ဝါရှင်တန်၊ မတ်၊ ၉ ။ ။ ပြီးခဲ့သည့်အပတ်က တိုက်ခိုက်ခဲ့သော လေကြောင်းထိုးစစ် တစ်ခုအတွင်းတွင် ISIS အကြမ်းဖက်အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကိုသတ်ဖြတ်နိုင်ခဲ့ပြီဟု ယူဆရကြောင်း အမေရိကန်စစ်တပ်မှ အရာရှိများက ပြောကြားလိုက်သည်။
သောကြာနေ့က ဆီးရီးယားနိုင်ငံ၊ အယ်လ်ရှက်ဒါဒီမြို့ကို ပစ်မှတ်ထားတိုက်ခိုက်သည့် လေကြောင်းထိုးစစ်အတွင်းတွင် အိုမာ ' The Chechein ' ဟုလူသိများသည့် ISIS ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ခြင်း ရှိ၊မရှိကို အတည်ပြုနိုင်ရန် အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များက စစ်ဆေးလျှက်ရှိသည်။
ယခုသုတ်သင်နိုင်လိုက်ပြီဟု ယူဆရသော ISIS ခေါင်းဆောင်၏ နာမည်အပြည့်အစုံမှာ အဘူအိုမာအယ်လ်ရှီရှန်နီ ဖြစ်ပြီး ISIS အဖွဲ့၏ ထိပ်သီးခေါင်းဆောင်တစ်ယောက်ဖြစ်ကာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆုငွေ အမေရိကန် ဒေါ်လာ ၅ သန်းထုတ်ထားသူလည်း ဖြစ်သည်။
အိုမာအယ်လ်ရှီရှန်နီသည် တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝကျွမ်းကျင်သူဖြစ်ပြီး ၎င်းမရှိတော့ပါက ISIS အဖွဲ့သည် နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများကို စည်းရုံးသိမ်းသွင်းရာတွင်နှင့် ပူးပေါင်း တိုက်ခိုက်မှုစွမ်းရည်ပိုင်းတွင် လျော့ကျ သွားမည်ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရပုဂ ္ဂိုလ် ပီတာကွတ်ခ် က ပြောကြားသည်။
သောကြာနေ့က လေကြောင်းထိုးစစ်အတွင်းတွင် ရှီရှန်နီနှင့်အတူ ISIS တိုက်ခိုက်ရေးသမား ၁၂ ဦးကိုပါ သုတ်သင်နိုင်ခဲ့သည်ဟု ယူဆရကြောင်းလည်း ပီတာကွတ်ခ် က ပြောကြားသည်။
ရှီရှန်နီသည် ၂၀၁၃ ခုနှစ်တွင် ISIS အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ရက်ကာမြို့အနီးရှိ နိုင်ငံခြားသား ဓါးစာခံများ ကို ဖမ်းဆီးထားရာ အကျဉ်းထောင်တစ်ခုကို ကြီးကြပ်သူ ဖြစ်လာခဲ့သည်။
ရှီရှန်နီသည် ၂၀၁၄ ခုနှစ်က အီရတ်မှနေ၍ ဆီးရီးယားသို့ လက်နက်နှင့်ယာဉ်များပို့ဆောင်ရန် ညွှန်ကြားခဲ့ဖူးပြီး ISIS အဖွဲ့၏ မြောက်ပိုင်းဒေသတပ်မှူးအဖြစ်သတ်မှတ်ခံရသူလည်း ဖြစ်သည်။