လွန်ခဲ့သည့်နှစ်က ၀န်ကြီးချုပ် နာဂျစ်ကို ပြန်ပေးဆွဲရန် အိုင်အက်စ်စစ်သွေးကြွများ ကြံစည်ခဲ့

လွန်ခဲ့သည့်နှစ်က ၀န်ကြီးချုပ် နာဂျစ်ကို ပြန်ပေးဆွဲရန် အိုင်အက်စ်စစ်သွေးကြွများ ကြံစည်ခဲ့

ကွာလာလမ်ပူ၊ မတ် ၈ ။            ။ လွန်ခဲ့သည့်နှစ်က ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် အခြားအကြီးတန်းဝန်ကြီးများအား ပြန်ပေးဆွဲမည့် အိုင်အက်စ်စစ်သွေးကြွအုပ်စု၏ အကြံအစည်တစ်ခုကို မလေးရှား ရဲတပ်ဖွဲ့က ပျက်ပြားအောင်ဆောင်ရွက်နိုင်ခဲ့သည်ဟု မလေးရှားဒု-ဝန်ကြီးချုပ်က မတ် ၈တွင် ပြောသည်။

ယင်းစစ်သွေးကြွများသည် အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာကို တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီး ယင်းသို့တိုက်ခိုက်ရန်အတွက် ဖောက်ခွဲရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ကာ စမ်းသပ်မှုများပြုလုပ် ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သည့် အာမက်ဇာဟစ်ဟာမီဒီက ပြောသည်။

၂၀၁၅ ဇန်နဝါရီ ၃၀က အိုင်အက်စ်နှင့် ဆက်နွှယ်နေသည့် လူ ၁၃ ဦးသည် ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးအပါအဝင် နိုင်ငံခေါင်းဆောင်များကို ပြန်ပေးဆွဲရန် ကြံစည်မှုများရှိခဲ့ကြောင်း အိုင်အက်စ်၏ ခြိမ်းခြောက်မှုအား အစိုးရကကိုင်တွယ်မှုနှင့် ပတ်သက်သည့် မေးခွန်းတစ်ခုကို ဖြေကြားသည့်အနေဖြင့် အာမက်ဇာဟစ်က ပြောကြားခဲ့သည်။

"ပူထရာဂျာယာကိုလည်း တိုက်ခိုက်ဖို့ အစီအစဉ်တစ်ခုရှိခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီအုပ်စုဟာ ဖောက်ခွဲရေးပစ္စည်းတွေကို ပြင်ဆင်ပြီးစမ်းသပ်ဖောက်ခွဲခဲ့ပါတယ်"ဟု ဇာဟစ်က ပြောသည်။ နိုင်ငံတွင် အိုင်အက်စ်အဖွဲ့ကောင်းကောင်းမရှိသော်လည်း မလေးရှားရှိ လူတစ်ချို့မှာ သြဇာလွှမ်းမိုးခံနေရကာ ဆီးရီးယားရှိ အိုင်အက်စ်ကွန်ရက်၏ အမိန့်များကို နာခံလျက်ရှိကြောင်း ၎င်းကထပ်ပြောသည်။

မွတ်စလင်အများစုရှိသော မလေးရှားသည် ကြီးမားသည့်တိုက်ခိုက်ခံရမှုနှင့် ကြုံတွေ့ရခြင်းမရှိသော်လည်း ၂၀၁၅ခုနှစ်ကတည်းက စစ်သွေးကြွလှုပ်ရှားမှုများတွင် ပါတ်သက်သည်ဟု သံသယဖြစ်သောသူ အနည်းဆုံး ၁၆၀ကို ဖမ်းဆီးထားသည်။ ၎င်းတို့အနက် ၇ ဦးမှာ အိုင်အက်စ်အဖွဲ့ငယ်တစ်ခုတွင် ပါဝင်သည်ဟု ယုံကြည်ရသည်။

၂၀၁၄ စက်တင်ဘာနှင့် ၂၀၁၅ မေကြားက အိုင်အက်စ်အဖွဲ့ဝင်များသည် နိုင်ငံတစ်ဝန်း ကြီးမားသည့် တိုက်ခိုက်မှုကြီး လေးခုပြုလုပ်ရန်စီစဉ်ခဲ့ကြပြီး ၎င်းတို့ထဲတွင် မြို့တော်ကွာလာလမ်ပူ၊ ပူထရာဂျာယာနှင့် ကီဒါပြည်နယ်တို့ပါဝင်သည်။ အစီအစဉ်များတွင် စစ်စခန်းများမှ လက်နက်များခိုးယူခြင်း၊ ဗုံးများပြုလုပ်ခြင်း၊ ငွေများခိုးယူခြင်းနှင့် ပြန်ပေးငွေ ရရေးပြည်နယ်ခေါင်းဆောင် များကို ပြန်ပေးဆွဲခြင်းတို့ပါဝင်သည်။

တိုက်ခိုက်မည့်နေရာများတွင် ဖျော်ဖြေရေးစင်တာများ၊ရှီးယိုက်ဗလီတစ်ခု၊ ဗုဒ္ဓဘာသာကျောင်းတစ်ခုအပါအဝင် ဘာသာရေးအဆောက်အအုံများပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly