျွန်မ အကြီးဆုံ စိန်ခေါ်မှုနဲ့ တွေ့ခဲ့ရတယ်။  ဘယ်လိုစိန်ခေါ်လိုက်သလဲဆိုတော့ ကျွန်မ အမျိုးသမီးဖြစ်နေတဲ့အတွက် အုပ်ချုပ်ရေးမှူး မဖြစ်သင့်ဘူး။ လမ်းဘေးမှာ ဈေးရောင်းနေတဲ့အတွက် အုပ်ချုပ်ရေးမှူး မဖြစ်သင့်ဘူး။ ပြီးတော့ ပိုက်ဆံမရှိဘူး။ သူတို့နည်းမျိုးစုံနဲ့ ကျွန်မကို နိုင်ငံခြားထွက်သွားဖူးတဲ့လူမို့ အုပ်ချုပ်ရေးမှူး မလုပ်သင့်ဘူးဆိုတာတို့။ ကျွန်မကို အဲသလိုမျိုးတွေ စိန်ခေါ်တာပေါ့။

ကျွန်မရဲ့စိတ်ကိုက အမြဲတမ်း ကိုယ်တစ်ယောက်တည်း ငယ်ငယ်ကတည်းက ကိုယ်တစ်ယောက်တည်း ချမ်းသာချင်တဲ့ ဇောတွေ မရှိဘူး။ တစ်ယောက်တည်းကို မကြည့်ဘူး ကိုယ့်နောက်က လူကို အမြဲတမ်းကြည့်တယ်။ အခုဆိုရင်တော့ အရင်ကတော့ ကိုယ့်နောက်ကလူ ကိုယ့်ရဲ့ မိသားစုကို ကြည့်တာပေါ့။ အခုလက်ရှိကတော့ ကိုယ့်နောက်က ကိုယ့်ရဲ့ တစ်ရွာလုံးကို ကြည့်ရတာပေါ့။ တစ်ရွာလုံးရဲ့ စိတ်ဆင်းရဲမှုက ကိုယ်တွေက ခံစားလို့ရတယ်လေ။

တစ်ချို့ အမျိုးသမီးတွေက တော်တော် အနှိမ်ခံရတာတွေ ရှိတယ်နော်။ တစ်နိုင်ငံလုံးနဲ့ ယှဉ်လိုက်ရင် တစ်ချို့ အမျိုးသမီးတွေက အရမ်းကို နှိပ်စက်ခံရတာတွေ ရှိတယ်။ တစ်ချို့အိမ်မှာဆို အမျိုးသမီးနဲ့ အမျိုးသားဆို အမျိုးသားကို ဦးစားပေးတာ ရှိတယ်။ ကျောင်းတက်တာကအစ အစားအသောက်ကအစ အဝတ်အစားကအစ အကုန်လုံးပေါ့။ နင်က မိန်းကလေးမို့လို့ ငါသမီးက မိန်းကလေးမို့လို့ ၆တန်း ၇တန်း တော်ပြီပေါ့။ နင့်အစ်ကိုကြီးက အလုပ်လုပ်ကျွေးရမှာ အဲတာ နင့်အစ်ကိုကြီးအတွက် ဦးစားပေးလိုက်ပါ။ အစားအသောက်တွေကအစ နင့်အစ်ကိုကြီးက ကျောင်းတက်နေရတာ ပင်ပန်းလို့ သမီးက အိမ်မှာ အလုပ်လုပ်ရတာဆိုတော့ အဆင်ပြေတာလေးနဲ့စား ယောက်ျားလေးဆိုပြီးတော့ ဦးစားပေးတာ ရှိတာပေါ့နော်။ ပညာရေးမှာလည်း ဒီအတိုင်းပဲလေ။

အခုဆိုရင်ကြည့်အုံး အမျိုးသားနဲ့ အမျိုးသမီး အမှတ်တွေကအစ ကွာဟသွားတာလေ။ ကျွန်မ အဲလိုမျိုး မ ဖြစ်စေချင်တာပေါ့။ ဘယ်အရာပဲ ဖြစ်ဖြစ် တန်းတူဖြစ်စေချင်တာ။ အမျိုးသမီးလည်း သက်တစ်ချောင်းပဲ အမျိုးသားလည်း သက်တစ်ချောင်းပဲ။ ဒါပေမယ့် အဲဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ တန်းတူညီတူ ဖြစ်စေချင်တာ ကျွန်မရဲ့ ရင်ထဲက ဆန္ဒပေါ့။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ဓါးမြချောင်းကျေးရွာအုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဝင်းသန်းကလည်း ဘဝတူ အခြား အုပ်ချုပ်ရေးမှူးအမျိုးသမီးတွေကို အခုလိုပဲ အမှာစကားပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်နေတဲ့ အမျိုးသမီးတွေကို အစ်မအနေနဲ့ ပြောချင်တာက ကိုယ့်ကိုကိုယ် အရည်ချင်းရှိအောင်ကြိုးစားပါ။ ပြည်သူလူထုပေါ်မှာ တကယ်စေတနာထားပါ။ နောက်ပြီးတော့လည်း နိုင်ငံရေးကိုလည်း စိတ်ဝင်စားပါ။ လူမှုရေးလုပ်ချင်ရင် နိုင်ငံရေးရှိမှ လူမှုရေးလုပ်လို့ရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လည်း ရဲရဲဝင့်ဝင့်နဲ့ ရင်ဘောင်တန်းပြီး ငါတို့ ဒီတာဝန်တွေကို ယူနိုင်တယ်။ အဲလိုမျိုးပဲ စိတ်ဓာတ်ကိုတွေးပြီးတော့ ရဲရဲဝင့်ဝင့်နဲ့လုပ်ပါ။ ဖြစ်ပါတယ်။ အစ်မကတော့ ကြိုဆိုပါတယ်။ လုပ်ပါလို့လဲ တိုက်တွန်းပါတယ်။

နောက်တခါ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် ၆ ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဝင်းခက်ကလည်း အမျိုးသမီးတွေရှေ့တန်းထွက် အလုပ်လုပ်လာတာနဲ့ပတ်သက်ပြီး အခုလို ဖွင့်ဟပြောဆိုပါတယ်။

 တကယ်တမ်းတော့ နိုင်ငံတော်အပေါ်မှာပေါ့နော်။ နိုင်ငံတော်နဲ့ ကိုယ့်ရပ်ရွာ အပေါ်မှာပေါ့။ စိတ်စေတနာသန့်သန့်နဲ့သာ လုပ်မယ်ဆိုလို့ရှိရင်တော့ နိုင်ငံတော်အတွက် ကောင်းပါတယ်။ ကျား မ ခွဲခြားတဲ့စနစ်ဆိုတာလည်း သိပ်မရှိတော့ဘူးလေ။  မရှိတော့ဘူးဆိုတော့ တကယ်တမ်း ကျား၊မ တန်းတူတာ ပါလာမယ်ဆိုရင် နိုင်ငံတော်ရဲ့ ပုံရိပ်လည်း အင်မတန် လှပသွားမှာပါ။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မြတ်စုခိုင်ကလည်း အမျိုးသမီးတွေ စံပြအနေနဲ့ အလုပ်လုပ်ကြဖို့ ပြောဆိုထားပါတယ်။

အစ်မအနေနဲ့ အခုအုပ်ချုပ်ရေးမှူး အဖြစ် ပါဝင်လာခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်လည်းစံနမူနာပြ လုပ်ပေးနေတယ်။ အဲတာကိုကြည့်ပြီးတော့ သူတို့လည်း ငါတို့လည်း လုပ်နိုင်ပါတယ်ဆိုတဲ့ စိတ်ကလေးထည့်ပြီးတော့ လုပ်ကြည့်ကြပါ။ ကြိုးစားကြပါ။ တစ်ချိန်ချိန်မှာတော့ နေရာဆိုတာ ရလာမှာပါလို့ ပြောချင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မြို့မရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သီတာဝင်းကလည်း အမျိုးသမီးတွေ နိုင်ငံတော်အဆင့်အထိ အလုပ်လုပ်ကြဖို့ အခုလို တိုက်တွန်းပါတယ်။

မီးဖိုချောင်ထဲမှာ အိမ်အလုပ်လုပ်ရင်း ဟင်းချက် ဘာချက်နဲ့ပဲ အချိန်မကုန်ဘဲနဲ့ပေါ့နော်။ ကိုယ့်ရဲ့ ရပ်ကွက်ပြည်သူတွေရဲ့ အကျိုး၊ မြို့နယ်တွေရဲ့ အကျိုး ပြီးတော့ ဒီနိုင်ငံတော်အထိ အဆင့်ဆင့် ပါဝင်ပြီးတော့ အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင်တော့ ဒါဟာ အားလုံးအတွက် နိုင်ငံအတွက်လည်း အကျိုးရှိမယ်။ ကိုယ့်ရဲ့မြို့နယ် ကိုယ့်ရဲ့ ရပ်ရွာအတွက်လည်း အကျိုးရှိမယ်လို့ အစ်မကတော့ မျှော်လင့်ပါတယ်။ အမျိုးသမီးတွေလည်း ပါဝင်လာနိုင်ပါစေလို့ အစ်မကတော့ ဆုတောင်းပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly