အိုဘားမား၏ဖိတ်ခေါ်မှုကို အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ငြင်း

အိုဘားမား၏ဖိတ်ခေါ်မှုကို အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ငြင်း

ဝါရှင်တန်၊ မတ်၊ ၈ ။            ။ ယခုလကုန်ပိုင်းတွင် နှစ်နိုင်ငံအကြားဆွေးနွေးမှု များပြုလုပ်ရန်အတွက် အမေရိကသို့လာရောက်ရန် အမေရိကန်သမ္မတ အိုဘားမား၏ ဖိတ်ခေါ်မှုကို အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ငြင်းဆန်လိုက်သည့်အပေါ်အံ့သြမိသည်ဟု အိမ်ဖြူတော် က ထုတ်ပြန်လိုက်သည်။

ဝန်ကြီးချုပ်နေတန်ယာဟု၏ငြင်းဆန်မှုမှာ အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒင်၏ အစ္စရေးခရီးစဉ်မတိုင်မီတွင် အစ္စရေးနှင့် အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များကြား ဆက်ဆံရေးအေးခဲနေမှုကို ဖော်ပြနေသည့် လက္ခဏာများအနက်မှ တစ်ခု ဖြစ်လာခဲ့သည်။

မတ်လ၊ ၁၇ ၊ သို့မဟုတ် ၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ရန် အစ္စရေးအစိုးရက တောင်းဆိုခဲ့သည်ကို အိမ်ဖြူတော်ဘက်က ၂ ပတ်နောက်ဆုတ်ပြီး မတ်လကုန်ပိုင်းတွင် ပြုလုပ်မည်ဟု အကြောင်းပြန်ခဲ့သည်ဟု အိမ်ဖြူတော် အရာရှိများက ပြောကြားသည်။

'' နှစ်နိုင်ငံတွေ့ဆုံပွဲတစ်ရပ်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့အစ္စရေးဝန်ကြီးချုပ်က ကျွန်တော်တို့ရဲ့ အစီအစဉ်ကိုငြင်းဆန်လိုက်ကြောင်းနဲ့ သူ့ရဲ့အမေရိကခရီးစဉ်ကိုပါဖျက်လိုက်ကြောင်း မီဒီယာတွေမှာ သတင်းတွေတက်လာတော့ ကျွန်တော်တို့ အံ့သြသွားခဲ့ရပါတယ် '' ဟု အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နက်ဒ်ပရိုက်စ် က ပြောကြားသည်။

အီရန်နှင့်အခြားကမ္ဘာ့နိုင်ငံကြီးများအကြား နျူကလီးယားသဘောတူညီချက်ရရှိခဲ့မှုနှင့် ပတ်သတ်ပြီး အမေရိကန် နှင့် အစ္စရေးတို့ နှစ်ဖက်သဘောထားကွဲလွဲမှုများရှိခဲ့သည်။

အီရန်နှင့် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီမှုရယူခဲ့ခြင်းကို အစ္စရေးက ဆန့်ကျင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုက အစ္စရေးနိုင်ငံကို ၁၀နှစ်တာ ကာကွယ်ရေးအကူအညီများပေးအပ်မည့် အစီအစဉ်သစ်တစ်ရပ် ပေါ်ထွက်လာခဲ့သည်။

လက်ရှိအချိန်တွင် အမေရိကန် နှင့် အစ္စရေးတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ယခင်ကကဲ့သို့ ပြန်လည် ခိုင်မာအားကောင်း လာစေရန် အဖြေရှာလျှက်ရှိပြီး အမေရိကန်ဒုသမ္မတဂျိုးဘိုင်ဒင်သည် လာမည့်အင်္ဂါနေ့တွင် အစ္စရေးသို့ အလည်အပတ် ခရီးစဉ် သွားရောက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly